ကြေးနီတောင်မှာ ပြဿနာတွေ တပုံကြီး ကျန်နေသေးတယ်
စိန်သံလုံး
အခု ပြဿနာဖြစ်နေတဲ့ ကြေးနီစီမံကိန်းမှာ အလွဲသုံးစားမှုကြီးတခု ဖြစ်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ခုချိန်ထိ အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိသေးဘူး။ လက်ပန်းတောင်းတောင်အနီးက ကျေးရွာပေါင်း ၂၀ ကျော်က တောင်သူလယ်သမားတွေထက် တိုင်းပြည်နဲ့ လူထု ပိုပြီး နစ်နာလှတဲ့ အလွဲသုံးစားမှုကြီးက ကြောက်ခမန်းလိလိပါပဲ။
တောင်သူလယ်သမားတွေက လယ်ယာမြေ အသိမ်းခံရတဲ့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ဒဏ်ကြောင့် နစ်နာဆုံးရှုံးကြပါတယ် (လောလောဆယ် ရေချိုတွေ ပျက်စီးကုန်ပြီ)။ မြန်မာပြည်သူလူထုကတော့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ကျပ်သန်းပေါင်း ၂,၇၀၀ ကျော် တန်ဖိုးရှိတဲ့ ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစားမှုကြီးကို ကျူးလွန်ခဲ့ကြလို့ ပိုပြီး နစ်နာကြတာပေါ့။
ပြဿနာ စခဲ့တာက သတ္တုတွင်းဝန်ကြီးဌာနနဲ့ အိုင်ဗင်ဟိုကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခဲ့ရာမှ ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ကို လွှဲပြောင်းပေးအပ်ဖို့အတွက် ၂၀၁၀ ဒီဇင်ဘာ ၃၁ ရက် ည သန်းခေါင်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၁ ခု ဇန်န၀ါရီလ ၄ ရက်နေ့အထိ တရားမ၀င် စက်တွေ လည်ပတ်စေပြီး (ရှင်းရှင်းပြောရရင် စက်ကို ခိုးသုံးတာပေါ့) သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူတွေက ကြေးနီတန်ချိန် ၃၃၈.၉၃၂ တန်ကို အလွဲသုံးစားလုပ်ပြီး ထုတ်လုပ်ခဲ့ကြောင်း ၀န်ထမ်း ၄၆ ဦးက ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီးကို တိုင်ကြားခဲ့ပေမယ့် အကြောင်းမထူးတာကြောင့် နိုင်ငံတော်သမ္မတထံ ဆက်လက် တိုင်ကြားခဲ့ကြောင်း သိရပါတယ်။
အဲဒီအလွဲသုံးစားမှုကို အရေးယူ ဆောင်ရွက်ပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဖေသိန်းက ဆားလင်းကြီး ရဲစခန်းမှာ (ပ) နံပါတ် ၂၈၅/၂၀၁၁ နဲ့ တိုင်ကြားခဲ့ပေမယ့် တနှစ်နီးပါး ကြာလာတဲ့တိုင်အောင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိသေးတာဟာ မရိုးသားမှုတခု ဖြစ်နေတယ်။ အလွဲသုံးစားလုပ်တဲ့အထဲမှာ တာဝန်ရှိတဲ့ လူကြီးပိုင်းက ပါဝင်နေတာမို့ ဒီကိစ္စကို ပေါ့ပေါ့ဆဆ ကိုင်တွယ်နေတယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီကြေးနီစီမံကိန်းက ခိုးထုတ်လာတဲ့ ကြေးနီ တန် ၃၀၀ ကျော်ကို ရန်ကုန်မြို့အထိ သယ်လာနိုင်တာကို ကြည့်ရင် တာဝန်ကြီးကြီး ရှိသူတွေ ပါဝင်နေတာကို ငြင်းလို့မရနိုင်ဘူး။
အဲဒီကြေးနီအလွဲသုံးစားမှုကြီးကို THE VOICE ဂျာနယ်က ဖော်ထုတ်ရေးသားခဲ့လို့ ခုချိန်ထိ တရားရုံးမှာ ရင်ဆိုင်နေရတုန်းပဲ။ ဒါပေမယ့် လက်ပန်းတောင်းတောင်မှာ ကြေးနီစီမံကိန်းကြောင့် တောင်သူလယ်သမားတွေ ပြဿနာအဖုံဖုံ ဖြစ်နေတုန်းမှာပဲ ကြေးနီစီမံကိန်း စက်ရုံမှူး ဦးအောင်လောဟာနဲ့ ကြေးနီပို့ တာဝန်ခံ ဦးကျော်ဆွေတို့ကို သြဂုတ်လ ၂၉ ရက်နေ့က ဆားလင်းကြီး ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဲဒီအလွဲသုံးစားမှုရဲ့ နောက်ကွယ်မှာ အဲဒီနှစ်ယောက်တင်မကဘူး၊ တသီတတန်းကြီး ရှိနိုင်တာမို့ သတ္တုတွင်းဝန်ကြီးဌာနက ဘာကြောင့် အခုလို အရေးယူမှုတွေ ကြန့်ကြာနေရသလဲဆိုတာ စဉ်းစားစရာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀န်ကြီးဌာန ၆ ခုရဲ့ အလွဲသုံးစားမှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့ နိုင်ငံတော်စာရင်းစစ်ချုပ် ဦးလွန်းမောင်လည်း ရာထူးက ထွက်ပေးခဲ့ရပြီ။ အဲဒီသတင်းကို ပထမဆုံး ရေးခဲ့တဲ့ THE VOICE ဂျာနယ်လည်း တရားစွဲတာ ခံနေရပြီ။ ဒါတောင် ဒီလောက်ကြီးမားတဲ့ အလွဲသုံးစားမှုကြီးကို စစ်ဆေးအရေးယူဖို့ ဘာကြောင့် ကြာနေရတာလဲ။ ပိုပြီး စဉ်းစားဖို့ ကောင်းလာပြီ။
စက်ရုံမှူး ဦးအောင်လောဟာ တယောက်တည်း လုပ်လို့ မရတာ သေချာပါတယ်။ အဲဒီစက်ရုံမှူးက အိုင်ဗင်ဟိုကုမ္ပဏီက ဖြစ်လို့ အခုလို ထိပ်ဆုံးက လွယ်လွယ်နဲ့ အရေးယူခဲ့တာပါ။ တကယ်တော့ သတ္တုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ မပါဘဲနဲ့ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ တန် ၃၀၀ ကျော် ရန်ကုန်မြို့အထိ သယ်နိုင်တာပဲ ကြည့်လေ။ သတ္တုတွင်းဝန်ကြီးဌာနကရော အပြစ်မရှိဘူးလား။ ဖော်ထုတ်အရေးယူသင့်တာပေါ့၊ တိုင်းပြည်ရမယ့် ဘဏ္ဍာ ဦးပိုင်ကုမ္ပဏီကို လွှဲပေးရလို့ နစ်နာနေရတဲ့အထဲ အဲဒီလို အလွဲသုံးစားလုပ်လို့ နစ်နာပြန်ပြီ။ ကြားလို့မှ ကောင်းသေးရဲ့လား။ အစိုးရသစ်ကို အာဏာမလွှဲမီ လုပ်ချင်ရာလုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ပဲ။
အဲဒီကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့ တောင်သူလယ်သမားတွေက တောင်းဆိုနေချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ရပ်ဆိုင်းလို့ မဖြစ်နိုင်ဘူးဆိုပဲ။ ဒီကိစ္စဟာ တိုင်းပြည် ပြည်သူလူထုအကျိုးအတွက် လုပ်နေတာမဟုတ်ဘူး။ စီးပွားရေး ဦးပိုင်ကုမ္ပဏီအကျိုးအတွက် လုပ်နေတာကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လက်ခံနေတဲ့အတွက် ဒေသခံတွေနဲ့ တောင်သူလယ်သမားတွေက ဒေါသထွက်နေကြတယ်။ အစမှအဆုံး ၀င်ရောက်ကူညီနေကြတဲ့ လူတွေ အဖမ်းခံ၊ အသေခံ၊ ထောင်ကျခံပြီး တိုက်ပွဲဝင်နေကြတဲ့ ဗကသ ကျောင်းသားတွေကိုလည်း အားနာကြပါဦး။
ကြေးနီစီမံကိန်းအသစ်ကြောင့် အလွဲသုံးစားမှုပြဿနာ၊ ဒေသခံ တောင်သူလယ်သမားတွေရဲ့ လယ်မဲ့ယာမဲ့ အိုးဖျက်အိမ်ဖျက် ပြဿနာ၊ သဘာဝပတ်ဝန်းကျင် ဘေးအန္တရယ်အတွက် စိုးရိမ်ရတဲ့ ပြဿနာတွေကို မရှင်းနိုင်သေးဘဲနဲ့ ကြားဝင်စေ့စပ်ပေးတဲ့ လူတွေကို ကျေးဇူးမတင်ဘဲ ဒေသခံတွေက နှမ်းဖြူးနေတယ်လို့ သဘောပေါက်နေကြတယ်။
ဒီလိုကိစ္စတွေမှာ နိုင်ငံရေးစကားလုံးတွေနဲ့ ချွေးသိပ်ဖျောင်းဖျနေလို့ မရဘူး၊ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ပြည်သူတောင်သူလယ်သမားတွေရဲ့ ဘ၀နဲ့ ရပ်တည်ခွင့်၊ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေ၊ အနိုင်ကျင့်နေတဲ့ လုံထိန်းနဲ့ မုံရွာက ရဲတပ်ဖွဲ့ဝင်တွေ၊ အရင်ကလို အာဏာနဲ့ မတရား အနိုင်ကျင့် အုပ်ချုပ်ချင်စိတ် မပျောက်သေးတဲ့ သာအေးလို တိုင်းမှူးဟောင်းတွေ ဆင်ခြင်ဖို့ ကောင်းပြီ။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဦးတည်ချက်က လွတ်လပ်ခြင်း၊ မျှတခြင်းတွေနဲ့အတူ ဘက်လိုက်ခြင်း ကင်းပြီး ပြည်သူလူထုတွေ စိတ်ချမ်းသာမှုရှိရေးနဲ့ ပြည်သူ့ဆန္ဒကို အဓိက ဦးတည်နေတယ်ဆိုတာ စားပြီး နားမလည်ကြတဲ့ တာဝန်ရှိသူတွေကို ပြောလိုက်ချင်ပါတယ်။
စိန်သံလုံး
6 comments:
ေ၇း ချင် သ လို ရေး
သံ လုံး ဖြစ် လိုက် သံ ပြား ဖြစ် လိုက်
နာ မည် ကို လည်း မ ဖေါ် ရဲ
ဘယ် အ ကျိုး မျော် ကိုး လို့ 
ဒေါက် တာ ဘွဲ့ ယူ တာ လဲ
ကောင်း ကောင်း ဆိုး ဆိုး
လက် တွေ့  ဆန် တဲ့ 
ကောင်း ကျိုး တစ် ခု
အ များ အ တွက်
သင် ပြုကြည့် ဖို့ 
တိုက် တွန်းလလိက် ပါ ရစေ
ခင် မင် စွာ ဖြင့် 
ကို သီ ဟ
၈၈ ကျောင်းသားတို့ ဒေါ်စု တို့ တော့ မထိကြနဲ့ ဟေ့၊ ဆတ်ဆတ်ထိ မခံတဲ့ လူတွေ က များသား၊ သူတို့ ဘာလုပ်လုပ် နေ၀င်း လက်ထက်ကလိုဘဲ အားလုံးကောင်းပါတယ် ဆိုပြီး ထောက်ခံ ကြမှ ဗျို့၊အပေါ်ဆုံး က ကောင်က အရေးသား တော်တော် နိမ့် ကိုး .....ကျနော့ န့မည် ဒေ၀ဒတ် ပါ (နာမည် အရင်းပါ)
ဘာတွေဖြစ်ဖြစ်ဗျာ၊ဒီဦးပိုင်လီမိတက်ဆိုပြီးတိုင်းပြည်ရဲ့
အဆီအနှစ်တွေကိုမောင်ပိုင်စီး၊ပြည်သူလူထုဆီက
လည်ပင်းညှစ်ဓားပြတိုက်နေကြတာ၊အဂ်လိပ်တွေဂုတ်သွေး
စုတ်တယ်ဆိုတာထက်ဆိုးတယ်ဗျို့။ဒီလိုအနိုင်ကျင့်၊လူပါးဝတာတွေကိုတိုက်ဖျက်ပြစ်ရမယ်။
sorry ပါကိုလွဏ်းဆွေရေး စိတ်နဲနဲတိုသွားလို့ပါ။ဖြတ်လိုက်တာပဲ ကောင်းပါတယ်။
တာဝန်ကိုယ်စီရှိကြသည်သိတဲ.မြင်တဲ.သူ့ကသူ့ခံယူချက်နဲ့စေတနာကိုပွင့်လင်းစွာတင်ပြထားတာပါ။
သံပြားပဲဖြစ်ဖြစ် သံလုံးပဲဖြစ်ဖြစ် သတင်းမှန်ဖို့ပဲအရေးကြီးတယ် ကြောင်ဖြူတာ မဲတာအရေးမကြီးဘူး ကြွက်မိဖို့အရေးကြီးတယ်
Post a Comment