Monday, September 3, 2012

ဒီမနက်အစောကို ဆရာချောစိတ်နဲ့ လွှတ်ချခဲ့တယ်

ဒေါက်တာလွဏ်းဆွေ
(ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ခံစားမှု)

ဘလော့လုပ်နေရင်း၊ ဖေ့စ်ဘွတ်ခ်တက်နေရင်း ဒီစက်တင်ဘာ ၃ ရက် မနက်ကို စက္ကန့်ပိုင်း စွန်းတာနဲ့ ကျနော့်အာရုံထဲ ဆရာချော မျက်နှာကြီး ဘွားကနဲ ပေါ်လာတယ်။

ဆရာချောရဲ့ အဓိပ္ပာယ်ပါတဲ့ အပြုံးတွေကို မျက်စိထဲ မြင်ယောင်လာတယ်။
ဆရာချောရဲ့ ကဗျာဆန်ဆန် စကားသံတွေကို နားထဲ ကြားယောင်လာတယ်။
ဆရာချောရဲ့ ချစ်စရာကောင်းတဲ့ အချွဲအနွဲ့တွေအပေါ် အနွံအတာခံလိုစိတ်တွေ ဖြစ်ပေါ်လာတယ်။
ဆရာချောရဲ့ ရင်ဘတ်စစ်စစ်ကြီးနဲ့ ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေကို ပြန်ဖတ်ချင်လာတယ်။
နောက်ဆုံးမှာ … ဆရာချောနဲ့ အတူတွဲသောက်ချင်စိတ်တွေ ရင်းထ (ဘိန်းစွဲသူတွေ ဘိန်းမသုံးစွဲရရင် မနေနိုင်တဲ့စိတ် ဖြစ်ပေါ်မှု) လာတယ်။

ဒါနဲ့ ဆရာချောနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ရေးဖွဲ့ဖြစ်ခဲ့တဲ့ ကဗျာနဲ့ ဆောင်းပါးကို အရင်ဆုံး ပြန်ဖတ်ကြည့်မိတယ်။ ဖတ်ကြည့်ပြီး ၂၀၀၂ က မြားနတ်မောင်မဂ္ဂဇင်းရဲ့ ‘တာဝန်ခံအယ်ဒီစကား’ ကဏ္ဍမှာ တင်ဆက်ဖြစ်ခဲ့တဲ့ “ကဗျာဆရာ မောင်ချောနွယ် (သို့မဟုတ်) ဟိမ၀န္တာကျားသစ်နက်” ဆိုတဲ့ ကဗျာကို ဘလော့မှာရော၊ ဖေ့စ်ဘွတ်ခ်မှာပါ ဆရာချောဓာတ်ပုံနဲ့ တွဲပြီး အလွမ်းပြေ ပြန်ဖော်ပြလိုက်တယ်။ ဆရာချောဓာတ်ပုံကလည်း မိုက်မှမိုက် …။ လွန်ခဲ့တဲ့ တလလောက်က ဖေ့စ်ဘွတ်ခ်ကို မွှေနှောက်ရင်း အမှတ်မထင် တွေ့ရှိပြီး ၀မ်းသာအားရ ဆွဲချခဲ့မိတဲ့ပုံပါ (အခု ဓာတ်ပုံကို Credit ပေးမယ်လုပ်တော့ ဆွဲချခဲ့မိတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက မူရင်းဓာတ်ပုံပိုင်ရှင်ရဲ့ စာမျက်နှာလား၊ တဆင့် Share ထားသူရဲ့ စာမျက်နှာလားဆိုတာ မသေချာ၊ ဆွဲချခဲ့မိတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပိုင်ရှင်ရဲ့ အမည်ကိုလည်း ကျနော် မမှတ်မိတော့။ အဲဒါကြောင့် Credit မပေးနိုင်ခဲ့တဲ့အပေါ် ဓာတ်ပုံပိုင်ရှင်ကို ဒီကနေပဲ တောင်းပန်လိုက်ရပါတယ်)။

ကဗျာကို ၁၀ နှစ်ပြည့် လွမ်းဆွတ်မှုအနေနဲ့ ဖော်ပြပြီး ဘလော့မှာ ကဏ္ဍတခုအနေနဲ့ တင်ထားတဲ့ “မောင်ချောနွယ်ကဗျာ” ဆိုတဲ့ လင့်ခ်ကိုလည်း ဆရာချောကဗျာ ဖတ်ချင်သူတွေ အလွယ်တကူ ဖတ်နိုင်အောင် ဖော်ပြပေးလိုက်တယ်။ အားလုံးပြီးသွားတော့ ကျနော် ဆရာချောရဲ့ ကဗျာတွေကို တပုဒ်ပြီးတပုဒ် အရသာခံ ထိုင်ဖတ်နေမိတယ်။ တင်ဆက်ထားတာ အားလုံး ၅၇ ပုဒ်။ လုပ်ရင်းကိုင်ရင်း ဖတ်ရင်းပြုရင်း မနက် ၃ နာရီ ကျော်သွားပေမယ့် ကျနော် အိပ်ချင်စိတ်မရှိသေးဘဲ ဆရာချောကို သတိရတဲ့စိတ်တွေ ပိုပိုရင်းထလာပြီး ဆရာချောနဲ့ အတူတွဲသောက်ခဲ့တဲ့ ညတွေတုန်းကလို မူးယစ်ရီဝေချင်တဲ့ စိတ်တွေ တားမရအောင် ဖြစ်ပေါ်လာတယ်။

ဒါပေမယ့် ကျနော်က အရက်၊ ဘီယာကို လုံးဝ နားထားတာ တနှစ်ကျော်ပြီဆိုတော့ အခန်းမှာ မူးယစ်ရီဝေစေမယ့် အရက်၊ ဘီယာက အဆင်သင့်မရှိ။ ရှိလည်း ကျနော်ကိုယ်တိုင် နားမှဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး နားထားတာဖြစ်လို့ မသောက်ချင်။ ဒါပေမယ့် ကျနော့်မူးယစ်ရီဝေချင်စိတ်ကတော့ အတော်ကလေး ရင်းထနေတယ်။

အဲဒီအချိန်မှာပဲ စိတ်ထဲ ဖျတ်ကနဲ သတိရစိတ်တခု ပေါ်လာတာနဲ့ ရေခဲသေတ္တာကို ပြေးဖွင့်မိတယ်။ စပိုင်ဝိုင်အနီ ၃ လုံး သွားတွေ့တယ်။ တရက်က မိတ်ဆွေတယောက်ကို ဧည့်ခံဖြစ်တဲ့ စားပွဲက အပြန်မှာ တခါတလေ မူးယစ်ရီဝေချင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာရင် အာသာပြေ သောက်ဖို့ဆိုပြီး ကျနော် ၀ယ်လာဖြစ်တဲ့ ၀ိုင်ပုလင်းတွေ။ ဒါပေမယ့် မနက်အစောမှာ ဟောင်းလောင်းဖြစ်ချင်နေတဲ့ အစာအိမ်အတွက် စပိုင်ဝိုင်နဲ့ တွဲသောက်ဖို့ စားစရာ ဘာအမြည်းမှမရှိ။ မနက် ၃ နာရီခွဲဝန်းကျင် ရှိနေပြီမို့ အပြင်ကို အမြည်းတခုခု ထွက်ဝယ်ချင်စိတ်လည်း မရှိတော့။ အဲဒါနဲ့ ဟိုရှာဒီရှာ ရှာရင်း ရေခဲသေတ္တာအံတခုထဲမှာ ကံကောင်းထောက်မစွာ လက်ကျန် ဘဲဥနှစ်လုံးကို သွားတွေ့တယ်။ ဒါနဲ့ ဘဲဥနှစ်လုံးကို ယူလာပြီး မကျက်တကျက် ကြော်လိုက်တယ်။ ကြော်ပြီးတာနဲ့ စပိုင်ဝိုင်ပုလင်း ၃ လုံးကို တလုံးပြီးတလုံး ဖွင့်ပြီးမော့ရင်း ဆရာချောကဗျာတွေကို ဆက်ခံစားနေဖြစ်တော့တာပဲ။ အရက်၊ ဘီယာ မသောက်တာလည်း ကြာ၊ မနက်အစော ဗိုက်ထဲမှာလည်း အစာက မရှိသလောက်ဆိုတော့ ၀ိုင်ဆိုပေမယ့် တော်တော်တော့ မူးသား။ အဲသလို ရီဝေရီဝေလေး ဖြစ်လာတော့မှ ကျနော့်စိတ်က ဆရာချောကို သတိရနေတဲ့ ရင်းထမှုတွေ ပြေပျောက်သလိုလို ဖြစ်သွားတယ်။ ကျနော့်ကိုယ်ကျနော် အကျေနပ်ကြီး ကျေနပ်သွားတယ်။

ကျေနပ်ပီတိတွေနဲ့အတူ ရီဝေရီဝေဖြစ်နေချိန်မှာ ကဗျာမပီ စာမမြည်တဲ့ ခံစားမှုတခုကို ကျနော် လက်တန်းရေးဖြစ်သွားတယ်။ ရေးဖြစ်တဲ့ ခံစားမှုကို “ဒီမနက်အစောကို ဆရာချောစိတ်နဲ့ လွှတ်ချခဲ့တယ်” လို့ အမည်ပေးလိုက်တယ်။

ဆရာချောရေ …
ဆရာချော စောစောထွက်ခွာသွားတာ ကောင်းတယ်ဗျ
မဟုတ်ရင် …
ဆရာချောမှာ
ခံစားတတ်လွန်းတဲ့ ရင်ဘတ်ကြီး ရှိပုံမျိုးနဲ့
ဖွဲ့နွဲ့တတ်လွန်းတဲ့ ကဗျာမှော်ဓာတ်တွေ ရှိပုံမျိုးနဲ့
ရွှေဝါရောင်
နာဂစ်
ညောင်နှစ်ပင် ၂၀၀၈
မြန်မာတွေ ကျွန်ဖြစ်ကြမ်းတဲ့ သက္ကရာဇ်တွေကို
အလွမ်းပိုပို ဖြတ်သန်းနေရရင်
ဆရာချော ရင်ဘတ်နှစ်ခြမ်း
ဗြန်းဗြန်းကွဲပြီးမှ သေရလေမလား
အဲဒီလို အတွေးပွားရင်း
ကျနော် မခံစားနိုင်ဖြစ်ရတယ်။
အဲဒါကြောင့် …
ဆရာချော
အခုလို
သက်တောင့်သက်သာ
စောစောထွက်ခွာသွားတာ ကောင်းပါတယ် …
‘ဂွတ်နိုက်’ လို့ နှုတ်ဆက်ရမလား
‘ဂွတ်မောနင်း’ လို့ လက်ပြရမလား
(စပိုင်ဝိုင် ၃ လုံး ဘဲဥကြော် ၂ ချပ်နဲ့)
ကျနော် အပြတ်ကောင်းနေပြီ ဆရာချော … ။ ။

(ယခုအမှတ်တရစာစုတွင် ဖော်ပြထားသည့် ပုံတူပန်းချီလက်ရာရှင်မှာ ပန်းချီကိုကိုနိုင် ဖြစ်ပါသည်။)

ဒေါက်တာလွဏ်းဆွေ
မနက် ၅း၃၁ မိနစ်

4 comments:

ngaba said...

ဒါကြောင့် အဲ့ဒီမနက်က သတင်းအသစ်တင်တာ နောက်ကျနေတာကိုး...
ဆရာချောစိတ်နဲ့ လွှတ်ချလိုက်တဲ့ ည..မနက်ခင်းလေးက အင်မတန် ကဗျာဆန်သလို.. ကျနော်တို့ကိုပါ အဲဒီ"ရင်း"က ကူးဆက်လာသလိုလို..ပါပဲ..။ ဆရာချောရဲ့ ကဗျာတွေကိုလည်း ခံစားဖြစ်သွားပါတယ်။
အနုပညာစိတ်ရှိသူတွေ၊ ဖန်တီးနိုင်စွမ်းရှိသူတွေကို.. လေးစားတယ်။ ချစ်စရာ့လူကြီးတွေပါပဲ..။

mg said...

ဆရာလွဏ်း....သူများတွေပြည်တော်ပြန်ကုန်ကြပြီ။ ပြည်တော်ပြန်ဖို့ မစဉ်းစားသေးဘူးလား။

yoo said...

ဆရာချော။ ။ " ဆရာချောနဲ့ အတူတွဲသောက်ချင်စိတ်တွေ
ရင်းထ လာတယ်..၊
အခုလို
သက်တောင့်သက်သာ
စောစောထွက်ခွာသွားတာ ကောင်းပါတယ် …
ဆို လို့  လိုက်ခဲ့ တော့မယ်..အောင်းမေ့တာ...
ဘယ်ဟုတ်လိမ့်မလဲ...

ဂွတ်နိုက်’ လို့ နှုတ်ဆက်ရမလား
‘ဂွတ်မောနင်း’ လို့ လက်ပြရမလား..ဆိုပြီး..
(စပိုင်ဝိုင် ၃ လုံး ဘဲဥကြော် ၂ ချပ်နဲ့)
ကျနော် အပြတ်ကောင်းနေပြီ..တဲ့..
ကောင်းကွာ...."

Mr. Koe said...

ဆရာချော။ ။ " ဆရာချောနဲ့ အတူတွဲသောက်ချင်စိတ်တွေ
ရင်းထ လာတယ်..၊
အခုလို
သက်တောင့်သက်သာ
စောစောထွက်ခွာသွားတာ ကောင်းပါတယ် …
ဆို လို့  လိုက်ခဲ့ တော့မယ်..အောင်းမေ့တာ...
ဘယ်ဟုတ်လိမ့်မလဲ...

ဂွတ်နိုက်’ လို့ နှုတ်ဆက်ရမလား
‘ဂွတ်မောနင်း’ လို့ လက်ပြရမလား..ဆိုပြီး..
(စပိုင်ဝိုင် ၃ လုံး ဘဲဥကြော် ၂ ချပ်နဲ့)
ကျနော် အပြတ်ကောင်းနေပြီ..တဲ့..
ကောင်းကွာ...."
The best comment...