Wednesday, September 12, 2012

ကိုင်း ... ဒီလိုပဲ ကြည့်နေကြမှာလား

ကိုင်း ... ဒီလိုပဲ ကြည့်နေကြမှာလား
စိန်သံလုံး

မုံရွာကြေးနီစီမံကိန်းမှာ ပြဿနာတွေ ဖြစ်နေတုန်းပဲ။ တော်တော်တော့ ကြာနေပြီ။ မုံရွာကြေးနီစီမံကိန်းဆိုတာ မုံရွာမြို့ရဲ့ တဘက်ကမ်း ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင်ကို ဖြိုပြီး ထုတ်လုပ်တဲ့ ကြေးနီစီမံကိန်းကို ခေါ်တာ ...။ သူ့နားမှာ စပယ်တောင်တခုလုံး ဖြိုဖျက်ပြီး ကြေးနီတွေ ထုတ်ယူပြီးသွားပြီ။ အနှစ် ၂၀ ကျော် ကြာခဲ့တယ်။ စပယ်တောင်ကိုဖြိုပြီး ကြေးနီထုတ်ခဲ့တုန်းက ဘာမှ ပြဿနာမဖြစ်ခဲ့ဘူး။ သတ္တုတွင်းဝန်ကြီးဌာနနဲ့ မြန်မာအိုင်ဗင်ဟိုကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်ခဲ့တာ။ ထားပါတော့။ အခုကိစ္စကို ပြောမယ်။

အရင်စစ်အစိုးရ အာဏာမလွှဲခင်မှာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကို သတ္တုတွင်းဝန်ကြီးဌာနက လွှဲပြောင်းပေးစေလို့ သွားလေသူကြီး ဦးသန်းရွှေက စီစဉ်ခဲ့တယ်။ သတ္တုတွင်းဝန်ကြီးဌာနက တိုင်းပြည်အတွက် အကျိုးအမြတ် ရှာပေးတာ။ စီးပွားရေးဦးပိုင်က တပ်မတော်က အရာရှိကြီးတွေ ကောင်းစားဖို့ အကျိုးအမြတ် ရှာပေးတာ။ ခုပြဿနာက ဦးပိုင်က တရုတ်ကုမ္ပဏီ ၀မ်ပေါင်ကို လွှဲလို့ ပြဿနာတက်တာ။ ရှင်းရှင်းလေး။ ဒီပြဿနာရဲ့ တရားခံက ဘယ်သူလဲ။ စဉ်းစားကြ။

သေချာပေါက် ၀င်ငွေနဲ့ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတွေကို စီးပွားရေးဦးပိုင်ကို လွှဲတယ်။ အဲဒါ အခွင့်ထူးခံတယ် ဆိုတာထက် တိုင်းပြည် ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို မတရား သိမ်းပိုက်လုယူတာ။ ရိုသားမှု မရှိဘူး။ မျှတမှု မရှိဘူး၊ တိုင်းပြည်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်မှုနဲ့ အရေးယူသင့်တယ်။ စဉ်းစားကြ။ ဘယ်သူ တရားခံလဲ။

အဲဒီစီးပွားရေးဦးပိုင်က သေချာပေါက် ၀င်ငွေကောင်းတဲ့လုပ်ငန်းတွေ လက်ဝါးကြီးအုပ်ပြီး ချုပ်ကိုင်နေတာ လူတစု ကောင်းစားဖို့အတွက်ပဲ။ လူထုကောင်းစားမှုကို အာဏာနဲ့ အနိုင်ကျင့်ခဲ့တာ လူတိုင်းသိသင့်တယ်။ ကဲ ... ကြည့်၊ ဦးပိုင်ယူထားတဲ့ လုပ်ငန်းတွေ မနည်းလှဘူး။ ကျောက်မျက်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း (မိုးကုတ် - နန့်ယန်း - မိုင်းရှူး - ဖားကန့်) သစ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကုန်သေတ္တာစခန်း၊ ကြယ်ငါးပွင့်သဘောင်္လုပ်ငန်း၊ စီးကရက်စက်ရုံ၊ ဘီယာစက်ရုံ၊ သံမဏိစက်ရုံ၊ သစ်အချောကိုင်လုပ်ငန်း၊ စားအုန်းဆီတင်သွင်းမှုလုပ်ငန်း၊ ကားတင်သွင်းမှုလုပ်ငန်း၊ တယ်လီဖုန်းလုပ်ငန်း၊ မော်တော်ယာဉ် အစိတ်အပိုင်းများ တင်သွင်းရေးလုပ်ငန်း၊ ဆည်နဲ့ တံတား တည်ဆောက်ရေးပစ္စည်း တင်သွင်းရေးလုပ်ငန်း၊ တပ်မတော်ရမ် ထုတ်လုပ်ရေးစက်ရုံ၊ ဂေါတန်ကျောက် တူးဖော်ရေးလုပ်ငန်း၊ သံချောင်းများ ပြည်ပမှ တင်သွင်းခွင့်လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ချပေးထားတယ်။ သေချာပေါက် အမြတ်အစွန်းရှိတဲ့ လုပ်ငန်းတွေကို ပြိုင်ဘက်မရှိ လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ စစ်အစိုးရလက်ထက် အမြတ်ခွန်ဆောင်ရခြင်း မရှိဘူး။ ကင်းလွတ်ခွင့် တမင်ပေးထားတော့ တိုင်းပြည် ဆင်းရဲတွင်းက မတက်တော့ဘူးပေါ့။ တိုင်းပြည်ဆင်းရဲ လူတစုချမ်းသာ စီမံကိန်းကြီးပေါ့။ အာဏာရှင်ဆိုတာ တချက်လွှတ်အာဏာနဲ့ မိမိကောင်းစားရေးကို အသုံးချတာပဲ။

အခု ပြဿနာဖြစ်နေတဲ့ နေရာမှာ သတ္တုတွင်းဝန်ကြီးဌာန လုပ်တုန်းက ပြဿနာမရှိခဲ့ပေမယ့် ၀မ်ပေါင်ကုမ္ပဏီက တော်တော် လူပါးဝတယ်။ အဲဒီကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ ဧက ၇,၈၀၀ အသိမ်းခံရတယ်။ ၃ နှစ်စာ သီးနှံလျော်ကြေးပေးပြီး ၃ နှစ်ပဲ လုပ်မလိုလိုနဲ့ တပတ်ရိုက်တယ်။ ပြီးတော့ နှစ် ၆၀ လုပ်မှာကို သိလာရတယ်။ လယ်ယာမြေတွေ ဆုံးရှုံးကြတယ်။ ကျေးရွာက လူနေအိမ်ခြေတွေ ပြောင်းရွှေ့ခိုင်းတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ ဖျက်ခိုင်းတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတယ်။ ဒါ့အပြင် စိုက်ခင်းတွေလည်း ပျက်စီးကုန်တယ်။ အဲဒီအတွက် တောင်သူတွေ လယ်သမားတွေ ဆန္ဒပြကြတယ်။ ရက်ဆက် ဆန္ဒထုတ်ဖော်ကြတယ်။ ပြကြမှာပေါ့၊ နေစရာ စားစရာ မရှိတဲ့ ဘ၀မျိုး ရောက်အောင် လုပ်ကြတာကိုး။ လုံထိန်းရဲက ရက်ရက်စက်စက် ကားနဲ့ တိုက်လို့ ဒဏ်ရာရတဲ့ ရွာသူရွာသားတွေ ရှိတယ်၊ မတရား အနိုင်ကျင့်တဲ့ ရဲတွေက တရုတ်ကုမ္ပဏီအကျိုးအတွက် လုပ်နေကြတယ်။ မြန်မာအချင်းချင်း နှိပ်စက်ခြိမ်းခြောက်ကြတယ်။ သခင်တရုတ် အားရအောင် လုံထိန်းရဲတွေက ကျွန်ပါးဝကြတယ်။ ကောင်းစားတာက လူတစု၊ နစ်နာဆုံးရှုံးတာက လူထု။ လောလောဆယ် ဆားလင်းကြီးမြို့နယ်က တောင်သူလယ်သမားတွေ စိတ်ဆင်းရဲနေကြတယ်။ တာဝန်ရှိတဲ့လူတွေ မသိတာတော့ မဖြစ်နိုင်ဘူး။ ဒီလောက် ဟိုလေးတကျော်ကျော် ပုံနှပ်မီဒီယာနဲ့ ရုပ်သံလွှင့်မီဒီယာတွေမှာ ဖတ်ရ မြင်နေရတာပဲ။

တောင်သူလယ်သမား ကျေးရွာသူ ၁၂ ဦး မုံရွာမြို့က ဆုတောင်းပြည့်ဘုရားမှာ မိမိတို့ နစ်နာဆုံရှုံးမှုအတွက် မြန်မာဗုဒ္ခဘာသာဝင်ပီပီ ဘုရားမှာ ဆုတောင်းနေတုန်းအဖမ်းခံရတယ်။ ဘုရားမှာ ဆုတောင်းတာ ရဲက ဖမ်းတယ်ဆိုတော့ တော်တော်ကို မိုက်ရိုင်းလွန်းပြီ။ မုံရွာ ဒေသခံများ၊ ရန်ကုန်မှ ကူညီသူများ၊ ဗကသ ကျောင်းသားများက ဖမ်းထားသူတွေ ပြန်လွှတ်ရေး၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုနေကြတယ်။ ရဲတွေကတော့ ပြည်သူတွေကို နှိပ်စက်ရိုက်နှက်ဖို့ အသင့်ပြင်ထားတယ်။ တရုတ်ကုမ္ပဏီအတွက် ကာကွယ်ပေးနေကြတယ်။ ကြားလို့ ကောင်းကြသေးရဲ့လား။

နိုင်ငံတော်သမ္မတက ပြည်သူတွေ နစ်နာဆုံးရှုံးမှု၊ မတရားမှုတွေရှိရင် အင်တာနက်စာမျက်နှာကတဆင့် သမ္မတရုံးကို တိုင်ကြားနိုင်တယ်လို့ စက်တင်ဘာ ၇ ရက်နေ့က ကြေညာခဲ့တယ်။ အခု လက်ပန်းတောင်းတောင်က ပြဿနာကို ရှင်းမပေးတော့ဘူးလား သမ္မတကြီးရယ်လို့ပဲ မေးလိုက်ချင်ပါတော့တယ်။ အပြစ်မဲ့ ပြည်သူတွေ တကယ်ဒုက္ခရောက်နေကြတာပါ။

စစ်ကိုင်းတိုင်းဝန်ကြီးချူပ်က အရင်က ကြမ်းခဲ့ရမ်းခဲ့တဲ့ ဗိုလ်ချူပ်သာအေး၊ အခုတော့ ဦးသာအေးပေါ့။ သူကိုယ်တိုင်က သူ့တိုင်းအတွင်းမှာ ဖြစ်နေတာ မသိတော့ဘူးလား။ မဖြစ်နိုင်ဘူး။ သူ့အကျင့်အတိုင်း နှိပ်ကွပ်နေတာ။ သူ တိုင်းမှူးဘ၀ကလည်း စစ်ကိုင်းတိုင်းမှာ မီးကုန်ယမ်းကုန် မိုက်ရိုင်းခဲ့ဖူးတာပဲ။ စာဆိုတောင် ရှိသေးတယ်။ သာအေးကို စာမရေးနဲ့တဲ့။

ဒီပဲယင်းပြဿနာ မဖြစ်ခင် မုံရွာကို လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုနိုင်အောင် တိုင်းမှူးအမိန့်နဲ့ မြို့ကို မီးဖြတ်ခဲ့တယ်။ လူထုက ဖယောင်းတိုင်ထွန်းပြီး ကြိုခဲ့တာပေါ့။ ဒါကို မကျေနပ်တဲ့ ဗိုလ်ချူပ်သာအေးက မုံရွာမြို့ကို ညပိုင်း မီးအမှောင်ချလေ့ရှိတယ်။ ဒီလိုလူကို တိုင်းဝန်ကြီးချုပ် တာဝန်ပေးခဲ့တဲ့ ဦးသန်းရွှေက အဓိက တာဝန်ရှိတယ်။ ခုပြဿနာက သူမွှေးခဲ့တဲ့ မီး တမြေ့မြေ့ လောင်နေတာ၊ ဘယ်လို ငြှိမ်းကြမလဲ။ လွန်တာတော့ တော်တော်လွန်နေပြီ။

ကိုင်း ... ဒီလိုပဲ ကြည့်နေကြမှာလား။

စိန်သံလုံး

11 comments:

Shwe Zin said...

Thank you very much for this article opening the people's knowledge.

How frightening the situation of our country is! No doubt that people are in poverty and never escaped from the poverty.

dddoe said...

ကဲပြည်သူတွေ ညီညွတ်ကြဖို့  အချိန်ရောက်ပြီ စစ်အစိုးရပေးတဲ့အရိုးတွေ ကိုက်ပြီး အမြီးနံ့ နေတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အားမကိုးဘဲ ကိုယ့်ခေါင်းဆောင်သစ်နဲ့ စည်းစည်းလုံးလုံးတိုက်ပွဲဝင်ဖို့ အချိန်ရောက်ပြီ..အားလုံးချိတ်ဆက်ထားကြပါ........

Unknown said...

လယ်သိမ်းခံရတဲ့ ပြည် သူတွေကိုကိုယ်ချင်းစာပါတယ်အမြန်ဆုံးအဆင်ပြေပါစေ

Unknown said...

ခံရတယ်ဆိုကတည်းက ခံရလောက်တဲ့အကွက်ရှိလို့ ခံရတာပါ။ အဲဒီအကွက် မရှိအောင် နေနိုင်ဖို့ (တစ်မျိုးသားလုံးချီပြသနာ) ကမိမိတာဝန်သာဖြစ်သည် ။ မစာနာလို့ပြောတာမဟုတ်ဘူး။
ဆဲချင်လဲဆဲကြတော့။

Unknown said...

ပြည် သူ က တင် မြောက် ထား ပါ တယ် ဆို တဲ့ ပြည် သူ့ အ သံ ကို နား စွံ့  နေ ပါ တယ် ဆို တဲ့ သမ္မတ ကြီး ရေ တ ကယ် ပဲ မကြား လို့  လား လက် တို့  ပြီး တော့ ပြော ရ မှာ လား သာ အေး က စာ မ ရေး လို့  လား ရွှေ မန်း က ခြေ စမ်း လို့  လား တ ယုတ် ပြည် မ သွား ခင် ရှင်း ခဲ့ စေ ချင် ပါ တယ်

Unknown said...

ယုတ် လို့  တ ယုတ် လို့  ခေါ် တာ ပေါ့ ကောင်း ရင် တ ကောင်း လို့  ခေါ် မှာ ပေါ့  သမ္မတ ကြီး နှာ စေး နေ တယ် ထင် တယ်

iban said...

ဦးသာအေးရဲ့ လုပ်ရပ်တွေ ရိုးသားမှုရှိရဲ့လား အသေအချာ စမ်းစစ်ဖို့ လိုနေပါပြီ။
အာဏာရှင် တစခန်းထချင်လို့ သမ္မတကြီးနဲ့ လွှတ်တော်အပေါ် အကောက်ကြံတဲ့ စီမံချက်လားဆိုတာ စဉ်းစားဖို့ လိုနေပါပြီ။

taryar said...

ိdddoeရေ
သူ့ထမင်းသူစားပြီးအာဏာမယူဘာမယူနဲ့
ပြည်သူတွေကိုကူညီနေတဲ့ကျာင်းသားခေါင်းဆောင်တွေကိုမနာလိုမဖြစ်ပဲနဲ့အာဏာနဲနဲရထား
တဲ့လူထုဘက်ကဆိုတဲ့အဖွဲ့ကြီးကိုအပြစ်ပြောချင်
ပြောပါ.အံ့သြစရာပဲသာအေးနဲ့သမ္နတကြီးကမတူကြဘူးလို့ထင်နေကြသူလည်း၇ှိနေတာပဲကိုး
.အောင်မြင်ပါတယ်သမ္မတကြီးရေ.မျက်လှည့်လေးတွေဆက်ပြပါဦး..

Monywa said...

မုံရွာသား-
နယ်ပယ် အသီးသီး က ပညာရှင် များနှင့် ပြည်သူ များ ခင်ဗျား.. အားလုံး ရဲ့ ညီညွတ်မှု နဲ့ ဧရာဝတီ ကို ကယ် ခဲ့ပြီးပြီ..အခု..
မုံရွာ လက်ပန်းတောင်း ကျ မှ..အိပ်ပျော်နေကြပါသလား.. ခင်ဗျား

minnminn said...

ဒီလောက်အထိ ကြန့်ကြာနေတာ အကြောင်း တစ်ခုတော့ ရှိမယ်ထင်တယ်။ စဉ်းစားတော့ လုပကြပါဗျာ။ အခုနိုင်ငံမှာ အရှေ့ အနောက် တောင် မြောက် ပူပင်နေရတာ တော်ကြာ ဦးသိန်းစိန် ခရီးထွက်တုန်း အာဏာရှင်ကြီးများ အကြိုက် ဖြစ်နေပါဦးမယ်။

aristhteinwin said...

မစားရတဲ့ အမဲသဲနဲ့ ပတ်ခဲ့တာများလား။ ဘယ်သူ့ ကိုမှ အားကိုးလို့ မရဘူး။ အထူးသဖြင့် နိုင်ငံရေးပါတီတွေပေါ့- လူထု ထံမှ မဲတော့လိုချင်တယ်။ လူထု ဒုက္ခရောက်နေတာကျတော့ မမြင်ချင်ယောင်ဆောင်နေကျတယ်။ ဒါပေမဲ့  အင်အားနဲပါးတဲ့ မတူကွဲပြား- ကို ဦးနေမျိုးဝေ တော့ ရွှေပေါက်ကံ လယ်သမာတွေ အတွက် အားနဲ့ ဝန် မမျှသော်လည်း နိုင်သလောက်လုပ်ဖေါ်ရသေးတယ်။