Monday, September 24, 2012

စေတနာသာလျှင် အားကိုးစရာ ရှိကုန်၏

စေတနာသာလျှင် အားကိုးစရာ ရှိကုန်၏
စံကွန့်

မြန်မာစာပေလောကမှာ သရော်စာ အရေးကောင်းတဲ့ ဆရာတွေထဲမှာ ‘မောင်သစ်’ လို့ ခေါ်တဲ့ ရှေ့နေ၊ တက္ကသိုလ်ဆရာ၊ အလံနီဖြစ်ခဲ့ဖူးတဲ့ ဦးကိုယုလည်း တယောက် အပါဝင် ဖြစ်ပါတယ်။

ဒီနေရာမှာ ဦးကိုယုရဲ့ နိုင်ငံရေးခံယူချက်၊ ကိုယ်ကျင့်တရား၊ အရည်အချင်းတွေအကြောင်း မပြောဘဲ ဆရာ အလွတ်သဘောပြောခဲ့တဲ့ နိုင်ငံရေးဟာသလေး တခု၊ နှစ်ခုကို သတိရလို့ ရေးပြချင်ပါတယ်။ ဆရာ ပြောတဲ့ ပုံပြင်တခုကတော့ …

ရွာတရွာမှာတဲ့ … နွားကြီးတကောင် ရွာထဲ လျှောက်သွားရင်းနဲ့ ရေအိုးစင်တွေ့တော့ ရေ၀င်သောက်ဆိုပဲ။ ရေလည်း သောက်ပြီးလို့ ဆက်သွားမယ်လုပ်တော့ ရေအိုးကြီးက နွားခေါင်းမှာ စွပ်နေသတဲ့။ ရေအိုးခေါင်းစွပ်ကြီးနဲ့ ရွာထဲ လျှောက်သွားနေတဲ့ နွားကြီးဟာ ဟိုဝင်တိုက် ဒီဝင်တိုက်ပေါ့။ ဒါနဲ့ … ရွာသားတွေကလည်း မဖြစ်ချေဘူးဆိုပြီး သူကြီးကို ပြေး အကြောင်းကြားရတာပေါ့။ မဟာပညာကျော် သူကြီးက ဆုံးဖြတ်ချက်ချလိုက်တယ်။ နွားခေါင်းမှာ စွပ်နေတဲ့ အိုးကို ရိုက်ခွဲလိုက်တဲ့။ ရွာသားတွေကလည်း နွားကြီးနောက် လိုက်ပြီး အိုးကို ရိုက်ခွဲလိုက်ကြတယ်။ အိုးက ကွဲသွားပေမယ့် အိုးရဲ့ အပေါ်ပိုင်း ဂွေကြီးက နွားလည်ပင်းမှာ စွပ်လျက်ကြီး ကျန်နေသေးတယ်။ ရွာသားတွေလည်း ဘာဆက်လုပ်ရမှန်းမသိတော့ သူကြီးဆီ ပြေးရပြန်ရော။ သူကြီး တချက် စဉ်းစားလိုက်သေးတယ်။ ပြီးမှ နွားလည်ပင်း ဖြတ်လိုက်ကွာ … တဲ့။ ရွာသားတွေလည်း ပြေးပြီး နွားလည်ပင်း ဖြတ်ရတာပေါ့။ အားလုံးကိစ္စလည်း ပြီးရော သူကြီး ရောက်လာတယ်။ အားလုံး အဆင်ပြေတယ် မဟုတ်လားဆိုတော့ ရွာသားတွေကလည်း ပြေပါတယ်ခင်ဗျပေါ့။ အိုးကွဲတွေနဲ့ နွားလည်ပင်းပြတ်ကြီး ကြည့်ပြီး သူကြီးက …

“အင်း … မင်းတို့ရွာလည်း ငါမရှိ မဖြစ်သေးပါဘူးကွာ” … တဲ့။

“တိုင်းပြည်တပြည် လွတ်လပ်ဖို့၊ ဒီမိုကရေစီရဖို့ဆိုတဲ့ ကိစ္စတွေမှာ ခေါင်းဆောင် အရေးကြီးသလို ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်၊ နိုင်ငံရေးအမြင်၊ တဘက်က ဖိနှိပ်သူရဲ့ပရိယာယ်၊ မာယာ၊ ရက်စက်မှု ဆိုတာတွေကလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတွေပါ။ ဒေါ်စုကို တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာအရာ၊ တတ်မြောက်ခဲ့တဲ့ ပညာအရည်အချင်းတွေမှာ သံသယရှိစရာမလိုပေမယ့် သူ့ရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ အမြော်အမြင်ကတော့ ခန့်မှန်းဖို့ စောပါသေးတယ်။ အချိန်က စကားပြောပါလိမ့်မယ်။”

ဆရာမောင်သစ်ဟာ တချိန်တုန်းက အလံနီဖြစ်ခဲ့ဖူးပါတယ်။ သူ့ဆရာ သခင်စိုးကြီး အင်းစိန်ထောင်မှာ အမှုစစ်တော့ သူ့ဆရာ သခင်စိုးရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။ ဆင်စွယ်ရွာ လူသတ်မှုအကြောင်း စစ်မေးတော့ ဦးကိုယုနဲ့ အစိုးရရှေ့နေ အပြန်အလှန် ပြောကြတာတွေ၊ ဦးကိုယု လျှောက်လှဲတာတွေဟာ အင်မတန်မှ နားထောင်လို့ ကောင်းပါတယ်။ လူတိုင်း တက်ရောက် နားထောင်နိုင်တဲ့အတွက် အဲဒီ (မ.ဆ.လ) ခေတ် တရားစီရင်ရေးဟာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိပါသေးတယ် (ထားပါတော့)။

တနေ့တော့ အလံနီတွေ ရွာတရွာဝင်ပြီး လှည်းဆင့်ပါတယ် (လှည်းပေါ်တာဆွဲတယ် ဆိုပါတော့)။ လှည်းပေါ်မှာ ခြေထောက် တွဲလောင်းချပြီး လှည်းသမားကို တလမ်းလုံး တရားဟောလာပါသတဲ့။ ကျနော်တို့ အခုလို ပင်ပင်ပန်းပန်း ခင်ဗျားတို့ဆီလာ၊ တော်လှန်ရေးလုပ်နေတာ ခင်ဗျားတို့ တောင်သူလယ်သမားတွေ ကောင်းစားဖို့၊ ကျေးလက်ပြည်သူတွေ ဆင်းရဲနိမ့်ကျနေတာကို မြှင့်တင်ပေးဖို့ ဘာညာ ဘာညာ ဟောင်ဖွာ ဟောင်ဖွာ လုပ်လာတာပေါ့လေ။ အဲဒီမှာ လှည်းဆရာက နောက်လှည့်ပြီး … အော် … ဆရာလေးတို့ ဒီကို လာတာ ဆရာလေးတို့ကိစ္စနဲ့ လာတာမဟုတ်ဘူးလား၊ ကျနော်တို့အတွက်ဆိုရင်ဖြင့် မလာပါနဲ့ ဆရာလေးရယ်၊ ဒုက္ခများလှပါတယ်။ ကျနော်တို့ ဘ၀နဲ့ ကျနော်တို့ ရှိပါစေတော့။ ကျနော်တို့ကို သနားရင် မကယ်ပါနဲ့ ဆရာလေးတို့ရယ် … တဲ့။

*******

၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှာ စစ်တပ်က တော်လှန်ရေးကောင်စီ နာမည်ခံပြီး တိုင်းပြည်ကို အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေ၀င်းက “တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံး အလို” ဆိုပြီး အကြောင်းပြခဲ့ပါတယ်။ အဲဒီအချိန် အဲဒီအခါက လက်ဝဲအယူအဆတွေကလည်း အထိုက်အလျောက် လွှမ်းမိုးနေ၊ ဆိုရှယ်လစ် - ပြည်သူ - အရင်းရှင် - ခေါင်းပုံဖြတ် ဆိုတဲ့ စကားလုံးတွေနဲ့ ပါတီကေဒါ ဆိုတာတွေ ခံတွင်းတွေ့နေချိန်။ လက်ညှိုးထိုးပြစရာ စက်မှုအရင်းရှင်၊ ဘဏ်အရင်းရှင် လောက်လောက်လားလား မရှိတဲ့ တိုင်းပြည်မှာ ပြည်သူပိုင် သိမ်းလိုက်တာ တချို့နယ်မြို့လေးတွေဆို ကွမ်းယာရောင်းတဲ့ ကျူလယာကုလားဆိုင်ရော … မုန့်လေး၊ ခေါက်ဆွဲခြောက်လေး ရောင်းတဲ့ တရုတ်ကုန်စုံဆိုင်ရော ဓနရှင်ဆိုပြီး ဘ၀ပျက်ကြရတယ်။ နောက်ဆုံး တိုင်းပြည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားရော။ နိုင်ငံရေးသမားတွေကြား ပျက်လုံးတခုက ဗိုလ်နေ၀င်း ကယ်လိုက်တာ ချောက်ထဲကျဖို့ လက်နှစ်လုံး အလိုကနေ တခါတည်း အ၀ီစိကို ရောက်ရောတဲ့။

အဲဒါနဲ့ တဆက်တည်း တိုင်းပြည်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိလို့ အာဏာသိမ်းရတာလို့ ဆင်ခြေပေးတော့ အထောက်တော်လှအောင်က အခုလို အာဏာသိမ်းလိုက်တော့ တိုင်းပြည်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင့်တစ် ဖြစ်တာပေါ့လို့ ရိပြန်ပါတယ်။ သိပ်မကြာပါဘူး၊ အထောက်တော်လှအောင်လည်း ထောင်ထဲရောက်တော့တာပါပဲ။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို အာဏာသိမ်းတဲ့နည်းနဲ့ ဖြေရှင်းလိုက်တာ ပြဿနာပေါင်း သိန်းခြောက်သောင်း အခုထိ ဖြေရှင်းလို့ မပြီးနိုင်တာ အားလုံး အသိပါပဲ။ စေ့စေ့တွေးရင် ရေးရေးပေါ်ပါတယ်။

အဲဒီနောက်တော့ သိတော်မူကြတဲ့အတိုင်း အာဏာရှင်ဗိုလ်နေ၀င်းရဲ့ တကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှု၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှု … စတဲ့ အကြောင်းကြောင်းများကို အကြောင်းပြုပြီး တိုင်းပြည်က တဖြေးဖြေး ဆင်းရဲလား၊ မခံနိုင်တော့တဲ့အဆုံး ၈ လေးလုံးအရေးတော်ပုံကြီး ပေါ်လာပြီး နိုင်ငံရေးဇာတ်ခုံပေါ်က ပုံပျက်ပန်းပျက် ဆင်းပြေးခဲ့ရပါတယ်။ ဒါပေမယ့် တခုကံကောင်းတာက ဗိုလ်နေ၀င်းဟာ ဆဒမ်ဟူစိန်ရဲ့ ကံကြမ္မာမျိုး၊ ကဒါဖီရဲ့ ဇာတ်သိမ်းမျိုး၊ အိုစမာဘင်လာဒင်ရဲ့ နိဂုံးချုပ်နည်းမျိုးနဲ့ မကြုံခဲ့ရပါဘူး။

နောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ န.၀.တ၊ န.အ.ဖ အစိုးရလက်ထက်က အိုးနင်းခွက်နင်း ကိစ္စတွေကတော့ အားလုံးသိပြီးဖြစ်လို့ အကျယ်ချဲ့ မရေးလိုပါဘူး။

ဆိုလိုတာက စံကွန့်တို့နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လိုက်ရင် ဆင်ခြင်တုံတရားမဲ့လှတဲ့ သူကြီးခပ်ညံ့ညံ့ကြောင့် အိုးလည်း ကွဲ၊ နွားလည်း သေ အဖြစ်မျိုးနဲ့လည်း ကြုံခဲ့ရဖူးပြီ။ ကျေးလက်ပြည်သူတွေရဲ့ ဘ၀မြှင့်တင်ပေးမယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေကြောင့် ရွာလေးလည်း ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ရဖူးပြီ။ တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ဗိုလ်ချုပ်ကြီး ကယ်လိုက်လို့ အ၀ီစိ ရောက်အောင် ဂျွမ်းထိုးကျဖူးပြီ။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကြောင့် အာဏာသိမ်းလိုက်တာ ပြဿနာပေါင်း သိန်းခြောက်သောင်းနဲ့ စံကွန့်တို့ ရင်ဆိုင်နေရပြီ။

ပြောပြန်ရင်လည်း စံကွန့် လွန်ရာကျဦးမယ်။ စံကွန့်တို့တိုင်းပြည်မှာ ပေါ်ခဲ့တဲ့ ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်ဆိုတဲ့သူတွေဟာ ပါးစပ်ကတော့ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ပြည်သူတွေအတွက် … နေရာလေး၊ ကုလားထိုင်လေး၊ အခွင့်အရေးလေးလည်း ပေါ်လာရော (ဗိုလ်ချုပ်အောင်ဆန်းနဲ့ တချို့ကလွဲရင်) ပြည်သူကို ကျောခိုင်းကြတာ များတယ်။ စေတနာကိစ္စတွေပေါ့လေ။ ခေါင်းဆောင်တို့၊ နိုင်ငံရေးသမားတို့ ဆိုတာလည်း ပုထုဇဉ်ပါပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာလည်း နိဗ္မာန်ရောက်ကြောင်းတရား ကျင့်နေတာမှ မဟုတ်ပဲ။ ဒါပေမယ့် … နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း။ ကိုယ်ကျိုးစီးပွားရှာတဲ့ နယ်ပယ်မဟုတ်ဘူး။ အများအကျိုးကို ဦးထိပ်မပန်ဆင်နိုင်ဘူးဆိုရင် စောစောကတည်းက နိုင်ငံရေးနဲ့ ခပ်ဝေးဝေးနေတာ အကောင်းဆုံးပဲ။

စံကွန့်လည်း တချိန်တုန်းက မြန်မာပြည်တနံတလျား နိုင်ငံရေးသမား၊ တော်လှန်ရေးကျောင်းသား၊ ၈ လေးလုံး အရေးတော်ပုံတပ်သားများနဲ့ တွေ့ခဲ့၊ ကြုံခဲ့၊ ဆုံခဲ့ဖူးပါတယ်။ အားလုံးက ကိုယ့်ကိုယ်ကိုယ်တော့ ရဲရဲတောက်ချည်းပဲ။ သူ ဘယ်လိုလုပ်ခဲ့တာ၊ ဘယ်လို ပါဝင်ခဲ့တာ၊ ဘယ်မြို့မှာ သပိတ်ဖြစ်အောင် ကျနော် ကျမ လုပ်ခဲ့တာ၊ စံကွန့်ကတော့ ပြုံးပြီး ကြည့်နေလိုက်တယ်။ အရှက်မရှိ၊ ကိုယ်တော်ကြောင်း ကိုယ့်ဖာသာ ပြောရတယ်လို့။ ကိုယ်တော်တာ သူများ ပြောပါလိမ့်မယ်။ ခုထိလည်း ဒီအကျင့်က ရှင်သန်တုန်းပဲ။

စံကွန့် လိုရင်းပြောပါမယ်။ စံကွန့်တို့တိုင်းပြည်မှာ ငတ်မွတ်နေတာက ခေါင်းဆောင်ကောင်းပါ။ စေတနာ၊ မေတ္တာအရာမှာ သံသယရှိစရာ မလိုလောက်အောင် ကြီးမားတဲ့ ခေါင်းဆောင်မျိုး၊ ခေါင်းဆောင်ဆိုတာ စေတနာကြီးရုံလောက်နဲ့ လုံလောက်တာ မဟုတ်ဘူး။ အမြော်အမြင်ကြီးမားဖို့၊ အသိဥာဏ်ပညာ လုံလောက်ဖို့၊ ကိုယ့်ကျင့်တရား စိတ်ချရဖို့ဆိုတဲ့ အချက်တွေနဲ့လည်း ပြည့်စုံဦးမှ။ ကျွန်းနိုင်ငံ၊ တံငါနိုင်ငံလေးသာ ဖြစ်ခဲ့တဲ့ စင်္ကာပူ ကနေ့လို လူရာဝင်နေတာ လီကွမ်ယူရဲ့ စေတနာ၊ ဥာဏ်ပညာ၊ အမြော်အမြင်တွေ မပါဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ထို့အတူပဲ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ တရုတ်ပြည်ကြီး အခုလို ကမ္ဘာမှာ ထိပ်တန်းရောက်လာတာ တိန်ရှောက်ဖိန်ရဲ့ စေတနာ၊ ဥာဏ်ပညာ၊ အမြော်အမြင်တွေကြောင့်လို့ ပြောရင် လွန်မယ်မထင်ဘူး။

‘မူ’ ဆိုတာ ‘လူ’ က လုပ်တာပါ။ ၂၀၀၈ အခြေခံဥပဒေကြီး ဘယ်က ရောက်လာသလဲ၊ မိုးပေါ်က ကျလာတာ မဟုတ်ဘူး။ လူတွေ ရေးဆွဲထားတာပါ။ ဘယ်လိုလူတွေက ရေးဆွဲပြီး ဘယ်သူ့အကျိုးစီးပွားအတွက် ရေးဆွဲခဲ့သလဲ။ စေတနာကို အထင်းသားမြင်နိုင်ပါတယ်။ ကမ္ဘာ့အံ့ဖွယ်ထဲပါတဲ့ အခြေခံဥပဒေမျိုးပါ။

စံကွန့်တို့တိုင်းပြည်မှာ တိုင်းပြည်အပေါ် တကယ်ချစ်တဲ့၊ လူမျိုးအပေါ် စေတနာကြီးတဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးပါတယ်။ သူတို့တတွေ တကယ် အနစ်နာခံခဲ့တယ်။ ကိုယ်ကျိုးစွန့်ခဲ့တယ်။ အသက်တွေ ပေးလှူခဲ့တယ်။ ၀မ်းနည်းဖို့ကောင်းတာက သူတို့တွေဟာ တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ခေါင်းဆောင်တွေ ဖြစ်မလာခဲ့ဘူး။ ဖြစ်လာတဲ့ ခေါင်းဆောင်တွေက ဟင်း … ဟင်း … ဟင်း …။ ဒီလိုရေးလိုက်တော့ တချို့က စံကွန့်ကို မျက်ထောင့်နီကြီးနဲ့ ဒေါ်စု၊ အမေစုကို မမြင်ဘူးလားလို့ မေးကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒေါ်စုလည်း သူစွမ်းသလောက် ကြိုးစားနေတယ်ဆိုတာ သိပါတယ်။

တိုင်းပြည်တပြည် လွတ်လပ်ဖို့၊ ဒီမိုကရေစီရဖို့ဆိုတဲ့ ကိစ္စတွေမှာ ခေါင်းဆောင် အရေးကြီးသလို ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်၊ နိုင်ငံရေးအမြင်၊ တဘက်က ဖိနှိပ်သူရဲ့ပရိယာယ်၊ မာယာ၊ ရက်စက်မှု ဆိုတာတွေကလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတွေပါ။ ဒေါ်စုကို တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာအရာ၊ တတ်မြောက်ခဲ့တဲ့ ပညာအရည်အချင်းတွေမှာ သံသယရှိစရာမလိုပေမယ့် သူ့ရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ အမြော်အမြင်ကတော့ ခန့်မှန်းဖို့ စောပါသေးတယ်။ အချိန်က စကားပြောပါလိမ့်မယ်။

နှစ်ပေါင်းများစွာ ထောင်ထဲနေလာခဲ့တဲ့ တောင်အာဖရိက က မင်ဒဲလားဟာ တချိန်မှာ တောင်အာဖရိကရဲ့ သမ္မတ ဖြစ်ခဲ့ဖူးပါတယ်။ ထိပ်ပေါက်ခေါင်းကွဲနဲ့ အချုပ်ကားပေါ် ပစ်တင်ခံရဖူးတဲ့ ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် မော်ဂန်ချန်ဂရိုင်း (Morgan Tsvangirai) ဟာ တချိန်မှာ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။ သံဃာအား ဘုရား မဆန်သာဆိုတဲ့ စကားသာ မှန်သေးတယ်ဆိုရင် ဒေါ်စုအတွက် အခွင့်အလမ်းတွေ ရှိပေမယ့် နှစ်ပေါင်းများစွာ ပုံသွင်းခြင်းခံထားရတဲ့ စစ်တပ်ကို လျှော့တွက်ရင်ဖြင့် မြန်မာ့နိုင်ငံရေးရဲ့ ပကတိသဘောကို မသိသူသာဖြစ်ပါလိမ့်မယ်။

တိုင်းပြည်ကြီး ဆင်းရဲသွားရတာဟာ အမေရိကန်ရဲ့ ဆန်ရှင် (Sanction) ကြောင့်၊ တိုင်းပြည်ကြီး မွဲတေသွားရတာ ပြည်တွင်းငြိမ်းချမ်းရေး မရလို့ဆိုတဲ့ စစ်တပ်ရဲ့ အပြစ်ရှောင်၊ မိုးကြီးပစ် ထန်းပလက်ကာ စကားတွေကို တွင်တွင်ကြီး သံယောင်လိုက်နေတဲ့ ပြည်တွင်း ပြည်ပက ‘အရိုးမျှော်၊ အမြီးနှန့်’ အုပ်စုတွေရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။

အဓိက ကတော့ စေတနာသာလျှင် အားကိုးရာ ရှိပါတယ်။ တကယ့်ကို တိုင်းပြည်ကြီး ကြီးပွားစေချင်တယ်၊ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ချင်တယ်ဆိုတဲ့ စေတနာအမှန်သာ စစ်တပ်မှာ ရှိတယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ ဘာမှ ရေစုန်မျောစရာမရှိပါဘူး။ အတင်းကြီး၊ အဓမ္မကြီး အတည်ပြုထားတဲ့ ‘၂၀၀၈ နာဂစ်အခြေခံဥပဒေ’ ကြီးကိုလည်း မပြင်ရဲစရာ မရှိပါဘူး။ စေတနာ မှန်-မမှန် ဆိုတာ ပါးစပ်နဲ့ ပြောရတာ မဟုတ်ပါဘူး။ လက်တွေ့လုပ်ရပ်နဲ့ ပြရတဲ့အရာပါ။

စံကွန့်

8 comments:

teresa said...

you don't have proper training for politic and say thousands words . it is nothing. you are just a communist of 100 years back. you need to learn more.No educated are impress in you , only a low cast gonna be alright with you.you are wrong time in a wrong place.












Zo said...

Hahha like it again, carry on!!!!

Zo said...

99% of the silent majority agree with you Ko San Kwint.

Only Cronies and Neo Cronies dislike Dr.Lun's Blg posts.

Unknown said...

Shit seresa, he wrote all true.don't stupid reply.

Anonymous said...

That is true! Because the only thing our people's and country needs is a great leader with well educated and good management on our rich natural resources.

Unknown said...

Now,I know Our country have too many political professors.That we shouldn't forget. look uinity in burma.Pls do Sayar Gyi Myar Party for 2015.Mother Su and Ko Min ko Naing,Ko Ko Gyi(88 Group) will follow you.I will.Thax any way .Go on man.))))

Unknown said...

Now,I know Our country have too many political professors.That we shouldn't forget. look uinity in burma.Pls do Sayar Gyi Myar Party for 2015.Mother Su and Ko Min ko Naing,Ko Ko Gyi(88 Group) will follow you.I will.Thax any way .Go on man.))))

pwa gyi said...

To Teresa! I am totally agree with Ko San Kunt! I used to say every time it come to discuss about politics in Burma, that is what our country need is a Good Leader with SETANA . I knew most of the High ranking military officers in Burma and I never estimated their skill and ability but what I can guess is may be they are afraid of Than Shwe and they seem lack of initiative and SETANA.If the Military really has setana , the country shouldn't suffer that much of disaster state . Singapore has Le Kwan Yu, Malaysia has had Dr Mahathier Mohamed. These two great leaders brought up their Nations to respectable level and it is very obvious and no doubt about their leadership s, management skill, Ideology and great setana. BTW, Shame on you Teresa on your shallow and disgraceful remark on the writer.