Monday, August 20, 2012

ကျောက်တုံးကြီး (၃)

ကျောက်တုံးကြီး (၃)
ယာမာရှီး

ကျောက်တုံးကြီးက အခုထိ နေရာက မရွေ့သေး။ ရွာအ၀င်လမ်းမှာ ပိတ်ဆို့နေတုန်း ...။

+++++

ရွာလူကြီးရဲ့လူတွေ အလိုကျ ကျနော် ကျောက်တုံးတွန်း ဂါထာ ရွတ်ပေးလိုက်ပါတယ်။ ဒါမှ ကျနော် ကျောက်တုံးတွန်း အဖွဲ့ဝင် ဖြစ်သွားမှာကိုး။ ဂါထာရွတ်လည်း ကျောက်တုံးကြီးက နေရာမရွေ့။ အဲဒါနဲ့ အားလုံးဝိုင်းတွန်းမယ် ဆိုပြီး သွားကြရော။ သွားကြတဲ့အခါမှာ ပြဿနာပေါ်ပြန်ရော။

ရွာလူကြီးအသစ်က ...

“ငါ လုပ်စရာတွေများလို့ နောက်တပတ်မှ တွန်းကြရအောင်ကွာ” တဲ့။

ပြည်သူ့စစ် မောင်ဗျောက်အိုးကလည်း ...

“ရွာဦးက ချောင်းလေးမှာ သောင်းကျန်းနေကြတဲ့ ကိုကင်တို့ကို သွားရိုက်ရဦးမယ်”

ဒေါ်စွာကျယ်တို့ကလည်း ...

“တကတည်းတော် ပြောကိုမပြောချင်ဘူး။ ကျောက်တုံး တွန်းဖို့ နေ့ရွှေ့ ညရွှေ့ လုပ်နေလိုက်ကြတာ ...။ ရွာလူကြီးအသစ်ကလည်း တမျိုး။ သူ ဘာဂွင် ဖန်ချင်နေလည်းမသိ”

ထုံးစံအတိုင်း ညည်းနေရော ...။

ရွာကို ပြန်ရောက်နေပြီဖြစ်တဲ့ ကိုလူလည်တို့ တသိုက်ကလည်း ...

“ရွာလူကြီး အရက်ဖိုးပေးမှ တွန်းမယ်လို့ အော်နေကြရော။ ထမင်းဖိုးလေး မစရင် ပိုကောင်းမယ်” ဆိုနေကြတယ်။

ကျောက်တုံးတွန်း ကော်မတီအဖွဲ့ဝင်တွေကတော့ ...

“စည်းမျဉ်းက အရေးကြီးတယ်နော်။ အရင်လူကြီးကို အရေးမယူရဘူးနော်။ သူက ကျောက်တုံး တွန်းခွင့်ပေးလို့ တွန်းနေရတာနော်။ သူသာ တွန်းခွင့်မပေးရင် ဒီလို ကျောက်တုံးတွန်းအဖွဲ့ကြီး ပေါ်လာပါ့မလား။ ကျေးဇူးတင်ကြနော်”

ဒီကောင်တွေက အရင်သူကြီးရဲ့ သစ္စာခံတွေ။ ကျနော် နားပူလာတယ်။ ဘာဖြစ်လို့ ဒီလူတွေ အရေထူနေကြတာလဲကွ။ အရက်သွားသောက်တာပဲ ကောင်းတယ်ကွာ။ အရက်ဆိုင်ဘက် ထွက်လာလိုက်တယ်။ အရက်ဆိုင်ရောက်မှပဲ နားအေးတော့တယ်။

+++++

တနေ့ မြိုပေါ်က လူတယောက် ရောက်လာတယ်။ ဂျာနယ် သတင်းထောက် တဦးပါ။ ကျောက်တုံးကြီးကို ဓာတ်ပုံရိုက်ပြီး ရွာလူကြီးကို ဗျူးသတဲ့။

“ရွာလူကြီးခင်ဗျား ... အခုဒီ ကျောက်တုံးကြီးကို ရွှေ့ဖို့ ကော်မတီ ဖွဲ့ထားပြီးပြီ ဆိုတယ်။ ဘယ်တော့လောက် ရွှေ့ဖြစ်မလဲဆိုတာ သိချင်တယ်”

ရွာလူကြီးက ...

“ဒါက ဒီလိုရှိတယ်ဗျ။ ကျုပ်ဖခင် ခင်ဗျား သိတယ်နော်။ ဒီကျောက်တုံးကြီးကို သူက ရွှေ့ခွင့်ပေးခဲ့တယ်။ ကျနော်က ရွှေ့ဖို့ ကြိုးစားနေတယ်။ ချက်ချင်းကြီးတော့ ဘယ်ရွှေ့လို့ရမလဲ။ ငမူးကောင် အပါအ၀င် အားလုံးပါဝင် ဖွဲ့စည်းထားပြီးပြီဆိုတော့ မကြာခင် ရွှေ့ပါတော့မယ်။ ရွေ့ကို ရွေ့စေရမယ်။ မြို့ပေါ်က စက်ကြီးတွေ ၀ယ်ဖို့ ပိုက်ဆံကလည်း မပြည့်စုံသေးဘူး မဟုတ်လား။ ရွာက ဆင်းရဲသားတွေ များတယ်လေ။ ခင်ဗျားတို့ မြို့ပေါ်ကလည်း အကူအညီပေးကြပါဦး”

သတင်းထောက်ကို ခပ်တည်တည် ဖိန့်နေတာ နားကြားပျင်းကပ်လာတယ်။ ရွှေ့ချင်စိတ် ဘာကြောင့် မရှိတာလဲဆိုတာ ကျနော် စဉ်းစားလို့ မရ။ ကော်မတီကြီးကလည်း ဘယ်လို ဘယ်ပုံရွှေ့ရင် ကောင်းမယ်ဆိုပြီး နည်းလမ်းတွေကို နေ့တိုင်း တင်ပြနေရော။ ကျနော်က ရှိတဲ့လူနဲ့ ရွှေ့ကြရအောင် ပြောတော့ ငါတို့က အများစုကွ မင်းက တယောက်တည်း။ ငါတို့ အများစု သဘောထားကို မင်းက ချေဖျက်ချင်သလား။ သေသွားမယ်နော်တဲ့။

ကျနော် ကျောချမ်းလာတယ်။ အရက်ဆိုင်မှာ သွားထိုင်နေတာပဲ ကောင်းမယ်ဆိုပြီး အရက်ဆိုင်ဘက်ပဲ ထွက်လာရော။

+++++

ရွာမှာ ကြားရတဲ့ သီတင်းတွေက မကောင်း။ မောင်ဗျောက်အိုးက ကိုကင်ကို ခေါင်းကွဲအောင် ရိုက်လိုက်သတဲ့။ ကိုကင် ဆေးရုံတက်ရတော့ သူ့သားမယားတွေ ဒုက္ခရောက်နေကြသတဲ့။

မြို့သွားပြီး ကျောင်းသွားတက်မယ့် မောင်ကျောင်းသားကလည်း ကျောက်တုံးကြီးအပေါ်တက်ပြီး ကျော်ခွမိတော့ ချော်လဲပြီး သွားတွေ ကျိုးသွားလို့ စကားတခွန်းတောင် မဟနိုင်တော့ဘူးဆိုပဲ။

ရွာဘုန်းကြီး ဟိုဘက်ရွာ ဆွမ်းခံကြွတော့ ကျောက်တုံးနှင့် သင်္ကန်းငြိပြီး ဟပ်ထိုးလဲတော့ သပိတ်ကွဲသွားသတဲ့။ ဒါတောင် မေတ္တာပို့လိုက်သေးသတဲ့။ ရွာလူကြီး အသစ်နဲ့ ငမူးတို့ ဒီကျောက်တုံးကြီးကို မြန်မြန်ရွှေ့နိုင်ပါစေ။ တကယ်တော်တဲ့ လူတွေ။ ကျန်းမာချမ်းသာစေ။

မြို့ပေါ်က ဈေးလာရောင်းတဲ့ အာဘူးကြီးအဖြစ်က ပိုရီရတယ်။ ကျောက်တုံးကြီးကို ပစ္စည်းထုပ်ထမ်းပြီး ကျော်ဖြတ်နေတုန်း အီးအီးပါချင်လာသတဲ့။ အဲဒါနဲ့ ပါချရော။ အဲဒီမှာ ကျောက်တုံးပေါ် ရောက်လာတဲ့ ၀က်တကောင်က အတင်းဝင်တိုးတော့ ပစ္စည်းရော လူပါ ကျောက်တုံးကြီးအပေါ်က ပြုတ်ကျ ခြေထောက်ကျိုးသွားသတဲ့။

ဒီကျောက်တုံးကြီး ရွာအ၀င်လမ်း ပိတ်နေတာ အရေးမကြီးဘူး။ တိရိစ္ဆာန်တွေတောင် ငတ်နေကြပြီ။ ရွာဘုန်းကြီးတောင် သင်္ကန်းအပြဲ သပိတ်အကွဲခံပြီး တခြားရွာ ဆွမ်းခံကြွနေရပြီမဟုတ်လား။

+++++

ကျောက်တုံးကြီးက ရွာအ၀င်လမ်းမှာ ပိတ်ဆို့နေတုန်း ...။

ဒီပုံအတိုင်းဆို ဘယ်တော့မှ ရွေ့မှာမဟုတ် ...။

ယာမားရှီး

No comments: