Tuesday, August 7, 2012

ပူးပေါင်းကြသည်ဟု ဆိုရာဝယ် ...

ပူးပေါင်းကြသည်ဟု ဆိုရာဝယ် ...
Ven Ravika

ပူးပေါင်းဆောင်ရွက်မှုများကို ခြေရာခံကြည့်ရင် ၈၈ မျိုးဆက်ကနေ စလာတာ မဟုတ်ပါဘူး။ ၈၈ ခေါင်းဆောင်တွေက ဒီချုပ်လိုပဲ ဆုံးဖြတ်ခဲ့လို့ အစိုးရနဲ့ လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို လုပ်နေခြင်းပါ။ ဒီလိုပူးပေါင်းဆောင်ရွက်တယ့်နေရာမှာ ...

၁။ ဒီချုပ်က လွှတ်တော်နိုင်ငံရေးထဲ ဝင်ပြီး ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်မယ်။
၂။ ၈၈ မျိုးဆက်များက လူမှုနိုင်ငံရေးနဲ့ ဒီမိုကရေစီတိုက်ပွဲကို ဝင်မယ်။

ဒါက အခြေခံပါ။

လွှတ်တော်နိုင်ငံရေးဟာ အမျိုးသားနိုင်ငံရေးမဟုတ်

ဒီချုပ်က သူ့မှာ လက်နက်ကိုင်တပ်မတော် မရှိပါ။ လက်နက်ကိုင်တပ်မတော်ကလည်း သူ့ဘက်မှာ မရပ်တည်ပါ။ လက်နက်ကိုင်တပ်မတော်က သူ မွေးထုတ်လိုက်တဲ့ ပြည်ခိုင်ဖြိုးဘက် ပါနေတယ်။ စစ်အစိုးရတုန်းက ထိပ်တိုက်ရင်ဆိုင်မှုကနေ ခြေကုန်လက်ပမ်းကျနေတုန်း ပြည်ပဖိအားကလည်း ရှိနေလို့ နှစ်ဘက်စလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ အားထုတ်လာကြတာ ဖြစ်ပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်တယ့်နေရာမှာ ဒီချုပ်ဘက်က နိုင်ငံရေးသိက္ခာ အနည်းငယ် ချခဲ့ရပါတယ်။ ဒီချုပ် ရွေးချယ်ခဲ့တဲ့ လွှတ်တော်နိုင်ငံရေးဟာ အမျိုးသားနိုင်ငံရေးမဟုတ်။ ပါတီနိုင်ငံရေးဖြစ်လို့ ဒီမိုကရေစီအင်အားစုတွေကြားမှာ အမာဂိုဏ်း၊ အပျော့ဂိုဏ်း၊ ရေသာချောင်ခိုဂိုဏ်းတွေ ပေါ်ပေါက်လာရတယ်။

ဒါကို အကင်းပါးတဲ့ အစိုးရကလည်း သူ့မှာ အမာဂိုဏ်းနဲ့ အပျော့ဂိုဏ်း မရှိကြောင်း ပြောနေပေမယ့် ရှိနေတယ်လို့ သိရအောင် လမ်းကြောင်းခင်းထားတယ်။ သမိန်ဗရမ်းက ဂါမဏိကို အနိုင်ယူတဲ့နည်းပေါ့။ ယဉ်ပါးအောင် လုပ်တာ၊ ပင်ပမ်းအောင် လုပ်တာ၊ ငြီးငွေ့အောင် လုပ်တာ၊ စိတ်ဓာတ်သေးသိမ်အောင် လုပ်တာ ... ပြီးတော့ တချက်တည်းနဲ့ အနိုင်ပိုင်းဖို့ပါပဲ။

“ဥပမာ - အင်္ဂလိပ်အစိုးရက ရွှေတိဂုံဘုရားပေါ် ဖိနပ်စီးပြီး တက်တယ်။ မွန်မြန်မာတွေက မကျေနပ်ကြဘူး။ မြန်မာ့လွတ်လပ်ရေးဆိုတာ ဖိနပ်က စတယ်လို့ ပြောလို့ရတယ်။ တကယ်လို့ ဖိနပ်စီးခဲ့တာတွေကို ချေချင်လို့ အင်္ဂလိပ်အစိုးရက ရွှေတိဂုံကို ဝတ္ထုငွေ လှူခဲ့မယ်၊ မွန်မြန်မာများကလည်း ကျေနပ်ခဲ့မယ်ဆိုရင် မြန်မာ့လွတ်လပ်ရေးဆိုတာ ရှိလာမှာမဟုတ်ပါ။ ဖိနပ်စီးခဲ့တာကို ဝန်ချတောင်းပန်ရမယ်။ နောင်အခါ မစီးဖို့လည်း ကတိပြုရမယ်။ ဝန်ချတောင်းပန်မှုလည်း မရှိ၊ ကတိပေးမှုလည်း မရှိပါဘဲ အနာမာသဝတ္ထုတော်ငွေ အနည်းငယ် ကပ်လှူလိုက်ရုံနဲ့ အားရပါးရ ဝမ်းမြောက်ဝမ်းသာဖြစ်နေရင် သူတို့လုပ်တဲ့ အမျိုးသားနိုင်ငံရေးဟာ ဈေးပေါလှပါတယ်။
ကျေးကျွန်နိုင်ငံရေးအဆင့် လျှောကျသွားတယ်။”

သတိထားသင့်တာက အတိုက်အခံပါတီဆိုတာ အစိုးရမဟုတ်ဘူး။ အတိုက်အခံပါတီမှာ အယူအဆ ကွဲပြားခွင့်ရှိတယ်။ အမျိုးသားနိုင်ငံရေးမှာလည်း အမြင်ကွဲခွင့်ရှိတယ်။ ဒါပေမယ့် အစိုးရမှာ အယူအဆ၊ မူဝါဒ ကွဲပိုင်ခွင့်မရှိဘူး။ ညွန့်ပေါင်းအစိုးရအချို့မှာတောင် အမာဂိုဏ်း၊ အပျော့ဂိုဏ်း မထားဘူး။ အခု သိန်းစိန်အစိုးရမှာ ပြောချင်ရာပြောနေတဲ့လူ၊ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ စည်းရုံးနေသူ၊ ခပ်တည်တည်နဲ့ ရပ်တည်နေသူ၊ စစ်ကို တိုက်ချင်သလို တိုက်နေသူ ဒါတွေက မူမမှန်ဘူး။

အမှန်မတော့ ဒီချုပ်က အမျိုးသားနိုင်ငံရေးလုပ်နေတုန်းက အတိုက်အခံအားလုံးကို စုစည်းနိုင်ခဲ့သလို လွှတ်တော်နိုင်ငံရေးကို လုပ်တယ့်အခါမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် အားလုံးကို ကိုယ်စားမပြုနိုင်တော့ပါ။ ဒါကို ဒီချုပ် လက်ခံရပါလိမ့်မယ်။ ဒါကြောင့်လည်း မဟာမိတ်ပါတီများက ဒီချုပ်ရဲ့ မရှင်းမလင်းမူဝါဒကြောင့် သိန်းစိန်နား ရောက်ကုန်ကြတာ ဖြစ်တယ်။

လူမှုနိုင်ငံရေးဟာ ကျေးကျွန်နိုင်ငံရေးမဟုတ်

လူမှုနိုင်ငံရေးအရေးကြီးပုံကို ၂၀၀၉ ကတည်းက ရေးဖူးပါတယ်။ ၈၈ မျိုးဆက်များက လူမှုအခြေပြုနိုင်ငံရေးကို လုပ်မယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ အားရပါတယ်။ ဒါ မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။ ပါတီထောင်ပြီး လွှတ်တော်နိုင်ငံရေးကို မလုပ်ဘူး။ အမျိုးသားနိုင်ငံရေးကို လုပ်နေတုန်းပါ။ အမျိုးသားနိုင်ငံရေးဆိုတော့ ပြည်သူတိုင်း၊ ပါတီတိုင်း၊ လူမျိုးတိုင်း ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် စည်းတခုကိုတော့ ထားရပါတယ်။

ဘာကြောင့် အမျိုးသားနိုင်ငံရေးကို လုပ်နေရပါသလဲ။
ကိုယ့်ကိုယ်ကို မေးပါ။
စစ်အုပ်ချုပ်မှုကို မကြိုက်လို့၊
၂၀၀၈ ဥပဒေကို မကြိုက်လို့၊

လက်ရှိအစိုးရဟာ ဒီမိုကရေစီနည်းကျတက်လာတာ မဟုတ်လို့ ဒီမိုကရေစီနည်းကျ အစိုးရတရပ်ကို ထူထောင်ချင်လို့ဆိုတာ သေချာပါတယ်။ အကျဉ်းချုံးလိုက်ရင် အမျိုးသားနိုင်ငံရေးဆိုတာ တော်လှန်ရေးတခုကို လုပ်နေတာဖြစ်တယ်။ အစိုးရကို ဖြုတ်ချဖို့ မဟုတ်သော်ငြားလည်း အစိုးရအပြောင်းအလဲဖြစ်ဖို့၊ ဖွဲ့စည်းပုံအပြောင်းအလဲဖြစ်ဖို့ လုပ်နေတာပါ။

ဒီလိုလုပ်နေချိန်မှာ အစိုးရက သူ့သမိုင်းကို သူ ကာကွယ်သလို မိမိတို့ကလည်း မိမိတို့သမိုင်း ရှိပါတယ်။ မိမိတို့သမိုင်းကို သေးသိမ်အောင် မလုပ်မိစေဖို့ ရှောင်ရပါတယ်။

ဥပမာ - အင်္ဂလိပ်အစိုးရက ရွှေတိဂုံဘုရားပေါ် ဖိနပ်စီးပြီး တက်တယ်။ မွန်မြန်မာတွေက မကျေနပ်ကြဘူး။ မြန်မာ့လွတ်လပ်ရေးဆိုတာ ဖိနပ်က စတယ်လို့ ပြောလို့ရတယ်။ တကယ်လို့ ဖိနပ်စီးခဲ့တာတွေကို ချေချင်လို့ အင်္ဂလိပ်အစိုးရက ရွှေတိဂုံကို ဝတ္ထုငွေ လှူခဲ့မယ်၊ မွန်မြန်မာများကလည်း ကျေနပ်ခဲ့မယ်ဆိုရင် မြန်မာ့လွတ်လပ်ရေးဆိုတာ ရှိလာမှာမဟုတ်ပါ။ ဖိနပ်စီးခဲ့တာကို ဝန်ချတောင်းပန်ရမယ်။ နောင်အခါ မစီးဖို့လည်း ကတိပြုရမယ်။ ဝန်ချတောင်းပန်မှုလည်း မရှိ၊ ကတိပေးမှုလည်း မရှိပါဘဲ အနာမာသဝတ္ထုတော်ငွေ အနည်းငယ် ကပ်လှူလိုက်ရုံနဲ့ အားရပါးရ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရင် သူတို့လုပ်တဲ့ အမျိုးသားနိုင်ငံရေးဟာ ဈေးပေါလှပါတယ်။ ကျေးကျွန်နိုင်ငံရေးအဆင့် လျှောကျသွားတယ်။

ဒီလိုမြင်တယ်

ဒီချုပ်က လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ခဲ့လို့ အတိုက်အခံ အတော်များများက လွှတ်တော်နိုင်ငံရေးကို ထောက်ခံရမလား၊ အမျိုသားနိုင်ငံရေးကိုပဲ ဆက်လုပ်ရမလား ဝိရောဓိ ဖြစ်ကုန်ရတယ်။

မူအနေနဲ့ ပြောရရင်

၁။ ဒီချုပ်က လွှတ်တော်နိုင်ငံရေး လုပ်မယ်။ လွှတ်တော်မှာ ထိုးဖောက်မယ်။ ၂၀၁၅ မှာ အစိုးရဖွဲ့နိုင်ဖို့ များတယ်။

၂။ ၈၈ မျိုးဆက်များက အမျိုးသားနိုင်ငံရေးကို လုပ်မယ်။ လူမှုအခြေပြုနိုင်ငံရေးကို လုပ်မယ်။ ဒီချုပ်ကို ဝန်းရံထားမယ်။ ပြည်သူတွေကို ဦးဆောင်နိုင်အောင် လုပ်မယ်။

ဒီချုပ်က လွှတ်တော်နိုင်ငံရေးမှာ ကျရှုံးခဲ့ရင် ၈၈ မျိုးဆက်တို့ရဲ့ အမျိုးသားနိုင်ငံရေးက နေရာယူပါလိမ့်မယ်။ အစိုးရက အလိမ်အညာ ပလီပလာတွေနဲ့ မျက်လှည့်ပြသွားခဲ့ရင် လူထုအုံကြွမှုဆီ ပြန်သွားလို့ရတယ်။

ဒီချုပ်က လွှတ်တော်နိုင်ငံရေးမှာ အောင်မြင်ခဲ့ရင် ဒီ ၈၈ မျိုးဆက်များဟာ ဒီချုပ်ရဲ့ ဒုတိယမျိုးဆက်ခေါင်းဆောင်များ ဖြစ်လာကြပါလိမ့်မယ်။ ဒါပေမယ့် သတိထားရမှာက ဒီချုပ်ဟာ ဘယ်တော့မှ ပြည်ခိုင်ဖြိုး မဖြစ်နိုင်သလို ၈၈ မျိုးဆက်ကျောင်းသားတွေလည်း ဘယ်တော့မှ စစ်အစိုးရဘက်တော်သား မဖြစ်သင့်ဘူးဆိုတာပဲ။ တော်လှန်ရေးသမိုင်းက စည်းခြားထားပြီးသားပါ။

အဆိုးမြင်ဝါဒီမဟုတ်

ဒီလိုအချိန်မျိုးမှာ စာရေးသူတို့က ဒီချုပ်ကိုဖြစ်ဖြစ်၊ အစိုးရကိုဖြစ်ဖြစ် ဝေဖန်ရေးလုပ်ရင် အချို့က တိုက်ခိုက်လာကြပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးကို သူတို့က ထောက်ခံတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသိန်းစိန်တို့ကို ထောက်ခံတယ်၊ ဒီလို ပြောပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို စတင်ပါတော့တယ်။

စာရေးသူတို့ ပြောပြောနေတာက ပူးပေါင်းဆောင်ရွက်တယ်ဆိုရင် ...

၁။ ဘာတွေ ပူးပေါင်းဆောင်ရွက်နေပါသလဲ။
၂။ အောင်မြင်မှုဘယ်လောက်ရနေပါသလဲ။
၃။ ဘယ်အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက်ကြမလဲ။

မူမရှိသင့်ဘူးလား။ မူလေး မထားသင့်ဘူးလား။ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒမှာ ဒီချုပ်က တိုက်ရိုက်မကြေညာပေမယ့် လွှတ်တော်ဝင်ရာမှာ အကြောင်းပြချက်ပေးခဲ့တယ်။

၁။ ဥပဒေပြင်ရေး
၂။ တရားဥပဒေစိုးမိုးရေး
၃။ ပြည်တွင်းငြိမ်းချမ်းရေး
တို့ ဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ မမေ့သေးဘူး ထင်ပါတယ်။ ဒါလေးတွေကိုပဲ ပူးပေါင်းဆောင်ရွက်မှု မူဝါဒလို့ ဆိုချင်ပါတယ်။

၁။ ဥပဒေပြင်ရေးမှာ ၂၀၀၈ ဥပဒေကို ဘယ်လောက်ပြင်ခဲ့ပြီလဲ။ ဒီမိုကရေစီနဲ့ မလျှော်ညီတဲ့ စစ်တပ် ၂၅ ရာခိုင်နှုန်းကို ဖယ်လို့မရကြောင်း မကြာခင်က သမ္မတသိန်းစိန်က အရိပ်အမြွက် မိန့်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီအမတ်တွေနဲ့ အလုပ်လုပ်ဖို့ ပြဿနာမရှိနိုင်ကြောင်း၊ အတိုက်အခံလုပ်ချင်လို့ လွှတ်တော်ကို ဝင်တာမဟုတ်ကြောင်း ပြောခဲ့ပြီဖြစ်ပါတယ်။

၂။ တရားဥပဒေစိုးမိုးရေးကတော့ သမင်မွေးရင်း ကျားစားရင်းနဲ့၊ ပိုနေမြဲကျားနေမြဲပါပဲ။ သိတဲ့အတိုင်း ဇက်ကြိုးမဲ့တပ်က လယ်မြေတွေကို သိမ်းတယ်၊ အစိုးရအရာရှိတွေ လာဘ်စားနေကြတုန်းပဲ ရှိတယ်။ ကချင်ထိုးစစ်ကို ဆင်နွှဲပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်တယ်။ ဥပဒေစိုးမိုးမှု မရှိသေးဘူးဆိုတာ အထူးပြောစရာမလိုပါ။ မာရှယ်လောအုပ်ချုပ်မှုထက် နည်းနည်းပဲ သာပါတယ်။ ဒီအချက်ကို ဒီချုပ်အပေါ် ပုံမချချင်ပါ။ အာဏာရအစိုးရကိုပဲ ပြောချင်ပါတယ်။ သိန်းစိန်အစိုးရဟာ တိုင်းပြည်ကို နိုင်နင်းအောင် ဘယ်လောက်အုပ်ချုပ်နိုင်သလဲ ဒီအချက်နဲ့ မှတ်ကျောက်တင်ရမှာဖြစ်တယ်။

၃။ ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိလဲ။ လွှတ်တော်နိုင်ငံရေးမလုပ်ခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားတိုင်းက မျှော်လင့်စောင့်စားခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ပါမှပဲ စိတ်ချယုံကြည်နိုင်မယ်လို့တောင် အချို့ပြောကြပါတယ်။ အခု အခြေအနေ အနည်းငယ် ပြောင်းခဲ့ပြီ။ တိုင်းရင်းသားတွေက သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆင့်ချင်းတူတယ်လို့ ခံစားလာရတယ်။ ကချင်အပေါ်မှာ အစိုးရဆက်ဆံပုံကို ကြည့်ပြီး တိုင်းရင်းသားလူမျိုးများအပေါ် သူတို့ ဘယ်လိုသဘောထားကြောင်း လေ့လာသုံးသပ်နေကြရပါပြီ။

ဒီအချက်တွေကို ပြောလို့ အဆိုးမြင်ဝါဒီလို့ မထင်စေချင်ပါ။ ချီးမွမ်းကန်ကျောက် လုပ်နေတာလည်း မဟုတ်ပါ။ တိုးတက်မှုတစုံတရာ မရှိဘဲ လက်ခံဖို့ ခက်နေလို့ပါ။ ဒါကြောင့် ထပ်ပြောလိုပါတယ်။

ပူးပေါင်းကြသည်ဟု ဆိုရာဝယ်...

၁။ အခြေဥပဒေပြင်ဆင်ရေးကော်မတီတရပ် ဖွဲ့စည်းပါ။ ဒီချုပ်အပါအဝင် အတိုက်အခံများ စုံစုံညီညီ ပါဝင်ကြပါစေ။ သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပါ။ ဒါမှ ပူးပေါင်းဆောင်ရွက်ရာ ရောက်ပါ့မယ်။

၂။ တရားဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ လာဘ်စားမှုကအစ စုံစမ်းဖော်ထုတ်ဖို့ စုံစမ်းရေးကော်မတီတရပ် ဖွဲ့စည်းပါ။ ၈၈ မျိုးဆက်များ၊ ဒီချုပ်ခေါင်းဆောင်များ ပါဝင်စေပြီး ဦးဆောင်ကြပါစေ။ ဒါမှ ပူးပေါင်းဆောင်ရွက်ရာ ရောက်မယ်။

၃။ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ဒေါ်အောင်ဆန်းစုကြည် မပါမနေရ၊ ပါကို ပါသင့်တယ်။ ဒါကြောင့် ဦးအောင်မင်းပဲ လုပ်မနေပါနဲ့။ ပင်လုံကဲ့သို့ ညီလာခံတခု လုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသိန်းစိန်တို့ကိုယ်တိုင် ဦးဆောင်ပါ။ ဒါမှ ပူးပေါင်းဆောင်ရွက်ရာ ရောက်မယ်။

လက်ဖက်ရည် အတူသောက်တာတို့၊ အလှူငွေ ပေးအပ်တာတို့၊ သူပေးမှ ကိုယ်ရတာတို့၊ သူ ဖွင့်မှ ကိုယ်ဝင်ရတာတို့၊ အတူတူ ပြုံးပြတာတို့၊ အတူတူ ထိုင်တာတို့၊ အတူတူ ထိုင်ထလုပ်တာတို့ကို ပူးပေါင်းဆောင်ရွက်မှုလို့ စာရေးသူတို့က မမြင်ဘူး။

Ven Ravika
(ဖေ့စ်ဘွခ်စာမျက်နှာမှ ...)

11 comments:

Mother said...

တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မီတီကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီစုံ၊
တိုင်းရင်းသားပေါင်းစုံမှ အဖွဲ့ဝင် (၁၄)ဦး ပါဝင်တဲ့ကော်မီတီတစ်ရပ်ကိုပြည်ထောင်စုလွှတ် တော်ကနေအတည်ပြုခန့်အပ်လိုက်တာကိုလည်းစာရေးသူမသိလိုက်ဘူးထင်တယ်။
နောက်တစ်ခုက.သမတဦးသိန်းစိန်အစိုးရ၊ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အ.မ.ဒ.ခ)။(ဒီချုပ်လို့ပြောနေတာကမပြည့်စုံတဲ့လမ်းဘေးအသုံးအနှူန်းပါ)၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ။တစ်ခြားဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းတွေအားလုံးကမြန်မာနိုင်ငံနဲ့ ပြည်သူလူထုအားလုံးရဲ့အကျိုးစီးပွားအတွက်ပူးပေါင်း ဆောင်ရွက်နေကြတာတွေကိုအပြုသဘောမမြင်ဘဲ၊အရိုးများချေးခါးပြောတတ်၊ချိုကားနားရွက်ကုတ်ပြောတတ်တဲ့သေးသိမ်တဲ့အမြင်တွေရှိနေသမျှတိုင်းပြည်ကိုဘယ်လိုနည်းနှင့်မျှအကျိုးမပြုပါဘူး၊။ အဲဒီလိုသူဟာ ပူးပေါင်းဆောင်ရွက်နေကြသူတို့ရဲ့ မြန်မာပြည်အတွက်တိုးတက်တဲ့အတွေးအခေါ်ရှိတဲ့လူ့အသိုင်းအဝိုင်းထဲကိုလည်းမဝင်ဆန့်ပါဘူး။ သူတို့တစ်တွေထက်ပိုပြီးသိတယ်၊ပိုပြီးစွန့်လွှတ်နိုင်တယ်၊ပိုပြီးလုပ်နိုင်တယ်ဆိုပြီး ရှင်၊ရဟန်းကနေ ရှိတဲ့နေရာကနေပြီး မြန်မာပြည်ကိုပြန်၊ဒါမှမဟုတ် ရှင်လိန်ပြန်ရင်ပြီးလုပ်ဆောင်ရင်လည်းတိုင်းပြည်နဲ့ပြည်သူလူထုကိုအကျိုးပြုသူဖြစ်မလာနိုင်ပါဘူး။ ဆွမ်းမရ၊ဝမ်းမဝဘဲဖြစ်ပါလိမ့်မယ်။ ဗုဒ္ဒရဲ့သားတော်ဖြစ်တယ်ဆိုရင်သူတို့တစ်တွေရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေကိုဂုဏ်ယူပြီးမေတ္တာပို့နေပါ။ ကုသိုလ်ရပါတယ်။ ဘုန်းကြီးစာချရတာမသင့်တော်ပေမဲ့ပြောဆိုသတိပေးရမှာမို့လို့ပါ။

Uncel Dave said...

This article is written about the truth of current situation happening in our country.
I agree with your highlights.
NLD & 88 generations should be not forgotten what's their main duties and responsibilities.

Win said...

ကိုလွမ်းဆွေ ဘလော့ကို အဲဒါတွေကြောင့်ကြိုက်တာ ကိုယ့်စတိုင်နဲ့ ကိုယ်လုပ်နေလို့... သတင်းစုံ လင်ခ့်လေးတွေတင်မယ် (အရေးတကြီးအလုပ်သွားရတော့မယ်ဆိုရင် ငါးမိနစ်အတွင်း တနေ့တာသတင်းတွေအကုန်သိလို့) နောက်ပြီး ပေါတောတော အရည်အသွေးမပြည့်တဲ့ ဆောင်းပါးလေးတွေပုံမှန်တင်လို့... ဒါမှလဲ ကိုလွမ်းဆွေ ကိုယ်တိုင် ဘလော့ကို run နေသေးတယ်ဆိုတာသိရတာပေါ့..ဒီစတိုင်လေးကို ဆက်ထိန်းထားပါ.. အားပေးလျှက်ပါဗျာ...

Khp said...

We want only Result Oriented Politics.
Where is the the situation of Public Welfare?

Nothing,
The people are still Myauklaung.
There are socall many changes in the media.

But people are in a siatuation " Myauklaung is Myauklaung"

May be some NLD guys will become millionaire in the near future. Thats all.

Unknown said...

ကိုယ့်အစိုးရအုပ်ချူပ်မှုအောက်မှာနေရတာကိုကိုလိုနီကျွန်
ဘ၀နဲ့မနှိုင်းပါနဲ့

Vai said...

ကိုယ့်အစိုးရမဟုတ်ပါ မဲသူ ခိုးအစိုးရပါ

kokoshay said...

မောင်လွမ်းဆွေ၊( ညီလေး)မင်းရဲ့ဘလော့ကိုအားထားဖတ်ကြပါတယ်. အထူးသဖြင့် သတင်းခေါင်းစဉ် ကိုတော့ဖတ်ဖြစ်ကြပါတယ်. တစ်ခုတော့ပြောချင်တယ်၊ နှုတ်တစ်ရာ စာတစ်လုံးဆိုတာ သတိထားပါ. မင်းကိုတိုင် သော်လည်းကောင်း၊တစ်ခြားသူတစ်ယောက် ယောက်ရဲ့ပေါကြောင်ကြောင် ထင်မြင်ယူဆချက်တွေကို သော်လည်းကောင်းဘလော့မတင်သင့်ဘူး။သမိုင်းမှာ လုပ်ခဲ့သမျှ မှတ်တမ်းတွေဆိုတာ နားလည်ပါ။ ပြည်သူတွေ ရဲ့ရေချိန်က ဘောလုံးစကားနဲ့ပြောရရင် ပရီးမီးယားလိဂ် နည်းပြအဆင့်ရောက်နေတယ်ဆိုတာပါ ဘဲ၊တကယ်ကန်နေတဲ့သူတွေက ရပ်ကွက်အသင်းအဆင့်မရှိသင့်တော့ပါဘူး၊ အားလုံးကိုလေးစားပါ။ မင်းကိုလည်းလေးစားကြမှာပါ။

Unknown said...

တော်တော်ကောင်းတဲ့ဆောင်းပါးတပုဒ်လို့ပြောချင်ပါ
တယ်။ကိုလွဏ်းဆွေဘလောဂ့်မှာအစုံတင်ပေးတဲ့အ
တွက်အားပေးလျှက်ပါ။ facebook ကဆောင်း
ပါးတွေတင်ပေးတဲ့ website ထဲမှာကိုလွဏ်းဆွေဘလောဂ့်ကသမာသမတ်အကျဆုံး
လို့ထင်ပါတယ်။ ရှေ့ဆက်ပြီးလည်း အမှန်တရား
ဘက်က၊အဖိနှိပ်ခံဘက်ကနေဆက်လက်ရပ်တည်ပေးပါလို့ပဲဆန္ဒပြုပါတယ်။ ဆောင်းပါးရှင်ကိုလည်းဆက်
လက်ပြီးဆောင်းပါးကောင်းတွေဆက်ရေးပေးပါ
လို့ပြောပါရစေ။

aye said...

အရှင်ဘုရားရဲ့ ဆောင်းပါးက တအားကောင်းပါတယ်
အန်အယ်ဒိနဲ့ ၈၈ဟာ အရှင်ဘုရားလောက်တောင်
နိုင်ငံေ၇းနားလည်သူ မဟုတ်လို့ ၈လေးလုံးသာ ၂၄နှစ်ကြာလာခဲ့ပြီ အခုထိ အာဏာရှင်လက်အောက်က
မြန်မာလူထုတွေ မထွက်နိုင်သေးတာပါ
တိုင်းပြည်က လယ်သမား အလုပ်သမား တိုင်းရင်းသားတွေ ရဲ ပြသာနာတွေကို
ဝတ်ကျေတန်းကျေ လုပ်နေကြသူတွေထဲမှာ ကြံဖွတ်အစိုးရသာမက အခံ ဒိမိုကေ၇စီ အင်အားစုပါ ပါ ၀င်နေပြိဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်

Unknown said...

ကိုလွဏ်းဆွေ ရေ ဆောင်းပါကတော့ကောင်းပါတယ်။ အစ်ကိုစာတွေဖတ်တာက မပြည့်စုံသေးဘူး။ NLD ရဲ့ သမိုင်း၊ ၈၈ ရဲ့သမိုင်းဆိုတာဘယ်ကိုထားခဲ့လဲ။ ၀န်ဖန်ရေးလုပ်ရာမှာဒီလိုဆောင်းပါးမျိုးမရေးသင့်ဘူးလို့ထင်ပါတယ်။ ယခုအချိန်က လွှတ်တော်ထဲမှာ ရှိတဲ့ အပြောင်းအလဲကိုလိုချင်တဲ့သူတွေက အရမ်းကိုသတိထားနေရပါတယ်။ ခဏတော့စောင့်ကြည့်ပါဦး။ မလောပါနဲ့ဦးလို့ပဲပြောပါရစေ။

world said...

တော်တော်အောက်တန်းကျတဲ့ ဆောင်းပါးလို့ သုံးသပ်မိတယ်...။