Tuesday, July 17, 2012

မိမိကိုယ်ကို ဆောက်တည်မှု (Personal Autonomy) နှင့် စစ်အာဏာရှင်

မိမိကိုယ်ကို ဆောက်တည်မှု (Personal Autonomy) နှင့် စစ်အာဏာရှင်
Ven Ravika

ပြီးခဲ့သည့်လမှာ ကနေဒါနိုင်ငံကို အလည်သွားခဲ့သည်။ သွားသည့်နေရာ Alberta ပြည်နယ်နှင့် အင်ဒီယားနားပြည်နယ်တို့မှာ မိုင်ပေါင်း ၁,၇၀၀ ကျော်ပါသည်။ ပေးထားသည့် မိုင်နှုန်းအတိုင်း မောင်းခဲ့လျှင် ၃၂ နာရီမျှ မောင်းရမည်ဖြစ်သည်။ မောင်းရင်း စကားပြောကြသည်။ အချို့ကားဆရာက ကားမောင်းကောင်းလှသည်။ ခပ်ငြိမ့်ငြိမ့်ကလေး စီးသွား၍ ရသည်။ အချို့ ဘာကြောင့် ကားမောင်းကောင်းကြတာလဲ တယောက်က မေးသည်။ Self-control ကောင်းလို့ပါဟု တယောက်က ဖြေသည်။

မှန်ပါသည်။ ဆီ၊ ဘရိတ်၊ လက်ကိုင်၊ မျက်စိ၊ လက်၊ ခြေ၊ ဦနှောက်များကို အချိုးညီစွာ သူ့နေရာနှင့်သူ သုံးတတ်လျှင် ကားကို ကောင်းစွာ မောင်းနိုင်ပါသည်။ ထိုသို့ မောင်းကောင်းသော်လည်း တယောက်က သူ မောင်းတာမဟုတ်လျှင် အိပ်မပျော်ဟု ဆိုပါသည်။ သူ့စကားကို ကြားသောအခါ လူတို့က ရယ်ကြသည်။ သူကိုယ်တိုင် မောင်းလျှင် သူ အိပ်၍ မရ၊ အခြားတယောက် မောင်းလျှင်လည်း သူက စိတ်မချ ဆိုသည့်သဘောပင်ဖြစ်သည်။

ထို့အတူပင်။ မိမိကိုယ်ကို ဆောက်တည်မှု (Personal Autonomy) နှင့်ပတ်သက်ပြီး ဆက်ရေးဦးမည်ဟု ကတိပြုခဲ့သည်။ ယခု၌ အခါအခွင့်သင့်ပြီ။ အနည်းငယ် ရေးလိုက်ပါဦးမည်။ ၁၉၉၃ ခု အမျိုးသားညီလာခံ စတင်ကျင်းပချိန်တွင် အနောက်တိုင်းဒီမိုကရေစီကို အတုမယူ၊ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီကိုသာ ယူမည်၊ ယင်းကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ခေါ်သည်၊ မြန်မာနိုင်ငံသားများသည် ဒီမိုကရေစီနှင့် မတန်သေးဟု ရေးကြသည်။

“လက်ရှိတပ်မတော်အနေဖြင့် ကားကို သူ မမောင်းရလျှင် အိပ်ပျော်သူမဟုတ်၊ သူ မောင်းလျှင်လည်း အိပ်ရမည်မဟုတ်သဖြင့် ဒီမိုကရေစီခရီးအတွက် အလွန်အန္တရာယ်များသည်။”

ထိုစဉ်က စစ်အစိုးရသည် ထိုသို့အယူအဆမျိုး လက်ခံထားခြင်းမှာ သူတို့လေ့လာခဲ့သည်ဖြစ်စေ၊ မလေ့လာဘဲ နေခဲ့သည်ဖြစ်စေ ဤ Personal Autonomy ကို အခြေပြု၍ တွေးခေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဒီမိုကရေစီသည် တွားသွားစ အရွယ်သာ ရှိသေးသည်ဟု ဆိုခြင်းဖြင့် ဂရိမြို့ပြဒီမိုကရေစီကို အားကျပုံရသည်။ ဒီမိုကရေစီစံနှုန်းဖြစ်သည့် Rule by the people ကို လက်ခံပါပြီတည့်။ People ကို စံသတ်မှတ်ရာတွင်မူ လိုရာဆွဲသွားသည်။ ဆွဲပုံမှာ ...

၁။ အဆင့် (၁) ဖြစ်သည့် Rule by the people တွင် နိုင်ငံသားဖြစ်လျှင် အရည်အချင်းပြည့်မီသည်ဟု ယူဆသည်။ နိုင်ငံသားတိုင်းက အာဏာရှင်များဖြစ်သည်။

၂။ အဆင့် (၂) အရ အုပ်ချုပ်ရေးအပိုင်းတွင် နိုင်ငံသားတိုင်းသည် အာဏာပိုင်များမဟုတ်။ အတော်ဆုံး နိုင်ငံသားများသည်သာ အုပ်ချုပ်ခွင့်ပြုစေခြင်းဖြစ်သည်။

၃။ အတော်ဆုံး နိုင်ငံသားများကို အောက်ခြေနိုင်ငံသားများက ရွေးကောက်တင်မြှောက်တတ်ပုံ မရ။ တော်တတ်သည့် နိုင်ငံသားများကသာ အတော်ဆုံးကို ရွေးကောက်တင်မြှောက်တတ်သည်။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီသည်သာ မြန်မာနိုင်ငံ၌ သင့်တော်သည်။ ဥပမာ - သမ္မတကို ပြည်သူတို့က တိုက်ရိုက်ရွေးပိုင်ခွင့်မရှိ။ လွှတ်တော်တွင် လွှတ်တော်အမတ်များကသာ ရွေးကောက်တင်မြှောက်ပိုင်ခွင့် ရှိသည်။

၎။ ထို့ပြင် အုပ်ချုပ်ရေးစနစ်မှာ သမ္မတအုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဥပဒေပြုရေးစနစ်မှာ ပါလီမာန်ဒီမိုကရေစီဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ခု ဥပဒေသည် အလွန်ရှုပ်ထွေးသည့် ဥပဒေဖြစ်သည်။

၅။ ပြည်ထောင်စုအဆင့်မှာ သမ္မတအုပ်ချုပ်ရေးစနစ် ထားရှိပြီး ပြည်နယ်အဆင့်တွင် ပါလီမန်အုပ်ချုပ်ရေးစနစ် ကျင့်သုံးသည်။ တနိုင်ငံစနစ်နှစ်မျိုးပုံစံ ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ Personal Autonomy နှင့် ပတ်သက်၍ မိမိကိုယ်ကို ဆောက်တည်နိုင်သော ပုဂ္ဂိုလ်များသာ အုပ်ချုပ်နိုင်မည်ဖြစ်ရာ ဗင်းနစ်မြို့ဒီမိုကရေစီကို အပြည့်အဝ မိတ္တူကူးချထားသည်။ ဗင်းနစ်မြို့တွင် ၂၀ ရာခိုင်နှုန်းမျှသာ အုပ်ချုပ်ခွင့်ရှိရာ ကျန် ၈၀ ရာခိုင်နှုန်းက တန်းတူမရခဲ့ချေ။ ၂၀၀၈ ခု အခြေခံမူ ၆ ချက်ကို လေ့လာကြည့်လျှင် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင်ပါဝင်ရေး ဟူသောအချက်ကို ထောက်ကြည့်လျှင် မြန်မာနိုင်ငံတွင် Personal Autonomy အကောင်းဆုံးမှာ တပ်မတော်သာဖြစ်သည် ဟူသောအချက်ကို ရသည်။ အနာဂတ်မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးသည် တပ်မတော်နှင့်သာ တန်သည်။ အခြားနိုင်ငံသားများနှင့် မတန်ဟု ဆိုလိုရာရောက်သည်။

၂၀၀၈ ဥပဒေသည် စစ်အုပ်ချုပ်ရေးကို ကွန်ကရစ်လောင်းခြင်းသာ ဖြစ်သည်ဟု စာရေးသူတို့ ရေးနေခြင်းတို့မှာ စစ်တပ်ကို မုန်း၍ မဟုတ်ဘဲ ဤသဘောတရားကို သိ၍ ဖြစ်သည်။ ၂၀၀၈ ဥပဒေသည် မည်သည့်ရှုထောင့်မှပင် ကြည့်သည်ဖြစ်စေ စစ်အုပ်ချုပ်ရေးသာ ဖြစ်သည်ကို သိနိုင်ပါသည်။ အကျဉ်းချုံးလိုက်လျှင် မြန်မာနိုင်ငံသားများသည် Personal Autonomy မရှိ၊ စစ်အုပ်ချုပ်ရေးနှင့်သာ တန်သေးသည်ဟု ဆိုလိုရာရောက်သည်။

၁။ စစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီအုပ်ချုပ်ရေးဟု ထင်မြင်အောင် ရေးဆွဲသည်။

၂။ စစ်အုပ်ချုပ်ရေးမှန်း မရိပ်မိအောင် ပါတီနိုင်ငံရေးကို ဝန်းရံစေသည်။

၃။ ဗင်းနစ်ဒီမိုကရေစီမှန်းမသိအောင် တိုင်းရင်းသားများကို ပါဝင်စေသည်။

ဤသည်မှာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် Personal Autonomy ဖြစ်သည်။ အဓိပ္ပာယ်မှာ တပ်မတော်က ပါတီနိုင်ငံရေးကို Personal Autonomy နှင့် ပတ်သက်ပြီး စိတ်မချ၊ တိုင်းရင်းသားတို့၏ Personal Autonomy ကိုလည်း စိတ်မချ၊ မိမိတို့သာ Personal Autonomy နှင့် ပြည့်စုံ၍ မိမိတို့သည်သာ အုပ်ချုပ်မည်၊ အုပ်ချုပ်စေမည်ဟု သဘောထားသည်။ လက်ရှိတပ်မတော်အနေဖြင့် ကားကို သူမမောင်းရလျှင် အိပ်ပျော်သူမဟုတ်၊ သူ မောင်းလျှင်လည်း အိပ်ရမည်မဟုတ်သဖြင့် ဒီမိုကရေစီခရီးအတွက် အလွန်အန္တရာယ်များသည်။

စစ်တပ်က နှစ်ပေါင်း ၆၀ အုပ်ချုပ်ခဲ့သောကြောင့် ရှိရှိသမျှ မြင်မြင်သမျှကို တွားသွားစကလေးများဟု အထင်ရှိပုံရသည်။ ကလေးကို မိဘက အုပ်ချုပ်ရမည်မှာ ဓမ္မတာတည်းဟု သဘောထားသည်။ ဒီမိုကရေစီဆိုသည်မှာ All inclusiveness အားလုံး ပါဝင်စေရမည်ဆိုသော်လည်း အရူးတယောက်ကို ပါဝင်စေရမည်လောဟု စောဒကတက်ပါသည်။ ၆၀ ကျော်အရွယ် အဖိုးကြီးတယောက်က လယ်လုပ်နေသည့် အသက် ၄၀ ကျော်အရွယ် သူ့သားတော်မောင်ကို စိတ်မချသဖြင့် ဥပုသ်ကို ဖြောင့်အောင် မစောင့်နိုင်ဆိုသတည့်။

All inclusiveness ကို Personal Autonomy ဖြင့် ဘောင်ကန့်သတ်ရန် မသင့်။ ဒီမိုကရေစီနည်းကျ ဗုဒ္ဓဝိနည်းတော်မှာ သိမ်သမုတ်လျှင် ဒေသခံသံဃာတော်များ၏ ဆန္ဒ (Vote) ကို ရယူရသည်။ ရဟန်းတပါးသည် ရူးနေသည်ဖြစ်စေ သူ့ဆန္ဒကို ယူရပါသည်။ သူက သဘောမတူလျှင် သိမ်သမုတ်၍ မရပါ။ သူ၏ Personal Autonomy ကို စာရေးသူတို့ Judgement သွားလုပ်၍ မရ။ အရူးဆိုသဖြင့် Self control လျှော့နည်းတာ တခုသာရှိမည်။ သူ၏ Intrinsic Equality ကိစ္စကို သွားထိခိုက်၍ မရ။ မွန်ပြည်နယ်တွင် ရှိသမျှ ပြည်သူများသည် အရူးများသာ ဖြစ်သည်ဟုဆိုလျှင် ထိုအရူးများနှင့် တည့်အောင် ပေါင်းရပါမည်။

အဘယ်ကြောင့်ဆိုသော် အရူးသည် လူကောင်းကို အရူးဟု ထင်တတ်သည်သာဖြစ်သည်။ စာရေးသူက ကျောင်းတကျောင်းကို ကိစ္စတခု ရှိ၍ သွားဖူးသည်။ အဲဒီကျောင်းတွင် ဒကာတယောက် ရှိရာ သူ့ကို အရူးဟု သဘောထားကြသည်။ တနေ့တွင် စာရေးသူက ထိုကျောင်းတွင် ရှိနေစဉ် ကျောင်းအောက်ထပ်တွင် သူ အော်နေသည်ကို အထင်းသား ကြားရသည်။

“ဟင်း ... ခင်ဗျားတို့ မသိကြဘူးလား။ ဒီကောင်က ရူးကြောင်ကြောင်ဖြစ်နေတာ။ ခွင့်လွှတ်လိုက်ကြပါဗျာ” တဲ့။

ဒီကောင်ဆိုတာ သူမဟုတ်ပါ။ အခြားတယောက်သာ ဖြစ်သည်။

ဆက်ရေးပါမည်။

Ven Ravika
(ဖေ့စ်ဘွတ်ခ်မှ ...)

4 comments:

Unknown said...

ဒီအတွေးအခေါ်ကိုတော့လေးစားတယ် ကြိုက်တယ်ဗျာ

Shin Myochit said...

ဒေါက်တာလွမ်းဆွေရှင့်၊အမြဲတမ်းဒီဝက်ဘ်ဆိုက်မှာကြည့်နေသူပါ။ဒီဆောင်းပါးအပြင်ဗဟုသုတရယူစရာဆောင်းပါးတော်တော်များများလေ့လာမိရပါသည်။နောက်နောင်များမှာလည်းအလားတူဆောင်းပါး(သို့)ဗင်းနစ်ဒီမိုကရေစီ၊တရုပ်မှာအုပ်ချုပ်နေတဲ့စနစ်စသည်ဖြင့်ထုတ်ဖေါ်ရေးသားတင်ပြစေချင်ပါသည်။အသိပညာရှိမှစမ်းစစ်ဝေဖန်နိုင်ပါမည်။မြန်မာနိုင်ငံသားအားလုံးအသိရှိကြလျင်တချိန်ကဦးဇော်မင်းပြောခဲ့သောလျှပ်စစ်ဓါတ်အားသည်မြန်မာပြည်သူတွေနဲ့မတန်ဘူးဆိုသည့်အပြောအဆိုမျိုးခံရစရာမရှိပါ။သွေးခွဲသူ၊လှည့်ဖျားသူတို့ကိုလည်းခွဲခြာနိုင်ပါမည်၊နိုင်ငံအတွက်တဖက်တလမ်းမှတာဝန်ထမ်းဆောင်နေသူအနေဖြင့်လေးစားမိပါသည်။ဆက်ခါဆက်ခါအောင်မြင်ပါစေ၊

Unknown said...

ဒေါက်တာရှင့် ဆောင်းပါးတွေဖတ်ရတာဗဟုသုတအများကြီးရပါတယ် တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနှစ်ခြမ်းကွဲရတဲ့အကြောင်းလဲသိချင်ပါ တယ် ဆက်ဆက်ဖော်ပြပေးဖို့တောင်းဆိုပါတယ်

Unknown said...

သမ္မတကြီးခင်ဗျာ့ ပြည်ထောင်စု ၀န်ကြီးတွေ အပြောင်းအလဲ လုပ်မယ်ဆိုတော့ ကြိုဆိုတယ်ဗျာ၊ အောက်ခြေကနေစပြောင်းတာထက် အထက်က အကောင်ကြီးကြီး င၀ါးကြီးတွေကို အရင်ပြောင်းလဲမှ ပိုကောင်းတာပါ။ ဌာနအသီးသီးက အာဏာရှိတဲ့ အထက်က ဘီလျှံနာ သူခိုးကြီးတွေ တစ်နေရာတည်းမှာ ဆက်ရှိနေရင် တိုင်းပြည်တိုးတက်ရေး ထိခိုက်မှာဘဲ အခုဆိုရင် ဌာနအကြီးအကဲ သူခိုးအကြီးစားတွေ မပြောင်းဘဲ ဟိုမရောက် ဒီမရောက် ပေါက်စန ဖွတ်ကလေးတွေကို ပြောင်းတော့ မိသားစုတွေ တပြုံတမ ဒုက္ခတွေ့ကြပါတော့မယ် ဒီတော့ ဖယာင်းတိုင်က မီးချောင်းဘ၀ တက်ချင်ရင် ဌာနကြီးတွေက ရိုးရာအစဉ်အလား မပျက်တဲ့ အကြီးစားသူခိုးတွေသာ ပြောင်းလဲသင့်တာပါ။ ယခင်ကတည်းက အစဉ်အလာမပျက်လုပ်စားသူကို လက်ဝေခံအာဏာခွဲပြီး ယုံကြည်မိရင် သမ္မတကြီးပြောသလို ရှေးရိုးစွဲကို ယုံကြည်သူစာရင်းမှာ ပြည်ထောင်စုဝန်ကြီးတွေ မပါဖို့တော့ လိုပါလိမ့်မယ်