အာဇာနည်နဲ့ ဗာရာဏသီ
စိန်သံလုံး
သရုပ်ဖော် ကာတွန်း - စောငို
ဟိုးရှေးရှေးတုန်းက ပုံပြင်လေးတပုဒ်ပါ။ ဗာရာဏသီပြည်ကို ဗြမ္မာသတ်မင်း ခေါ် မြန်မာသတ်မင်း အုပ်စိုးသတဲ့။ အဲဒီမင်းဘုရင်ကြီးက တိုင်းပြည်ကယ်တင်သူအဖြစ် ကြေညာသတဲ့။ ချောက်ထဲကျဖို့ လက်နှစ်လုံးလား သုံးလုံးလား မသိပါဘူး၊ အဲဒီ လက်နှစ်လုံး လက်သုံးလုံး အလိုမှာ သူ ကယ်တင်ခဲ့တယ်ဆိုပဲ။
အဲဒီကစပြီး နှစ်လုံး၊ သုံးလုံးတွေ ခေတ်စားလာပြီး ဗာရာဏသီပြည်မှာ လှည်းနေလှေအောင်း မြင်းစောင်းမကျန် နှစ်လုံး သုံးလုံး ထိုးပြီး မွဲကုန်ကြသတဲ့။ တချို့ကတော့ တိုင်းပြည် မွဲတာ ဆင်းရဲတာ ဘုရင်ကြီး အသုံးမကျလို့၊ ကိုယ်ကျိုးအတွက် ရတနာတွေ ယူသုံးလို့၊ စီးပွားရေး စီမံကိန်းတွေကို မလုပ်တတ် မကိုင်တတ် ထင်ရာလုပ်ခဲ့လို့၊ တပည့်တပန်းတွေကို စားကွက်မပေးဘဲ ငါ့သား၊ ငါ့မယား၊ င့ါဆွေမျိုးသားချင်းတွေ ကောင်းစားဖို့အတွက် လုပ်ရင်း လုပ်ရင်းနဲ့ပဲ ဗာရာဏသီတိုင်းပြည်ကြီးဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်သွားတယ်ဆိုပဲ။
နှမြောစရာကောင်းတာက အဲဒီဘုရင်ကြီး မတက်ခင်က အဲဒီဗာရာဏသီပြည်မှာ စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးစပြုလာနေတုန်းမှာပဲ အညွန့်ချိုးခံလိုက်ရတာ ပြည်သူပိုင်သိမ်းခဲ့တဲ့ မှားယွင်းမှုကြောင့်ပဲလို့ ပညာရှင်တွေ သုံးသပ်ခဲ့ကြတယ်။ အဲဒီတုန်းက ဗာရာဏသီပြည်က ထုတ်လုပ်တဲ့ ပစ္စည်းတွေက အရည်အသွေးကောင်းတဲ့အတွက် ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ သက်သေတွေပါပဲလို့ စီးပွားရေးလုပ်ငန်းရှင်တွေက မျက်ရည်စက်လက်နဲ့ ပြောပြကြတာ ကြားခဲ့ဖူးပါတယ်။ အဲဒီ ဘုရင်ကြီးလက်ထက်မှာတော့ ထုတ်ထားတဲ့ ငွေစက္ကူတွေကို တရားမ၀င် ကြေညာခဲ့တယ်၊ အဲဒီတော့ ဗာရာဏသီပြည်ကို ဖျက်တဲ့ တတရားခံကတော့ ဘုရင် (၁) ပဲ။ ဒါပေမယ့် အဲဒီဘုရင်ကြီးက သေသွားပြီး ဘုရင် (၂) ကလည်း ဗာရာဏသီပြည်ကို ကောင်းအောင် လုပ်ချင်ပေမယ့် သူ့အောက်လူတွေက အာဏာမက်မောနေပြီး ကတိအတိုင်း အာဏာမလွှဲချင်တာကြောင့် ဘုရင် (၂) ကို ဖယ်ထုတ်လိုက်ကြတယ်။ နောက်တော့ ဗာရာဏသီပြည်မှာ ဘုရင် (၃) တက်လာခဲ့တယ်။ ဘုရင် (၂) ကတော့ စိတ်ထိခိုက်ပြီး ကံတော်ကုန်ရှာတယ်။
အဲဒီဘုရင် (၃) က အဆိုးဆုံး မြန်မာသတ်မင်း ပီသတယ်။ ဘုရင် (၁) က ကျောင်းသားနဲ့ အလုပ်သမားပဲ သတ်တာ။ ဘုရင် (၃) ကတော့ ကျောင်းသားကျောင်းသူတွေကို သတ်တယ်။ အလုပ်သမား လယ်သမားတွေကို သတ်တယ်။ အဆိုးဆုံးကတော့ ဘုန်းကြီးတွေကိုပါ သတ်တယ်၊ ထောင်ချတယ်၊ နှိပ်စက်တယ်၊ အငြှိုးထားပြီး နှစ်ရှည်ထောင်ဒဏ်တွေ မတော်မတရား အပြစ်အမျိုးမျိုး ပေးတယ်။ အဲဒါ ဘုရင် (၃) ရဲ့ ယုတ်မာမှုတွေပဲ။ အဲဒီဘုရင် (၃) ရဲ့ လက်ထက်မှာ ဥပဒေကို ကျော်လွန်ပြီး တရားသူကြီးတွေကို စာအိတ်ပေးပြီး ပြစ်ဒဏ်ချခိုင်းတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ အများဆုံးလုပ်တယ်။ အဲဒီဘုရင် (၃) ရဲ့ လက်ထက်မှာ နာမည်ကျော် လူသတ်မှုတွေကိုလည်း တရားခံပေါ်အောင် မဖော်ထုတ်နိုင်ဘူး။ ဘာကြောင့်ဆိုတော့ ဘုရင် (၃) နဲ့ သူ့တပည့်ရင်းတွေရဲ့ လက်ချက်တွေ ပါနေလို့ပဲ။ ရှင်းပါတယ်နော်။
အဲဒီမှာ ပြောစရာရှိတာက ဗာရာဏသီပြည်ရဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ အဲဒီနိုင်ငံရဲ့ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ခေါင်းဆောင်ကြီးနဲ့တကွ အစိုးရအဖွဲ့ဝင်တွေ လုပ်ကြံသတ်ဖြတ်ခြင်းခံရလို့ အာဇာနည်နေ့ သတ်မှတ်ပြီး နှစ်စဉ် အောက်မေ့သတိရစွာနဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ်တွေ လုပ်လာခဲ့တာ ခုဆိုရင် နှစ်ပေါင်းခြောက်ဆယ်ကျော်ပြီပေါ့၊ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ မတိုင်ခင်က ဘုရင်တွေကတော့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုတွေကို ထောက်ပံ့ခြင်း ကူညီခြင်း နေရာပေးခြင်းတွေ ရှိခဲ့ဖူးပါတယ်။
အဲဒီဗာရာဏသီရဲ့ အာဇာနည်ကြီးတွေကို ဘုရင် (၁) က သွားရောက်ပြီး အလေးပြုဖူးတယ်။ ဘုရင် (၂) နဲ့ (၃) ကတော့ အဲဒီခေါင်းဆောင်ကြီးတွေကို အဖက်လုပ်ပြီး ၀မ်းနည်းခြင်းနဲ့ အလေးမပြုခဲ့ကြဘူး။ ခက်တာက သူတို့က ဘာအရည်အချင်းမှမရှိပဲ ဘ၀င်မြင့်နေကြလို့ပဲ။ အာဏာနဲ့လက်နက် အားကိုးနဲ့ ဘုရင်ဖြစ်လာခဲ့တာပဲ အဟုတ်ကြီးမှတ်နေကြတယ်။ တကယ်ကတော့ ပြည်သူက ရွေးကောက်ခဲ့တာမဟုတ်ဘူး။ ဇွတ်ဘုရင် တက်လုပ်ကြတာလေ။ နောက်ပိုင်းမှာတော့ ဘုရင် (၃) က သူ့စိတ်ကြိုက် ဂွင်ရိုက်ထားတဲ့ ဖွဲ့စည်းပုံကို ထားပြီး ပလ္လင်ပေါ်က ဆင်းပေးခဲ့တယ်။ အဲဒီဖွဲ့စည်းပုံနဲ့ ဖွတ်တွေကို လူရာသွင်းခဲ့တယ်။ ဘယ်လောက်ကြာကြာ ဇွတ်အတင်း မတရား လုပ်နိုင်မလဲ၊ စောင့်ကြည့်ကြတာပေါ့။
အဲဒီဗာရာဏသီပြည်ရဲ့ ဘုရင် (၄) ကတော့ ဘယ်လိုလုပ်မယ် မသိဘူး။ အာဇာနည်နေ့တော့ နီးလာပြီ။ ဘုရင် (၄) က အဲဒီအာဇာနည် ခေါင်းဆောင်ကြီးတွေကို သူ့ရှေ့က ဘုရင်တွေလို မျက်ကွယ်ပြုဦးမှာလား၊ ဘာလုပ်ဦးမလဲ ဆိုတာကို ပြည်သူတွေက စောင့်ကြည့်နေတယ်။ အဲဒီ ဘုရင် (၄) ကတော့ ရွှေမန်းတင်မောင်ထက် အပြောကောင်းတယ်။ သူ့လက်ထက်မှာ ဗာရာဏသီကို ဒီမိုကရေစီ ပေးမယ်ဆိုပဲ။ ဘုရင် (၄) ပြောသမျှ အကောင်းချည်းပဲ။ ပြောသလို လုပ်နိုင်ဖို့ပဲ လိုတယ်။
လောလောဆယ်မှာတော့ ဗာရာဏသီမှာ လယ်သမားတွေ လယ်မြေယာမြေ အသိမ်းခံရနေတယ်။ စစ်တပ်နဲ့ စီးပွားရေးကုမ္မဏီတွေက သိမ်းတော့ (အခုထိ အကာအကွယ် ပေးတဲ့ ဥပဒေလည်း မရှိသေးတော့) လယ်သမားတွေ ငုံ့ခံနေရတာပေါ့။ နောက်ပြီး အလုပ်သမားတွေ လုပ်ခလစာ နည်းလွန်းလို့ ဘ၀ရပ်တည်လို့ မရတော့တာမို့ ဆန္ဒပြ တောင်းဆိုကြတယ်။ သူတို့လည်း ထိုနည်း၎င်းပါပဲ။ ကာကွယ်ပေးတဲ့ ဥပဒေ မရှိသေးဘူး။ ဘုရင်ကြီးဆီကလည်း တချက်လွတ်အမိန့်နဲ့ အကူအညီ မရသေးဘူး။
အဲဒီတော့ ဘုရင် (၄) ပြောတဲ့ ဒီမိုကရေစီဆိုတာ ဘယ်မှာလဲ။ လိုက်ရှာကြရမှာလား။ ခုလောလောဆယ်မှာတော့ လိုက်လေဝေးလေ၊ ရှာလေ ပြေးလေပါပဲ။ လုပ်နေတဲ့ လုပ်ရပ်တွေကလည်း ဒီမိုကရေစီနဲ့ ဆန့်ကျင်ဖက်ပဲ။ ဗကသ မကသ ကျောင်းသားတွေကို ဖမ်းတာ၊ မိသားစုကို ဖိအားပေးတာတွေက အရင်က အချိုးအတိုင်းပဲ။ အာဏာရှင်စနစ်ရဲ့ အနိုင်ကျင့်မှုတွေအတိုင်းပဲ။ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဝေခွင့်တွေကလည်း ကန့်သတ်ခြင်း ထိန်းချုပ်ခြင်းတွေ ခံနေရတယ်။ ဗာရာဏသီရဲ့ ရှေးဟောင်းအမွေတွေကို ထိမ်းသိမ်းနေကြတုန်းပဲ။ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုတွေကိုလည်း ဘာလုပ်ကွက်မှ မပေးဘဲ၊ ဘာအကူအညီမှ မပေးဘဲ ပစ်ထားတုန်းပဲ။ ဘုရင် (၃) နဲ့ သူ့တပည့်တွေ ငါ့သား၊ ငါ့မယား၊ ငါ့ဆွေမျိုးသားချင်းတွေအတွက် ဆိုတဲ့ ကြွေးကြော်သံကြီးနဲ့ စီးပွားဖြစ်နေတာ ပြည်သူတွေ သိတယ်။ အကျင့်ပျက်ခြစားမှုအကြီးဆုံးက ဘုရင် (၃) ပဲ။ ယုတ်မာရက်စက်မှုနဲ့ ကျော်ကြားတာကလည်း ဘုရင် (၃) ပဲ။
အဲဒီလို သိက္ခာမဲ့ခဲ့တဲ့ ဗာရာဏသီက ဘုရင်တွေက အာဇာနည်ဆိုတာကို အသိအမှတ်မပြုကြတာဟာ အလွန်အရုပ်ဆိုး အကျည်းတန်တာပေါ့။ တကယ်ဆိုရင် တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ အာဇာနည်တွေရဲ့တန်ဖိုးနဲ့ ဗာရာဏသီက ဘုရင်တွေရဲ့တန်ဖိုးကတော့ နံ့သာဆီနဲ့ အီးလို ကွာခြားနေတာကြောင့် ဒီပုံပြင်လေးရဲ့ ခေါင်းစဉ်မှာ အတူယှဉ်တွဲပြီး ဖော်ပြမိတာပဲ အပြစ်ကြီးလှပါပြီ။ အာဇာနည်ခေါင်းဆောင်တွေကို ကျေးဇူးသိတတ်တဲ့စိတ်၊ အလေးအနက်ထား လေးစားတဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်တွေနဲ့ အာဇာနည်နေ့အခမ်းအနားကို ကျင်းပသင့်တာပေါ့၊ အာဇာနည်ဆိုတာ တိုင်းပြည်အတွက် အသက်စွန့်သူ၊ ဗာရာဏသီဘုရင်တွေကတော့ ကိုယ်ကျိုးရှာ အမြတ်ထုတ် ယုတ်မာသူတွေဖြစ်လို့ ပြည်သူလူထုရဲ့ ဒဏ်ခတ်ခြင်းကို ခံရမှာပါ။ ပုံပြင်လေးကတော့ ဒါလောက်ပါပဲကွယ်။
စိန်သံလုံး
1 comment:
good very good he tell burma i thinking!!!!!
Post a Comment