‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၄)
ဒေါက်တာလွဏ်းဆွေ
ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့ အာဏာရှင်နိုင်ငံအသီးသီးက အတိုက်အခံခေါင်းဆောင်တွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်လောက် ကုသိုလ်ထူးတဲ့ အတိုက်အခံခေါင်းဆောင်မျိုး ဘယ်အာဏာရှင်နိုင်ငံမှာမှ ပေါ်ပေါက်ခဲ့ဖူးခြင်းမရှိခဲ့ဘူးဆိုတာကို မကြာသေးခင် လပိုင်းတွေအတွင်းက လှည့်လည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်၊ ဥရောပနိုင်ငံများခရီးစဉ်၊ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်မှတ်တမ်းတွေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက ခေါင်းဆောင်တွေ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေကို ကြည့်ရင် အားလုံးနီးပါး သဘောတူလက်ခံနိုင်ကြမယ် ထင်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးလောကမှာ (ပုဂ္ဂိုလ်ရေးဘ၀ဆိုင်ရာ ပေးဆပ်မှုတွေ ကြီးမားခဲ့လင့်ကစား) ရွှေဇွန်းကိုက် မွေးဖွားလာတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးလို့ ပြောစမှတ်ပြုရလောက်အောင် မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံပံ့ပိုးမှုအပိုင်းတွေမှာ ရေကန်အသင့် ကြာအသင့် ဖြစ်ခဲ့သူပါ။
အဲဒီလို ရေကန်အသင့် ကြာအသင့် ဖြစ်ခွင့်ရခဲ့ခြင်းတွေအပေါ် အကဲဖြတ်ချက်ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ့ရဲ့မိသားစုဘ၀ကို လုံးဝဥဿုံ အဆုံးရှုံးခံ ပေးဆပ်ခဲ့မှုက အဓိက အချက်တချက်အနေနဲ့ ပါဝင်မှာဖြစ်သလို မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာရယ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်း (အဓိက အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများ) ရဲ့ ငြိမ်းချမ်းရေးနိုဘဲလ်ဆု အပါအ၀င် ဆုတံဆိပ်ပေါင်းများစွာနဲ့ ၀န်းရံထောက်ခံမှုပေးခြင်းခံခဲ့ရတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ ဉာဏ်ပညာကြီးမားမှုနဲ့ သတ္တိဗျတ္တိရှိမှုတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးစန်းပွင့်မှုတွေရယ် … စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
ကျနော့်တဦးတည်းအနေနဲ့ ‘ဒေါ်အောင်ဆန်းစုကြည်’ ဆိုတဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် လူပုဂ္ဂိုလ်တဦးအပေါ် အစွဲကင်းကင်း၊ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ် မှတ်ချက်ပြုရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်ကျော်ကြား အရှိန်အ၀ါကြီးမားမှုအပေါ် …
(၁) မြန်မာပြည်သူလူထု အထူးတလည် ကြည်ညိုလေးစားတဲ့ ပြိုင်စံမပေါ် နိုင်ငံကျော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်မှု - ၃၀ မှတ်
(၂) ငြိမ်းချမ်းရေးနိုဘဲလ်ဆု အပါအ၀င် ဆုတံဆိပ်ပေါင်းများစွာနဲ့ ၀န်းရံထောက်ခံပံ့ပိုးပေးခြင်းခံရမှု - ၂၀ မှတ်
(၃) ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ လုံးဝဥဿုံ အဆုံးရှုံးခံ ပေးဆပ်ခဲ့မှု၊ ဉာဏ်ပညာကြီးမားမှုနဲ့ သတ္တိဗျတ္တိရှိမှု - ၂၀ မှတ်
(၄) နိုင်ငံရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြု တိုက်ပွဲဝင်နိုင်မှု - ၂၀ မှတ်
(၅) လူပုဂ္ဂိုလ်တဦးချင်းရဲ့ ဘ၀အကျိုးပေးကောင်းမွန်မှု (စန်းပွင့်မှု) - ၁၀ မှတ်
… ဆိုတဲ့ စံနှုန်းတွေအတိုင်း ချိန်ညှိ အမှတ်ပေးချင်မိပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကျန်တဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို (ယှဉ်ပြိုင်စရာကိစ္စမျိုး မဟုတ်ပေမယ့်) ယှဉ်ထိုးစဉ်းစားကြည့်မယ်ဆိုရင် အချက် (၃) (၄) နဲ့ (၅) တွေမှာ တူညီတယ်ထားဦး၊ အချက် (၁) နဲ့ (၂) တွေမှာ ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်လို့ ဒီကနေ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ထက် စောပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ နောက်ကျပြီးမှ နိုင်ငံရေးလုပ်ခဲ့တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ် အချက် (၁) နဲ့ (၂) နှစ်ခုပေါင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အလိုလို ရှုံးနိမ့်ပြီးသားဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျော်ပြီး မြန်မာ့နိုင်ငံရေးမှာ ဘယ်သူမှ ထိပ်ဆုံးနေရာကနေ ဆုံးဖြတ်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးမျိုး ရမှာမဟုတ်တာကတော့ အသေအချာပဲလို့ ပြောရမှာဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီတိုက်ပွဲထဲ ၀င်ရောက်လှုပ်ရှားဆောင်ရွက်ခြင်းမရှိလို့ ပြည်သူအများရဲ့ ဒေါမနဿဖြစ်မှု၊ မုန်းတီးမှုကို အကြီးအကျယ်ခံနေရတဲ့ ဦးအောင်ဆန်းဦးအနေနဲ့ နိုင်ငံရေးလောကထဲ ၀င်ရောက်လှုပ်ရှားဆောင်ရွက်ခဲ့ရင်လည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားတဦးဖြစ်တဲ့အတွက် အချက် (၁) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တူညီတဲ့ စံနှုန်းကို သေချာပေါက်ရမှာဖြစ်သော်လည်း ကျန်တဲ့ စံနှုန်းတွေမှာ လျော့နည်းနေခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်လို အရှိန်အ၀ါကြီးသူမျိုး ဖြစ်ချင်မှဖြစ်မှာပါ။ ဒီလောက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အဘယ်ကြောင့် ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အခုလို အရှိန်အ၀ါကြီးသူတဦး ဖြစ်နေရသလဲဆိုတာကို ရိပ်စားမိနိုင်မယ် ထင်ပါတယ်။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ့နိုင်ငံရေးလောကမှာ အခုလို အရှိန်အ၀ါကြီးသူတဦး ဖြစ်နေခြင်းဟာ အထက်က စံနှုန်းတွေ အကုန်လုံးနဲ့ ပြည့်စုံနေလို့လား ဆိုတဲ့ မေးခွန်းမျိုး မေးလာတဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလို မေးလာခဲ့ရင် ကျနော့်တဦးတည်းအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အချက် (၁) (၂) (၃) နဲ့ (၅) မှာ စံနှုန်းပြည့် အမှတ်ပေးချင်ပြီး အချက် (၄) ဖြစ်တဲ့ “နိုင်ငံရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြု တိုက်ပွဲဝင်နိုင်မှု” အပိုင်းမှာတော့ ၂၃ နှစ်ကျော်အတွင်း နိုင်ငံရေးအရ အားရလောက်စရာ ဦးဆောင်ဦးရွက်ပြု တိုက်ပွဲဝင်ခဲ့တာမျိုး မတွေ့ရသေးလို့ (ဒါ ကျနော့်တဦးတည်းအမြင်ပါ၊ ကျန်တဲ့ ‘အမေစုချစ်သူတွေ’ ရဲ့အမြင်မှာ ရာနှုန်းပြည့် ဖြစ်ချင်ဖြစ်နေပါမယ်) အမှတ်ပေးလို့ မရသေးဘူးလို့ ဖြေချင်ပါတယ်။
ဘာဖြစ်လို့ အမှတ်ပေးလို့ မရသေးဘူးလဲဆိုရင် လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့အချိန် အများစုဖြစ်ခဲ့ပေမယ့် လွတ်မြောက်နေခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း စည်းရုံးရေးခရီးစဉ်တွေ ထွက်နေတာရယ်၊ ၅၄ ခြံရှေ့မှာ ဟောပြောမှုတွေ ပြုလုပ်နေခဲ့တာရယ်၊ စည်းရုံးရေးခရီးစဉ်အတွင်း အာဏာပိုင်တွေ အနှောက်အယှက်ပေးလို့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ရတာရယ်ကလွဲရင် နိုင်ငံရေးအရ အဆင့်တဆင့် တက်လှမ်းနိုင်အောင် စွမ်းဆောင်ပြနိုင်ခဲ့မှု (ဥပမာ - စစ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှု၊ လွှတ်တော်ခေါ်နိုင်အောင် တိုက်ပွဲဝင်နိုင်မှု၊ စင်ပြိုင်အစိုးရဖွဲ့ပြီး တိုက်ပွဲဝင်နိုင်မှု၊ “မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်အတိုင်း မတရားမှုတွေ ထုနဲ့ဒေးရှိနေတဲ့ တိုင်းပြည်မှာ မတရားမှုတွေအတွက် ကိုယ်တိုင်ဦးဆောင်ပြီး လူထုတိုက်ပွဲဆင်နွှဲခဲ့မှု) မျိုးတွေ မတွေ့ခဲ့ရလို့ပါ။
နောက်ဆုံးအကြိမ် အကျယ်ချုပ်ကနေ လွတ်မြောက်ခဲ့ပြီးနောက်ပိုင်းမှာလည်း ပါတီဝင်တွေအားလုံး ထောက်ခံအတည်ပြုထားတဲ့ ရွှေဂုံတိုင်မူကို ကိုင်စွဲပြီး တိုက်ပွဲဝင်ခြင်းမျိုး အလျဉ်းမရှိတော့ဘဲ ၉၀ ရွေးကောက်ပွဲရလဒ်ကို အပြီးအပိုင် (အလွယ်တကူ) စွန့်လွှတ်ကာ စစ်အုပ်စုရဲ့ လမ်းကြောင်းဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီး နောက်ဆုံးမှာ ပြည်သူလူထု လက်မခံတဲ့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ရတဲ့အထိ စစ်အုပ်စုအလိုကျ ကြံ့ဖွံ့တွေ ကြီးစိုးတဲ့ လွှတ်တော်ထဲ ၀င်ရောက်သွားခဲ့တာကြောင့် (ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအနေနဲ့ ဦးဆောင်တောင်းဆိုတာမျိုးတွေ၊ သင်္ဘောသုံးစီးတိုက်စာလောက် ကြေညာချက် ထုတ်ခဲ့တာမျိုးတွေ လုပ်ဆောင်ခဲ့ပေမယ့် တောင်းဆိုချက်ရတဲ့အထိ တိုက်ပွဲဝင်ခဲ့ခြင်းမျိုး တကြိမ်တခါမျှ မရှိခဲ့တာကြောင့်) ကျနော့်အနေနဲ့ အချက် (၄) နဲ့ ပတ်သက်ပြီး အမှတ်ပေးလို့ မရနိုင်ဘဲဖြစ်ခဲ့ရတာပါ။
အချက် (၄) နဲ့ ပတ်သက်ပြီး ဒီမိုကရေစီတိုက်ပွဲဝင်တွေကြားမှာ အနို့ကလို သို့ကလို ကွဲလွဲမှုတွေ ရှိနိုင်လင့်ကစား အတိုက်အခံတွေအနေနဲ့ရော၊ အာဏာလက်လွတ်သွားရင် နောက်ကြောင်းပြန် အရေးယူခံရမယ့်အရေး တွေးကြောက်နေတဲ့ စစ်အုပ်စုဝင်တွေအနေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်တဲ့ အားကောင်းတဲ့ အချက်တွေရယ်၊ “သမ္မတကြီးကို ယုံတယ်” (ဘယ်လိုကြောင့်ပဲ ယုံယုံ) ဆိုတဲ့ စကားရပ်ရယ်ကို အရင်းတည်ပြီး မြန်မာ့ဒီမိုကရေစီရေးနဲ့ အခြားသော တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း ကဏ္ဍတွေမှာ ဘယ်လို အသုံးချဆောင်ရွက်နိုင်မလဲဆိုတာကို ကျနော့်အနေနဲ့ ဉာဏ်မီသလောက်ကလေး ဆက်လက် ဆွေးနွေးကြည့်ချင်ပါသေးတယ်။
(ဆက်ပါမယ်)
ဒေါက်တာလွဏ်းဆွေ
12 comments:
Bravo, Ko Lun Swe
ဦးလွန်းဆွေ အနေနဲ့ ကိုယ့် ဘလော့ က ကိုယ့် ပို့ စ် မှာ ကိုယ်ပိုင် အမှတ်ပေး စည်း နဲ့ ပေး ထားတော့ ဘက်လိုက် မှာပါ။ ကော်မန့် ပေးခွင့် ထားတော့ ကော်မန့် ပေးတာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြင်ကြော်ကြား မူ့ အကြောင်းရင်း ကို အမှတ်ခွဲပေးတာ ဆိုရင် နံပါတ် (၁) ဟာ ၃၀% မရှိပါ။ နိုင်ငံတကာက ဒေါ်စုကို လေးစားတာဟာ ဗိုလ်ချူပ်အောင်ဆန်း နဲ့ မဆိုင်ဘူး ထင်ပါတယ်။ ဘာမှ မလုပ်ဘဲလဲ ဗိုလ်ချုပ် သမီးမို့ လေးစား ပါ တယ် ဒါပေမဲ့ မကြိုက်တာ လုပ်ရင် မကြိုက်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့နံမည် မကြော်ကြားခင် လွန်လေပြီးသော အခါက ဗိုလ်ချူပ်သမီး နိုင်ငံခြားသား နဲ့ အိမ်ထောင်ပြုတယ် ကြားကြတော့ နှမြောခဲ့ကြဘူးပါတယ်။ ဦးအောင်ဆန်းဦး ဒေါ်သန်းသန်းနု ဟန်ညောင်ဝေ စသူ တို့ဟာ သူတို့ ဖခင်တွေ ရဲ့ ၃၀% အမွေမရပါဘူး အနုတ်တောင် ပြနေသေးတယ်။ ဗိုလ်ချူပ်သမီးမို့ နိုင်ငံရေး စင်မြင့်ပေါ ကိုဆွဲတင်ကြပေမဲ့ ရေကန်အသင့် ကြာအသင့် ထီးမွေနန်းမွေ ဆက်ခံခဲ့တာ မဟုတ်ပါဘူးကျောင်းသား သာသာ နိုင်ငံရေး အသိရှိသူ အမျိုးသမီး တယောက်က နိုင်ငံရေးသမားတွေ ကွန်မြူနစ်တွေ ဗိုလ်ချူပ်ဟောင်းတွေ ကြားက ပြည်သူတွေရဲ့ မျော်လင့်ချက် ခေါင်းဆောင်တယောက် ကဘာ က လေးစားတဲ့ inspiration icon တယောက်ဖြစ်လာ တာ အခြောင်ဖြစ်တာ မဟုတ်ပါဘူး။
နံပါတ်(၂) နိုဘယ်ဆု နဲ့ တံဆိပ်တွေက အလကားနေရင်း ပေးကြတာ မဟုတ်ပါ (၃) နှင့် (၄) ကြောင့်ဆိုတော့ အဲဒီ ၂၀% ကို အခြားသူတွေလဲ ရနှိုင်ပါ တယ် မတရား အကြော ရနေတာ မဟုတ်ပါ။
နံပါတ်(၃) အတွက် ဒေါ်စုကို ၂၀% ပေး ရင် ဦးလွန်းဆွေ နှင့်တကွ ဒီမိုကရေစီ သမားများ ၄၀% ၅၀% ရကြမှာပါ။ ညဏ်ပညာနဲ့ သတ်တိ က ခေါင်းဆောင်မူ့ နဲ့ ဆိုင်တော့ (၄) မှာ ထားရပါမယ်
နံပါတ်(၄) ဒါကတော့ အမှတ် ပေးသူ သဘော အတိုင်း ဘဲ၊ ဆရာမှန်တယ် ထင်တာ ဆရာ လုပ်စေခြင်တာ နဲ့ သူလုပ်တာ မတူတော့ အမှတ်ပေးရခက် ပြီ၊ ဒါပေမဲ့ ညဏ်ပညာ နဲ သတ်တိ ကို အမှတ်ပြည့် ပေးထားတော့ ဒီမှာ အမှတ်လျော့လို့ မရတော့ဘူး
အဲဒီတော့ ဒေါ်စု ကိုကျော်ပြီး ခေါင်းဆောင်လုပ်ခြင်ရင် ဘဝအကျိုးပေး ကောင်းအောင် မနာလို စိတ်ကိုလျော့ပြီး ကုသိုလ် လုပ်ပါ နောင်ဘဝမှာ ဆုတွေအများနဲ့ ဖြစ်နိုင်ပါတယ်။ ဒီဘဝမှာတော့ ဒီမိုကရေစီသမား ပီသစွာ အများဆန်ဒ အလို အရ ပြည်သူ့ ခေါင်းဆေခါင်ဖြစ်နေတဲ့ ဒေါ်စု ရဲ့ဦးဆောင်မူ့ ကို လိုက်ပါ ။ ညဏ်ပညာ ကြီး သတ်တိ ရှိ သူနောက်တာ ပါ
ဒေါ်စုရဲ့  နိုင်ငံရေးထွက်ရပေါက်လမ်းက တိုင်းပြည်နဲ့ လူထုအတွက်လို အော်ခဲ့ ပြီးနောက်ပိုင်း ..ပြည်သူတွေနဲ့  အလှမ်းဝေးဝေး သာလာနေပြီ။ သူကိုတိုင်(ဒေါ်စု) လိုက်ခဲ့တဲ့ ပြည်ဖျက် ဖြတ်လမ်းနီးက ခရီးကောရောက်နေသလား??၊ သူ့ ကိုယ်လူထုခေါင်းဆောင်မဟုတ်တော့ဘဲ့ NLD ဥက္ကဌ-ကော့မှူးလွှတ်တော်အမတ်ဘ၀အဖြစ် ပြောင်းသွားပြီးဆိုတာ သူမသိတော့ပါ။ လွှတ်တော်နဲ့အနီးဆုံးမှာကပ်နေပြီး လက်တွေ့ မပါတဲ့  ပါစပ်နဲ့ ပြော လူထုကိုနှစ်သိမ့် နေဘို့  မလိုတော့ ပါ။ ပြည်သူတွေ ကိုယ်တိုင်ဘဲ ရတဲနည်းနဲ့  တိုက်ပွဲဝင်နေကြတာဘဲ၊ ၂၀၁၅ အတွက် ခလေးကွက်သုံးပြီးကြိတ်ပြင်နေလည်း အလကားပါဘဲ။ တိုင်းပြည်နဲ့ လူထုကို ညာနေလဲ ဘာမှမထူးတော့ပါဘူး ..ဗိုလ်ချုပ်တွေဘက်က သူ့ ရဲ့  ကျော်ကြားမှုဟာ အကယ်ဒမီရ မင်းသမီးကြီး သမီးတလက်အဆင့်မပိုအောင်လုပ်ထားလိမ့်မယ်။ကိုလွမ်းဆွေ ထောက်ပြထားတာတွေ က သူလေးစားနေသေး သူတဦးမို့  ဝေဖန်တာ ဘီယာထဲမှာ ရေများများရောထားသလို ခတ်ပျော့ပျော့ဖြစ်နေသေးတယ်။အရက်ကြမ်းသောက်ပြီး ရမ်းတတ်တဲ့ သူတယောက်လို့ ဝေဖန်လိုက်ပါလား ..ဒီမှာ ငယ်မူပြန်နေတဲ့ အဖွားကြီးရေ..ဒီမိုကရေစီတိုက်ပွဲသမိုင်းကို ဖျက်ခဲ့တဲ့ တရားခံဟာ ခင်ဗျားဘဲ။ စစ်တပ်နဲ့ ပေါင်းထဲက တိုင်းပြည်ကို သွေးပင်လယ်ဖြစ်အောင်လုပ်၊ ပြီးရင် စကားလုံးလှလှတွေပြောလို့ မသိခြင်ယောင်ဆောင်နေတာလည်း ခင်ဗျားဘဲဗျ။ ဘယ်လိုတုံး ဗျ..ခင်ဗျားပါးစပ်က ဖင်ဝမ်းသွား သလိုဖြစ်နေတာရော သိလား?၊ ပြည်သူအပေါ်သစ္စာဖေါက်တဲ့ နိုင်ငံရေးသမားတွေ ဇတ်သိမ်းဘယ်လိုလဲ သိရမှာ..မကြာတော့ဘူး
LunSwe,, what is your point? what's wrong with you? you look jealous or what... you are a dangerous man for the young people who's thoughts are not yet matured. If you want our country to be better future, just shut up your mouth. Do not involve in Myanmar political stream. Just do your daily jobs. that is.
WE CHANGED YOUR NAME FROM DR. LUN SWE TO "DAW LUN SWE, ANTY SWE". BECAUSE U BEHAVE LIKE A DISGRACE WOMAN.
Dr.လွန်းဆွေ။ ခင်ဗျားနဲ့အပေါင်းအပါတွေက ကိုယ်တိုင်လည်းဦးမဆောင်နိုင်။ ဦးဆောင်နေတဲ့လူတွေကိုလည်း ရစရာမရှိအောင်အပြစ်လိုက်ပြောနေကြတယ်။ ခင်ဗျားတို့ကလွဲရင် ဘယ်သူမှမကောင်းသလိုဖြစ်နေတယ်။ ဒီလိုတစ်ယောက်တစ်ပေါက်ရှောက်လုပ်နေရင် တိုင်းပြည်ဘယ်တော့မှရှေ့ရောက်တော့မှာမဟုတ်ဘူး။ ကိုယ့်ထက်ကောင်းအောင်လုပ်နိုင်တဲ့လူရှိရင် ကိုယ့်အတ္တကိုလျှော့ပြီး follow လုပ်စေချင်တယ်။ တိုင်းပြည်အတွက်ပါ။ ခင်ဗျားပုံစံက ငါးမင်းဆွေနဲ့အတူတူပဲ။ ဟိုတစ်ယောက်ကငါးမင်းဆွေ။ ခင်ဗျားက Dr.လွန်းဆွေ။ ဆွေ..မျိုးဆက်တွေပေါ့ဗျာ။ တိုင်းပြည်ကိုဘေးတိုက်တွန်းနေတဲ့လူတွေ။
ပြီးခဲ့တဲ့ အကြိမ်ကလဲရေးခဲ့ပြီးပြီ။ ဒေါ်စုရဲ့ ပင်ကိုယ်မူဝါဒက အကြမ်းမဖက်ပဲ မတရားတဲ့အစိုးရလုပ်ရပ်တွေကိုဖီဆန်ရေးဖြစ်ပါတယ်။ သူကိုယ်တိုင်လဲ နည်းမျိုးစုံနဲ့ အကြမ်းမဖက်ပဲဆန့်ကျင်ပြခဲ့တယ် ညောင်တုန်းမှာသူ့ယာဉ်တန်းကိုအစိုးရကပိတ်ဆို့ထားတုံးက ဒေါ်စုဟာ ကားပေါ်ကမဆင်းပဲ အစာငတ်ခံဆန္ဒပြနေခဲ့တယ် အဲဒီအချိန်က ကိုလွန်းဆွေလဲ မြန်မာပြည်မှာရှိသေးတယ်ထင်တယ်။ ကျနော်တို့ ကိုလွန်းဆွေတို့အပါအဝင်ဘယ်ပြည်သူလူထုကမှ သတ္တိရှိရှိနဲ့ ပိတ်ဆို့ထားတဲ့ နေရာကိုသွားပြီး အနုနည်းနဲ့ ကန့်ကွက်ဆန္ဒပြတာမျိုးမလုပ်ခဲ့ကြပါဘူး အလားတူ ဒီပဲယင်းမှာတုန်းကလဲ ဒီလောက်ကြီးမားတဲ့ နိုင်ငံတော်လုပ်ကြံမှု့ ကြီးရဲ့ လက်သယ်ဂဠုန်ဦးစောလက်သစ်ဟာဘယ်သူဖြစ်တယ်ဆိုတာ ဖေါ်ထုတ်ပေးဖို့ ဘယ်ပြည်သူလူထုကမှဆန္ဒမပြခဲ့ကြပါဘူး။ ကိုလွန်းဆွေရောကျနော်အပါအဝင်ဘယ်သူမှမလုပ်ခဲ့ကြပါဘူး၊ ဒီလို အဖိုးတန်တဲ့ လူထုခေါင်းဆောင်တယောက်ကိုကယ်တင်ဖို့ ကျနော်တို့မလုပ်ရဲခဲ့ကြပါဘူး။ ဒါကြောင့် ကျနော်တွေးမိပါတယ် ကျနော်တို့ ရဲ့ လက်ရှိစွန့်လွှတ်မှု့တွေနဲ့ တကယ်ရောဒီမိုကရေစီနဲ့ထိုက်တန်ရဲ့လားဆိုတာ၊ ပြီးခဲ့တဲ့ အာရပ်နိုင်ငံတွေရဲ့ လှုပ်ရှားမှု့တွေမှာ သူ့တို့မှာ ဒေါ်စုလိုထင်ရှားတဲ့ ခေါင်းဆောင်မရှိပါဘူး လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ စွန့်လွှတ်အနစ်နာခံပြီး လုပ်ခဲ့ကြတာပါ ကျနော်တို့ဟာ ကိုယ်ဘာမှမစွန့်လွှတ်ပဲအချောင်ဒီမိုကရေစီရမလားဆိုတာစောင့်နေခဲ့ကြသလားလို့တခါတလေတွေးမိပါတယ်။ ကိုလွန်းဆွေရေးနေပုံက မြန်မာပြည်ဒီမိုကရေစီရရှိရေးဟာ ဒေါ်စုတယောက်တည်းပေါ်မူတည်နေသလိုဖြစ်နေတယ်။ ဒေါ်စုကိုယ်တိုင်က ဒီမိုကရေစီရရှိဖို့က လူထုအဓိကပါ။ လူထုကိုအားကိုးပါတယ် လို့တဖွဖွပြောနေချိန်မှာ ဒေါ်စုကြောင့်ဒီမိုကရေစီမရတာဆိုတဲ့ အကြောင်းပြချက်ဟာ တကယ့်ကိုသူရဲဘောကြောင်တဲ့ မှတ်ချက်ဖြစ်နေတယ်။
santun ရေးတာကို အပြည့်အ၀ သဘောတူတယ်..
မတရားမှုတွေ၊ ရက်စက်မှုတွေ၊ ကောက်ကျစ်မှုတွေ၊ အနိုင်ကျင့်ဆော်ကားမှု၊ လူမဆန်မှုတွေ ဒင်းကြမ်းပြည့်နေတဲ့ အခြေအနေ ခေတ်အခါမှာ ဒေါ်စုနေရာမှာ ကိုယ်ကိုယ်တိုင်ဆိုရင် ဘာလုပ်မလဲ..
သင့်မြတ်တဲ့ အစီအစဉ် စိတ်ကူးလေးများရှိရင် ချပြကြပါ.. နက်နဲစွာ အကြံပြုကြပါ..
တကယ်တမ်း စိတ်ကူးသက်သက်နဲ့ အကောင်အထည်ဖော်ရတာ လွယ်ကူလွန်းလှပါတယ်..
ဒီတစ်ခါ ဒေါက်တာလွဏ်းဆွေရဲ့ ရေးသားမှုကို ၃၀%လောက်ပဲ လက်ခံလို့ရတယ်..
မြန်မာပြည်အနာဂါတ်ဟာ ဒေါ်စုတစ်ယောက်ထဲ အပေါ်မှာ တည်မီနေတာမဟုတ်ပါဘူး.. တာဝန်ရှိနေတာ မဟုတ်ပါဘူး..
တိုင်းသားပြည်သူ တစ်ဦးတစ်ယောက်ချင်းအပေါ်မှာ တည်မှီနေတာပါ.. တာဝန်ရှိနေတာပါ..
ဆ၇ာလွန်း မိမိ ကိုယ် ကိုယ် အမှန်ဆုံး အမြန် ဆုံး ပြန်လည် သုံးသပ် နိုင်ပါစေဗျာ။ စာ၇ှာတဲ့ အချိန် တုန်းက ကျွန်တော် တို့ လူ ငယ်ပိုင်းတွေကို စာတွေ ချပေး နိုင်ခဲ့ တဲ့ သံယောဇဉ် ကြောင့် ပါ ။
ဆရာ လွဏ်းဆွေခင်ဗျား။
(၁) မြန်မာပြည်သူလူထု အထူးတလည် ကြည်ညိုလေးစားတဲ့ ပြိုင်စံမပေါ် နိုင်ငံကျော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်မှု - ၃၀ မှတ် ဆိုတာအပေါ် သဘောမတူပါ။ ဗိုလ်ချုပ်သမီး ဖြစ်လို့ လူပိုသိတာပဲ ရှိတာပါ။ ဒေါ်စုရဲ့ လုပ်ရပ်အပေါ် ပြည်သူလူထုက ကြိုက်ကြလို့ ထောက်ခံကြတာပါ။ ကျွန်တော်ကတော့ နံပါတ် (၁) ကို ၁၀ မှတ်လောက်ပဲ ပေးပါမယ်။
(၂) ငြိမ်းချမ်းရေးနိုဘဲလ်ဆု အပါအ၀င် ဆုတံဆိပ်ပေါင်းများစွာနဲ့ ၀န်းရံထောက်ခံပံ့ပိုးပေးခြင်းခံရမှု - ၂၀ မှတ် ဆိုတဲ့ အပေါ် ဘာဖြစ်လို့ နိုဗယ်ဆု ချီးမြှင့်တာလဲ ဆိုတာလေးလဲ စဉ်းစားစေချင်ပါတယ်။ ၉၀ ရွေးကောက်ပွဲ အပြီး အနိုင်ရ ပါတီကို အာဏာ မအပ်နှင်းတဲ့အတွက် ဒေါ်စုအနေနဲ့ တော်လှန်ရေးကြီးဖေါ်ဆောင်ပြီး လူငယ်တွေကို ထချခိုင်းရင် ထချကြမယ့် လူတွေများပါတယ်။ သူသက်ဝင်ယုံကြည်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို အစဉ်တစိုက် အသုံးပြုခဲ့တဲ့ အတွက်ကြောင့် သွေးထွက်သံယိုမှုတွေ နည်းပါးခဲ့တဲ့အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆု အပါအ၀င် ဆုတံဆိပ်ပေါင်းများစွာ ချီးမြှင့်ခံခဲ့ရတာပါ။
အဲလို ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရတဲ့အတွက်ကြောင့် လူထုထောက်ခံမှု ပိုရတာမှန်ပေမယ့် ကျွန်တော်ကတော့ ၁၅ မှတ်ပဲ ပေးပါမယ်။
(၃) ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ လုံးဝဥဿုံ အဆုံးရှုံးခံ ပေးဆပ်ခဲ့မှု၊ ဉာဏ်ပညာကြီးမားမှုနဲ့ သတ္တိဗျတ္တိရှိမှု - ၂၀ မှတ်
အဲဒါမှာ နှစ်ပိုင်းကွဲနေပါတယ်။ မိသားစုဘ၀ ဆုံးရှုံးခဲ့လို့ လူထုက ဂရုဏာ သက်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်းကို တွေးကြည့်ပါ။ ဒေါ်စုလို လူတစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ အေးဆေးနေလို့ရပါတယ်။ သူ့ယောင်္ကျားအသည်းအသန် ဖြစ်တုန်းက ထွက်သွားပြီး ပြန်မလာလို့ရပါတယ်။ နိုင်ငံရေးဆိုတာလည်း ဒေါ်စုလုပ်ချင်လို့လုပ်နေတာ မဟုတ်ပါ။ အာဏာရဖို့အတွက် မဟုတ်ပါ။ တိုင်းပြည် ဒီမိုကရေစီ အရေးအတွက်ပါ။
ဒ်ါအောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ လုံးဝဥဿုံ အဆုံးရှုံးခံ ပေးဆပ်ခဲ့မှု ကို ကျွန်တော် ၁၅ မှတ် ပေးပါ့မယ်။ ဉာဏ်ပညာကြီးမားမှုနဲ့ သတ္တိဗျတ္တိရှိမှု ကိုတော့ သက်သက်ခွဲခြားပြီး ၂၀ မှတ်ထပ်ပေးပါတယ်။
(၄) နိုင်ငံရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြု တိုက်ပွဲဝင်နိုင်မှု - ၂၀ မှတ် ဆိုတဲ့နေရာမှာ ဆရာသာ သူ့နေရာမှာဆိုရင် ဘယ်လိုနည်းနဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချမှာလဲ။ သူ့လိုမျိုး အာဇာနည် ခေါင်းဆောင်ရဲ့ သားတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လို နည်းနဲ့ တော်လှန်ရေး ဖေါ်ဆောင်မလဲ အရင်မေးပါရစေ။ ဆရာ့အမြင်နဲ့ ယူဆချက်တွေနဲ့ မတူတိုင်း မှားတယ်လို့ မထင်ပါနဲ့ဆရာ။ နိုင်ငံရေးဆိုတာ အနုပညာနဲ့ အတတ်ပညာရောထားတာပါ။ နိုင်ငံရေးလုပ်တဲ့သူတွေ ဖမ်းဆီး အပြစ်ပေးခံခဲ့ရလို့ NLD ဟာ ပါတီတည်ဆောက်ရေး လုပ်ငန်းတွေကို မလုပ်ဆောင်နိုင်ခဲ့ရပါဘူး။ အခုမှ ပြန်ပြီး လုပ်နေရပါတယ်။ (၄) နိုင်ငံရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြု တိုက်ပွဲဝင်နိုင်မှုကိုတော့ စောင့်ကြည့်ပါဆရာ။ ဘာတွေကို ဘယ်လိုလုပ်ပြနိုင်မလဲ ဆိုတာ ကျွန်တော်လည်း လိုက်မမှီသေးပါဘူး။ ဆရာအဲဒါကို တစ်မှတ်မှ မပေးပေမယ့် ကျွန်တော်တော့ ၁၅ မှတ်လောလောဆယ် ပေးထားပါ့မယ်။
(၅) လူပုဂ္ဂိုလ်တဦးချင်းရဲ့ ဘ၀အကျိုးပေးကောင်းမွန်မှု (စန်းပွင့်မှု) - ၁၀ မှတ်ဆိုတဲ့ နေရာမှာ စန်းပွင့်မှုဆိုတာ ဘာကိုပြောတာပါလဲ။ ကံဆိုတာလည်း အလုပ်ပါပဲ။ ဆရာ သတိထားမိမှာပါ။ ဒေါ်စုက လူထုမိန့်ခွန်းတွေ ပြောတဲ့နေရာမှာ လူပိန်းနားလည်အောင်လည်း ပြောတတ်တယ်၊ အချိန်နဲ့နေရာအလိုက် သင့်တင့်တဲ့ မိန့်ခွန်းတွေကို ပြောတတ်တယ်။ စိတ်ဝင်စားအောင်လည်း ပြောတတ်ပါတယ်။ အဲဒါတွေက မွေးရာပါလို့ဆရာ ထင်ပါသလား။ ဗီဇပါကောင်းပါနိုင်ပေမယ့် ဗိုလ်ချုပ်ရဲ့ ရှင်းလင်းပြတ်သားတဲ့ မိန့်ခွန်းတွေကို ငယ်ငယ်တည်းက လေ့လာ ဆည်းပူးခဲ့တာကြောင့်ပါ။ ဗိုလ်ချုပ်ကရော ဘာကြောင့် အောင်မြင်ခဲ့ပါသလဲ။ အမျိုးသားရေးဝါဒနဲ့ စည်းရုံးခဲ့ပါတယ်။ သူ့ခေတ်မှာ အမျိုးသားရေး ၀ါဒီတွေ အများကြီး ရှိရက်နဲ့ ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်ရတာလဲ။ သူ့ရဲ့ ပြတ်သားရှင်းလင်းတဲ့ မိန့်ခွန်းတွေ၊ ဖြူစင်ရိုးသားတဲ့ စိတ်ထားနဲ့ အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ပဲ ဆောင်ရွက်ခဲ့တာတွေကြောင့်ပါ။
ဒေါ်စုက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းပြောပုံတွေကို အတုယူခဲ့ပေမယ့် နိုင်ငံရေးမှာတော့ အကြောက်တရား ကင်းရှင်းရေး၊ ငြိမ်းချမ်းစွာ တော်လှန်ရေးမှုကို ကိုင်စွဲခဲ့တာပါ။ သူ့ရဲ့ အခြေအနေ အချိန်အခါနဲ့ လိုက်ဖက်တဲ့ မိန့်ခွန်းတွေကြောင့် မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုကို တစ်ခဲနက်ရခဲ့တာပါ။ အဲဒါကြောင့် စန်းပွင့်မှုကို ကျွန်တော် ၂၅ မှတ်ပေးပါတယ်။
အားလုံးပေါင်း အမှတ် (၁၀၀)ပါ။ ဒေါ်စုရဲ့ အရည်အချင်းတွေအတွက် percentage သဘောမျိုးနဲ့ အမှတ်တွေကို သတ်မှတ်နိုင်ပါတယ်။ ဆရာရေးထားတဲ့အပေါ် အမြင်မတူတာလေးတွေ ရှိလို့ ၀င်ဆွေးနွေးတာပါ။ ကျွန်တော်လည်း သိပ်နားလည်လို့တော့ မဟုတ်ပါဘူး။
ကျွန်တော် တစ်ကိုယ်ရေ ခံစားချက်အရ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပိုပြီးလေးစားပါတယ်။ ကျွန်တော်ရေးတဲ့အထဲ အမှားပါရင်လည်း ခွင့်လွှတ်ပါဆရာ။
Thanks for your article on Daw AUNG SAN SU KYI.She is daughter of Our Independent-achieved Leader General Aung San,that's the first point.Second is Personality Cult.Third is her courage.Fourth is education.
အင်း...အိပ်ရေးအပျက်ခံပြီးဖတ်လိုက်ရတာ ဒီဆောင်းပါးက ပုဂ္ဂိုလလ်ရေးတိုက်ခိုက်မှုကိုပြန်သွားနေတာဘဲကိုလွဏ်းကဒေါ်စုကိုရေးရင်ဘယ်တော့မှအကောင်းမမြင်ပါလား..ခက်ပါ့ဗျာသူ့ကိုနိုင်ငံခြားသားယူတာကလွဲရင်ကျန်တာလက်မခံနိုင်စရာသိပ်မရှိသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူလောက်လုပ်နိုင် တဲ့သူဘယ်သူမှမရှိသေးလို့ပါ။ကျွန်တော်လေးစားတဲ့ဦးတင် ဦးတောင်သူလောက်မလုပ်နိုင်ဘူးလို့မြင်ပါတယ်။ဒါကြောင့် လက်ရှိတော့သူ့ကိုကြိုက်သည်ဖြစ်စေ၊အားမရသည်ဖြစ်စေ သူလုပ်နေတာတွေကအကောင်းဆုံးလို့မြင်ပြီးအားပေးနေရ မယ်လို့ခံယူထားပါတယ်။လက်ရှိအစိုးရကသူ့ကိုသိပ်ထည့်မ တွက်ဘူးဆိုတာသိသာပါတယ်။ခုလိုပါဝင်စီးမြောပြီးလုပ်နေတာက သူ့အတွက်ရော၊ပြည်သူအတွက်ပါအကောင်းဆုံးလို့ဖြေနေတာပါ။လက်နက်ရှိသူကိုလက်မဲ့ကမယှဉ်နိုင်ပါဘူး။ရက်စက်နိုင်တဲ့စိတ်ရှိတာ လဲငြင်းစရာမရှိဘူးလေ။ခင်ဗျားတောင်ထွက်ပြေးသေးတာဘဲ။ကျွန်တော် လဲ ၁၀၀%ပြည့်အားမရပေမဲ့။ဒါဟာအကောင်းဆုံးလို့လက်တွေ့သိထား လို့လုပ်နေတယ်ဘဲထင်ပါတယ်။စောုင့်ကြည့်ကြတာပေါ့။လွှတ်တော်ကခုပေး လိုက်တဲ့ကော်မတီဥက္ကဌနေရာဘယ်လောက်ထိသူလုပ်ပြခွင့်/နိုင်မလဲကြည့်ကြ သေးတာပေါ့။တစ်ခုရှိတာကလူဆိုတာတစ်ခါတစ်လေမှားတတ်ပါတယ်။အမှား ကမကြီးဘို့ဘဲလိုတယ်။ခေါင်းဆောင်ကိုးဗျ။ ကဲဆက်ရေးရင်အားပေးအုံးမယ်။ အဲ..8888 gold fighters ရဲ့ခံစားချက်လဲနားလည်ပါတယ်ဗျာ၊သီးခံလိုက်ပါ။ခုခောတ်ကသိပ်မိုက်လို့မရတော့ဘူး၊အဓိပတိတောင်ပိတ်ကားနောက်ဝင်သွားပြီ။ သူညံ့ရင်၂၀၁၅မှာအဖြေပေါ်မှာပါ။ကျွန်တော်လဲအားမပေးပါဘူး။ခုတော့မဲကပေးပြီးသားဖြစ်နေတယ်။ဘာမှမသိသေးတဲ့သူ့တပည့်ကိုပေးထားတယ်။ ဌာနကလူကြီးတွေအမြင်ကပ်လို့။
Post a Comment