(Photo - Facebook)
ဖမ်းဆီးထိန်းသိမ်းခံ လူငယ်ကျောင်းသားခေါင်းဆောင်များ ပြန်လွတ်ပြီ
Yangon Media Group
ဇူလိုင် ၆ ရက်နေ့ ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်မြောက်ရေးကော်မတီမှ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် မဖြိုးဖြိုးအောင်တို့ အပါအ၀င် မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ လားရှိုးနှင့် မန္တလေးတို့မှ လူငယ်ကျောင်းသားခေါင်းဆောင်များကို ယနေ့ နေ့လည် ၁၁ နာရီက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
"အခု ၁၁ နာရီကပဲ မနေ့ညက အဖမ်းခံလိုက်ရတဲ့သူတွေအားလုံး ပြန်လွှတ်ပေးလိုက်ပြီ ဆိုပြီးတော့ ဖုန်းဝင်လာတယ်။ သူတို့ ဒီကိုတော့ ရောက်မလာသေးပါဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးက အတည်ပြုပြောသည်။
အဆိုပါ လူငယ်ကျောင်းသားခေါင်းဆောင်များကို ဇူလိုင် ၆ ရက် ည ၉း၃၀ ခန့်တွင် နေအိမ်များသို့ လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရှိ ကျောင်းသားခေါင်းဆောင် ၄ ဦးကိုမူ ပြည်ထဲရေးရုံးတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ မန္တလေးမှ အောင်မှိုင်းဆန်း၊ မိုးထက်နေတို့ အပါအ၀င် မြင်းခြံမှ ၇ ဦး မုံရွာမှ ၄ ဦး၊ ရွှေဘိုမှ ၄ ဦး၊ လားရှိုးမှ ၄ ဦး တို့ ပါဝင်ကြောင်း သိရပြီး ယင်းတို့အားလုံးကို တပြိုင်တည်း လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံ လူငယ်များ ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အခမ်းအနားကိုမူ ၈၈ မျိုးဆက်ကျောင်းသားများက ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ခြင်းဖြစ်ရာ ယင်းအခမ်းအနားပြီးသည့် နေ့လည် ၁၁ နာရီတွင် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
1 comment:
Friday, July 6, 2012
ဆဲဗင်းဇူလိုင်အရေး စိတ်မအေးလို့ရေးလိုက်တယ်
ဆဲဗင်းဇူလိုင်လို့ အများခေါ်နေကြတဲ့ နေ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို အဲဒီအချိန်ကရှိနေတဲ့အစိုးရက ဗုံးခွဲဖျက်ဆီးခဲ့လို့ ကျင်းပကြတာလို့ လူအများသိထားကြတယ် ၊ ဒါပေမယ့်ဘာလို့ ဒီအဆောက်အဦကို အဲဒီတုန်းက အစိုးရက ဗုံးခွဲရ လောက်အောင်ဖြစ်ခဲ့ရတာလဲဆိုတာကိုတော့ သိမီတဲ့သူရှားသွားပြီ ၊ ဒီနေ့ကျောင်းသားခေါင်းဆောင်ဆိုပြီးလှုပ်ရှားနေတဲ့သူတွေတောင် အမေနို့မပြတ်သေးဘူး ။
ကျောင်းသားတွေဘက်ကတော့ အဲဒီတုန်းက စစ်အစိုးရဟာ တက္ကသိုလ်အုပ်ချုပ်ရေးကို ၀င်ရောက်စွက်ဘက်တာကို မကျေနပ်လို့ အဲဒီကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို အခြေပြုပြီး အစိုးရကိုဆန့်ကျင်ခဲ့တယ် လို့ပြောကြမယ် ။
အစိုးရတာဝန်ရှိသူတွေမေးကြည့်ရင်တော့ ကျောင်းသားတွေရဲ့အဲဒီအချိန်က လှုပ်ရှားမှု ဟာ တက္ကသိုလ်အုပ်ချုပ်ရေးကို ၀င်ရောက်စွက်ဘက်တာကို ဆန့်ကျင်တဲ့ အသွင်ကနေ အစိုးရဆန့်ကျင်ရေးအသွင်ဆောင်လာလို့ ၊ မြေအောက်အဖွဲ့အစည်းတွေ ဒီလှုပ်ရှားမှုမှာ ပူးကပ်ပါဝင်လာလို့ လို့ ပြောမှာပါပဲ ၊ ဘာလို့လဲဆိုတော့ တော်လှန်ရေးကောင်စီ က ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှတက်တယ် ဒီ အရေးအခင်းက အဲဒီနှစ် ဇူလိုင်လ ( ၇ ) ရက်မှာ ဖြစ်ခဲ့တာကိုး ။
သေချာတာကတော့ အဲဒီ သမဂ္ဂကြီး ဖေါက်ခွဲခြင်းမခံရမီ ရက်ပိုင်းတွေမှာ ရန်ကုန် တက္ကသိုလ်တစ်ဝိုက်လုံခြုံရေးတာဝန်ယူနေတဲ့ရဲဘော်လေးတွေကိုရော စစ်တပ် ထိပ်တန်း အရာရှိတွေကိုရော ကျောင်းသားတွေက ဆဲသံမိုးမွှန်နေတယ် ၊ နောက်ပြီး ၃ ယောက်ပေါင်း လို့မှ ၇ တန်းမအောင်တဲ့ကောင်တွေဆိုပြီး ခံပြင်းအောင် ပြောနေဆိုနေသံတွေဟာ ပွက်ပွက် ညံနေတယ် ၊ ဒီတော့ လုံခြုံရေးအရရှင်းလင်းဘို့ပစ်မိန့်လဲပေးလိုက်ရော တစ်ဘက်က တုန့်ပြန်မှုဟာ လိုအပ်တာထက်ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ် ။
ဒီအရေးမှာ ကျောင်းသား ၁၅ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိတယ်လို့ အစိုးရက ကြေငြာခဲ့တယ်ကျောင်းသားတွေဘက်ကတော့ ကျောင်းသား ၁၀၀ ကျော်ရှိ တယ်လို့ ဆိုတယ်၊ ဘာပဲဖြစ်ဖြစ် ကျောင်းသားသမဂ္ဂကြီးတစ်ခုလုံး မြေပေါ် ပုံသွားအောင် ဖေါက်ခွဲ ဖျက်ဆီးပစ်လိုက်တဲ့ အထိ ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့တဲ့အတွက်တော့ အစိုးရရဲ့ ကိုင်တွယ်ပုံကို ကန့်ကွက်ရမှာပါဘဲ ။
ဒီနေ့အချိန် မြန်မာ့နိုင်ငံရေးမှာ ကျောင်းသားအမည်ခံထားတဲ့ အဖွဲ့တွေအတော်များတယ် ၊ အစိုးရ သစ်လက်ထက်မှာ ဒီအဖွဲ့တွေကို ထောင်တွေကနေလွှတ်ပေး ၊ နည်းအမျိုးမျိုးနဲ့ ရပ်တည် လှုပ်ရှားခွင့်ပေးပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်း နေချိန်ဖြစ် တယ် ။
အစိုးရဘက်ကလည်း ဒီလိုရပ်တည်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ဥပဒေဘောင်ထဲကနေ လှုပ်ရှားတာ အသားကျလာအောင် ဆောင်ရွက်ပေးဘို့တာဝန်ရှိတယ် ၊ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုလုပ်တိုင်း ဖမ်းဆီးထောင်ချလုပ်နေရင် တစ်သက်လုံး ဒီသံသရာက လွတ်မှာမဟုတ်တော့ဘူး ၊ ဒီတော့ကြိုတင်ဟန့်တားတဲ့အနေနဲ့ ကျောင်းသား ခေါင်းဆောင် ဆိုသူ တွေကို လှုပ်ရှားမှုတစ်ခုခုလုပ်ပြီး ဥပဒေဖေါက်ဖျက်တော့မယ့်အရေးမြင်ရင် ခဏ ခေါ်ထိန်းမယ် ကောင်းကောင်းမွန်မွန်ထားမယ် ၊ လူကြီးလူကောင်း လိုဆက်ဆံမယ် သတ်မှတ် ကာလ တစ်ခုရောက်ရင် ဒါမှမဟုတ် ၊ သတ်မှတ်ရက်ကျော်လွန်သွားရင် ပြန်ပြီးကြည်ကြည် သာသာလွှတ်ပေးမယ် ၊ ဒီလိုနည်းနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်မယ် ။
ကျောင်းသားအဖွဲ့အစည်းတွေဘက်ကလည်း ကျောင်းသားအမည်ခံ အဖွဲ့တွေဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆိုင်တဲ့ အဓိကရနေ့တွေမှ မလှုပ်ရှားရင် သူတို့ရပ်တည်နေတာဟာ အဓိပ္ပါယ်မဲ့ဖြစ်သွားမယ် ၊ ဒီလိုလှုပ်ရှားမှုလေးတောင် မလုပ်နိုင်ဘူးလားဆိုတာ မျိုးအဖြစ်ခံမှာ မဟုတ်ဘူး မရရအောင်လုပ်မှာပဲ ၊ ဒါကိုလည်းမှန်တယ်လို့ပြောရမှာပါပဲ ။
ဒီတော့ဒီနေ့ဖြစ်နေတဲ့ ဆဲဗင်းဇူလိုင်ကိစ္စမှာ အစိုးရဘက်ကရော ၊ ကျောင်းသား အဖွဲ့အစည်းတွေဘက်ကရော နှစ်ဘက်လုံးမှန်နေတာပါဘဲ ၊ ဒါပေမယ့် တခါတလေမှာ အမှန် အမှန်ခြင်းဖြစ်တဲ့ပဋိပက္ခဟာ ပိုပြီးပြင်းထန်တတ်တယ် ၊ ဒီတော့ နှစ်ဘက်ခေါင်းဆောင်တွေ ပါးနပ်ဘို့လိုတယ် ၊ ကိုင်တွယ်ပုံမှန်ဘို့လိုသလို တုန့်ပြန်တာလည်း မှန်မှဖြစ်မယ် ။
မြန်မာ့နိုင်ငံရေး အပြောင်းအလည်း နောက်ပြန်မလှည့်ဘို့အရေး ရတက်မအေးလို့ ဒီဆောင်းပါးလေးရေးလိုက်တယ် ။
ဒေါက်တာဆိတ်ဖွား
(မြန်မာ့နိုင်ငံရေး အပြောင်း အလည်း နောက်ပြန် မလှည့်ဘို့အရေး ရတက်မအေးလို့ ဒီဆောင်းပါးလေး ကို ကူးယူဖေါ်ပြလိုက်ပါတယ်။)
Post a Comment