‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၃)
ဒေါက်တာလွဏ်းဆွေ
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း လုပ်စဉ်တုန်းက ‘ယုံကြည်မှုပေါင်းကူးတံတား’ ဆိုတဲ့ တာဝန်ခံအယ်ဒီတာစကားကို ကျနော် ရေးခဲ့ဖူးတယ်။ ၉၈ မေလထုတ်မှာ စာပေစိစစ်ရေးက ခွင့်မပြုလို့ ၉၉ ဇန်န၀ါရီလထုတ်မှာ ထပ်တင်ကြည့်တော့လည်း ဆင်ဆာထပ်ထိပြန်တယ်။ တာဝန်ခံအယ်ဒီတာစကားမှာ …
“ခရီးတခုကို သွားလာဖူးခဲ့ကြသည့် ကျနော်တို့အားလုံး တံတားပေါင်းများစွာကို အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့ကြဖူးသည်။ မိမိလိုရာ ခရီးသို့ ချောချောမောမော ရောက်ရှိသွားလျှင်ကား ‘ကျနော်တို့သည် တံတားပေါင်းများစွာကို ဖြတ်သန်းပြီးမှ ဤခရီးကို ရောက်ခဲ့ကြသည်’ ဟူသော အတွေးမျိုးကို ယောင်လို့ပင် မတွေးမိတတ်ကြပေ။ သို့သော် တခါတရံ မိမိလိုရာ ခရီးတခုသို့ သွားလာခိုက် လမ်းခုလတ်တွင် တံတားကျိုးကျမှုနှင့် ကြုံကြိုက်သောအခါမှ တံတား၏ တန်ဖိုးကို ကျနော်တို့ တွေးမိတတ်ကြသည်။ တံတားကျိုးကျမှုကြောင့် မိမိ သွားလိုရာ ခရီးသို့ အချိန်မီ မရောက်နိုင်တော့ဘဲ အချိန်ကုန် လူပန်း ဒုက္ခရောက်ကြရသည်။ ရှေ့သို့ ခရီးမဆက်နိုင်ဘဲ နောက်သို့ ပြန်ဆုတ်ကြရသည်။ နောက်သို့ ပြန်မဆုတ်နိုင်လျှင်လည်း အန္တရာယ်ကြားမှ ခဲရာခဲဆစ် ကူးဖြတ်ကြရသည်။
*****
လူမှုဆက်ဆံရေးနယ်ပယ်အသီးသီးတွင်လည်း လူတဦးနှင့်တဦးကြား၊ အဖွဲ့အစည်းတခုနှင့်တခုကြား၊ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံကြားတွင် မမြင်ရသော ပေါင်းကူးတံတားဖြင့် ကူးလူးဆက်ဆံနေကြရသည်။ ထိုမမြင်ရသော ပေါင်းကူးတံတားသည်ကား နှစ်ဦးနှစ်ဘက် အပြန်အလှန် ယုံကြည်မှုဟူသော စိတ်ပိုင်းဆိုင်ရာ ပေါင်းကူးတံတားပင်ဖြစ်သည်။ ထိုပေါင်းကူးတံတား ကျိုးကျမှုကြောင့် အချိန်မကုန်သင့်ဘဲ ကုန်ကြရသည်။ ပြဿနာအ၀၀ ပြေလည်သင့်ပါလျက် မပြေလည်ဘဲ နှောင့်နှေးကြန့်ကြာနေကြရသည်။ အသေးဆုံး ဥပမာအားဖြင့် စက်ဘီးအပေါက်ဖာသည်မှ မော်တော်ကားပြင်သည်အဆုံး၊ နာရီပြင်သည်မှ တယ်လီဗေးရှင်းပြင်သည်အဆုံး တဦးနှင့်တဦး ယုံကြည်မှုမရှိကြတော့ဘဲ ထိုင်စောင့်နေကြရသည်မှာ ကျနော်တို့လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုပေါင်းကူးတံတားများ ကျိုးကျနေသည့်သဘောကို ပြဆိုနေခြင်းပင်ဖြစ်သည်။*****
ထိုသို့ လူတဦးနှင့်တဦးကြား၊ အဖွဲ့အစည်းတခုနှင့်တခုကြား၊ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံကြား ယုံကြည်မှုပေါင်းကူးတံတား ကျိုးကျနေလျှင် နှစ်ဘက်စလုံးက အပြန်အလှန် တည်ဆောက်မှ ရနိုင်ပေမည်။ နှစ်ဘက်စလုံးက တာဝန်ယူ ထိန်းသိမ်းမှ ထိုပေါင်းကူးတံတားသည် တည်မြဲနိုင်မည်ဖြစ်သည်။ ထိုယုံကြည်မှုပေါင်းကူးတံတားကို ရိုးသားဖြောင့်မတ်မှုနှင့် ကတိသစ္စာ တည်ကြည်မှုအပေါ်တွင် အခြေခံ တည်ဆောက်ကြရမည်ဖြစ်ပေသည်။ ထိုသို့သော ယုံကြည်မှုပေါင်းကူးတံတားဖြင့် ကူးလူးဆက်ဆံနေသော အပြန်အလှန် ယုံကြည်မှုရှိသည့် လူ့အဖွဲ့အစည်းသည် ပြဿနာများ ပြေလည်ကင်းရှင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်တွင် အစဉ်အမြဲ တည်ရှိနေမည်မှာ မလွဲမသွေပင်ဖြစ်သည်ဟု ယုံကြည်မိပါသည်။” လို့ ကျနော် ရေးခဲ့တယ်။ အဲဒီတာဝန်ခံအယ်ဒီတာစကားကို စာပေစိစစ်ရေးက နှစ်ကြိမ်စလုံး ခွင့်မပြုခဲ့တာကို အဖြေရှာကြည့်တော့ ကျနော် စာဖတ်သူတွေဆီ သွယ်ဝိုက်ပြီး ပေးချင်တဲ့ သတင်းစကားကို စာပေစိစစ်ရေးက အရာရှိတွေ ရိပ်မိပုံရတယ်ဆိုတဲ့ အဖြေထွက်လာတယ်။ အဲဒီနှစ်ကာလတွေမှာ နအဖစစ်ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့၊ ပြည်သူ့လွှတ်တော် ခေါ်ယူပေးဖို့ NLD က တောင်းဆိုနေခဲ့တာကြောင့် ကျနော့် တာဝန်ခံအယ်ဒီတာစကားကို ခွင့်ပြုလိုက်လို့ စစ်ခေါင်းဆောင်တွေက သဘောကျရင် ကိစ္စမရှိ၊ သဘောမကျဘဲ အမျက်တော်ရှခဲ့ရင် ဆင်ဆာအရှာရှိတွေရဲ့ ထမင်းအိုးကွဲမှာဖြစ်လို့ နှစ်ကြိမ်စလုံး ဆင်ဆာခွင့်မပြုခဲ့တာလို့ပဲ ကျနော် ယူဆမိတယ်။ ပြောရရင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို အကြီးအကျယ် ဖိနှိပ်၊ အမျိုးသားညီလာခံ ဆိုတာကြီးကို တဖက်သတ် ဇွတ်ကျင်းပပြီး စစ်အစိုးရနဲ့ ၉၀ အနိုင်ရ အတိုက်အခံပါတီကြီးကြား ယုံကြည်မှုပေါင်းကူးတံတား လုံးဝဥဿုံ ကျိုးကျနေတဲ့အချိန်ပေါ့။
တကယ်တော့ တဘက်နဲ့တဘက် သဘောထားကွဲလွဲပြီး နှစ်ရှည်လများ ပဋိပက္ခဖြစ်နေတဲ့ စစ်အစိုးရနဲ့ အတိုက်အခံတွေကြား ယုံကြည်မှုတည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှသာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ အဖြေတခု ရလာနိုင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် တွေးမိသလို နအဖ စစ်ခေါင်းဆောင်တွေလည်း တွေးမိမှာပါပဲ။ ဒါပေမယ့် စစ်ခေါင်းဆောင်တွေက သူတို့အပေါ် နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းဖိအား တစုံတရာ ကျရောက်နေချိန်မျိုးတွေမှာသာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ကာ ထမင်းလက်ဆုံ စားပြတာမျိုး သုံးလေးကြိမ်လောက် လုပ်ပြခဲ့ပြီး အမှန်တကယ် ပွင့်လင်းမြင်သာပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးလုပ်ဖို့ကျတော့ မသိကျိုးကျွန်ပြုနေခဲ့ပါတယ်။ အကြောင်းကတော့ စစ်ခေါင်းဆောင်တွေအနေနဲ့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် အကြောက်လွန်တာရယ်၊ NLD ခေါင်းဆောင်တွေအပေါ် ရန်သူလိုသာ ရှုမြင်သဘောထားတာရယ်၊ အလျှော့ပေး လိုက်လျောလိုတဲ့ ဆန္ဒမရှိဘဲ အာဏာကို ဆက်လက်ချုပ်ကိုင်ထားလိုတာတွေရယ်ကြောင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး ယုံကြည်မှုတည်ဆောက်တဲ့အဆင့်အထိ ရောက်မလာတာဖြစ်နိုင်ပါတယ်။
ဒီပဲယင်းအရေးအခင်းအပြီးမှာ ဦးခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးကိုယ်စားလှယ်တွေ ဒေါ်အောင်ဆန်းစုကြည်ဆီ နောက်ဖေးပေါက်ကနေ အကြိမ်ကြိမ်လာ ဆွေးနွေးပြီး သဘောတူညီမှုတွေ ရယူခဲ့ပေမယ့် နောက်ဆုံးအချိန်ကျမှ စစ်အုပ်စုဘက်က ဖျက်ခဲ့လို့ ပျက်ခဲ့တယ်ဆိုတာမျိုးလည်း သဲ့သဲ့ ကြားခဲ့ရဖူးပါတယ်။ တကယ်ပဲ ဆွေးနွေးခဲ့သလား၊ ဘာအကြောင်းအရာတွေ ဆွေးနွေးသလဲ ဆိုတာ မသိရခင်မှာပဲ ထောက်လှမ်းရေးတအုပ်လုံးကြီး ထောင်ထဲရောက်သွားတော့ အဲဒီဘာမှန်းမသိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း ဆုံးခန်းတိုင်သွားခဲ့တယ်ထင်ပါရဲ့။
နိုင်ငံရေးပဋိပက္ခတွေ ကြီးထွားနေတဲ့အချိန်မျိုးမှာ ဘာပဲဖြစ်ဖြစ် စစ်ခေါင်းဆောင်တွေ၊ ထောက်လှမ်းရေးက အရာရှိတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဲသလိုမျိုး ထိတွေ့မှုရှိခဲ့ခြင်းက ကောင်းတဲ့လက္ခဏာပါပဲ။ ဒါပေမယ့် တကယ်ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့်အထိ တက်လှမ်းနိုင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တာကတော့ နှစ်ဘက်စလုံးရဲ့ လိုအပ်ချက်ဖြစ်မယ်လို့ ကောက်ချက်ဆွဲတာထက်စာရင် စစ်ခေါင်းဆောင်တွေဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ စိုးရိမ်စိတ်လွန်ကဲပြီး သံသယပိုလွန်းနေခဲ့တာကြောင့်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။
အခုလည်း ကြံ့ဖွံ့စစ်အစိုးရ တက်လာပြီးချိန်မှာ ဦးအောင်ကြည်နဲ့ အကြိမ်တချို့ တွေ့ဆုံခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။ မြန်မာပြည်သူတွေ အတော်များများ ၀မ်းမြောက်ကြိုဆိုကြသလို တချို့လည်း သတိနဲ့စောင့်ကြည့် ကြိုဆိုခဲ့ကြပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် နာရီပိုင်းသာသာ တွေ့ဆုံတဲ့ ခန်းမထဲမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ချိတ်ဆွဲပြထားတာမျိုး တွေ့လိုက်ရတော့ စောင့်မျှော်နေကြသူတွေအားလုံး ပိုပြီး ၀မ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ ဗိုလ်ချုပ်ပုံနောက်ခံနဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတွေကို ပြည်တွင်းပြည်ပမှာ ပလူပျံအောင် ဖြန့်ဝေခဲ့ကြတယ်။ တကယ်ပဲ မြန်မာပြည်ဟာ အမှောင်ထုကြားက စပြီး တိုးထွက်လာတဲ့ အရိပ်အယောင်တွေ မြင်ရသလိုမျိုး စိတ်ကူးတွေ ယဉ်ခဲ့ကြတယ်။
ပြည်သူတွေက အဲသလို စိတ်ကူးတွေယဉ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတ မိသားစုနဲ့ ထမင်းလက်ဆုံစား၊ အဲဒီနောက် နေပြည်တော်က ပြန်ရောက်လာပြီး မကြာမတင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဆီက “သမ္မတကြီးကို ယုံတယ်”၊ “ရွေးကောက်ပွဲဥပေဒကို ပြင်ဆင်ပေးရင် NLD ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်” ဆိုတဲ့ အသံတွေ စကြားရတော့တာပါပဲ။ သမ္မတနဲ့ အမှန်တကယ် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့လို့ “သမ္မတကြီးကို ယုံတယ်” လို့ ပြောတာလား၊ သို့တည်းမဟုတ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေထဲကနေ ဦးသိန်းစိန် ထွက်ပြေးမသွားအောင် “သမ္မတကြီးကို ယုံတယ်” ဆိုတဲ့ စကားနဲ့ ချည်နှောင်လိုက်တာလား (အိုးဘားမား အမေရိကန်သမ္မတ ဖြစ်ခါစက ဘာမှမလုပ်ရသေးခင် နိုဘဲလ်ငြိမ်းချမ်းရေးဆု ပစ်ပေးလိုက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကနေ အိုဘားမား ထွက်မပြေးအောင် ချည်နှောင်လိုက်သလိုမျိုးလား) ဆိုတာကတော့ ပြည်သူကို ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုရှင်းပြလေ့မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်သာပဲ သိနိုင်ပါမယ်။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်နှုတ်က ထွက်လာပြီးချိန်မှာတော့ NLD ပါတီအတွင်းမှာ ရွှေဂုံတိုင်မူကို ဆက်လက်စွဲကိုင်ချင်တဲ့ အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည် သွားချင်တဲ့ လမ်းကြောင်းကို လက်ခံတဲ့ အုပ်စုဆိုပြီး သိသိသာသာကြီး ကွဲထွက်သွားတယ်။
ရွှေဂုံတိုင်မူကို ဆက်ပြီး စွဲကိုင်ချင်တဲ့ အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်၊ တွေ့ဆုံဆွေးနွေးရေးလုပ်၊ ၉၀ ရွေးကောက်ပွဲကို တနည်းနည်းနဲ့ အသိအမှတ်ပြု၊ အခြေခံဥပေဒပါ ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကိုပြင် … ပြီးမှ ရွေးကောက်ပွဲဝင်ချင်တာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အဲဒါတွေ အကုန်လုံးကို အလျှော့ပေးလိုက်ပြီး “အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုတဲ့နေရာမှာ “ထိန်းသိမ်းစောင့်ရှောက်” စကားရပ်အစား “လေးစားလိုက်နာ” ဟုပြင်ဆင်ပေးရုံ၊ ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီတခုဟာ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ထောင်ဒဏ်ကျခံနေသူများ နိုင်ငံရေးပါတီဝင်မဖြစ်ရ ကန့်သတ်ချက်တို့ကို ပယ်ဖျက်ပေးရုံ … စတဲ့ မဆိုစလောက် ပြင်ဆင်ပေးမှုလေးတွေလောက်နဲ့ပဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဲသလို ဒေါ်အောင်ဆန်းစုကြည် ဂငယ်ကွေ့ ချိုးကွေ့လိုက်မှုအပေါ် အားလုံးသော ဒီမိုကရေစီအင်အားစုများ အံ့အားသင့် ကြက်သေသေခဲ့ကြပြီး သဘောထားကွဲလွဲမှုတွေ အကြီးအကျယ်ရှိခဲ့လင့်ကစား ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲဝင်ဖို့ ပါတီတွင်း ရာနှုန်းပြည့် ထောက်ခံမှုရအောင် လုပ်ပြနိုင်ခဲ့ပြီး (ဒေါ်အောင်ဆန်းစုကြည် သူ လုပ်ချင်တာလုပ်နိုင်ဖို့ တကြိမ်တခါလေးမျှ ပါတီတွင်း အာဏာရှင်ဆန်ပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အမြဲအာဏာရှင်မဆန်ပါစေနဲ့လို့လည်း ဆုတောင်းမိပါတယ်) ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ရာနှုန်းပြည့်နီးပါး အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တယ် ဆိုပါတော့ …။
အခုတော့ အခြေခံဥပေဒ ပြင်ဆင်ရေး၊ တရားဥပေဒ စိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ဖို့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပါတယ်ဆိုတဲ့ ကြွေးကြော်သံတွေ၊ ပြည်သူတွေက လွှတ်တော်ထဲဝင်တာ မြင်ချင်လို့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမတ်တွေ လွှတ်တော်ထဲ ၀င်ရောက်သွားခဲ့ပါပြီ။ ဒါပေမယ့် သမ္မတကြီးနဲ့ တွေ့တုန်းက ကျွန်မ တင်ပြဖို့ မေ့သွားခဲ့တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀န်ခံချက်နဲ့အတူ “အခြေခံဥပေဒကို လေးစားလိုက်နာပါမည်” အစား မူရင်းအတိုင်း “အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်” လို့ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ထဲ မျက်နှာငယ်ငယ်နဲ့ ၀င်သွားခဲ့ရတာပါ။
အခုတော့ ကြံ့ဖွံ့အမတ်တွေနဲ့ တမတ်သား စစ်အမတ်တွေ ကြီးစိုးထားတဲ့ လွှတ်တော်ကလည်း ဇာတိတွေ ပြလာပါပြီ။ NLD အမတ်တွေနဲ့ ရုပ်သံအင်တာဗျူးတွေအရဆိုရင် NLD အမတ်တွေအနေနဲ့ ဥပေဒေတွေ ပြင်ဖို့ ပြုဖို့ အသစ်ပြဌာန်းဖို့အရေး အဆိုတင်ဖို့၊ ဆွေးနွေးဖို့ကိစ္စတွေမှာ လွှတ်တော်ဥက္ကဌနဲ့တကွ ကြံ့ဖွံ့အမတ်၊ စစ်အမတ်တွေ အများစုရဲ့ ညစ်ကွက်တွေနဲ့ ၀ိုင်းဝန်းပိတ်ဆို့တာ ခံရပြီး ဘာမှအလုပ်မဖြစ်မယ့် အနေအထားတွေ တွေ့နေရပါပြီ။ ဆွေးနွေးဖို့အရေး မိုက်ဖွင့်ဖို့ကို စက်ခန်းက ထိန်းချုပ်ထားတာတို့၊ မေးခွန်းတွေ ကြိုတင်ရတာတို့၊ ရှေ့မှာ ကြံ့ဖွံ့နဲ့ စစ်အမတ်တွေက မေးခွန်းပေါင်း ၄၀၀ ကျော် တင်ထားတာတို့၊ ဒီကြားထဲ ဒေါ်နန်းဝါနုကို စီးပွားရေးပိတ်ဆို့မှုကိစ္စ ကြားဖြတ် လက်ဝါးရိုက် အဆိုတင်ခိုင်းပြီး NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလစ်အငိုက် ခြုံခိုတိုက်ခိုက်တာမျိုးတွေ၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူတွေ့ဆုံပြီး စီးပွားရေးပိတ်ဆို့မှုတွေအားလုံး ပြန်ဖွင့်ခိုင်းဖို့ ဖိအားပေးတာမျိုးတွေ ရှေ့လျှောက် တလှေကြီး တွေ့ရဦးတော့မယ် ထင်ပါတယ်။ အဲဒီလို ညစ်လုံးညစ်ကွက်တွေကြားမှာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်ချင်တဲ့ အခြေခံဥပေဒ ပြင်ဆင်ရေး၊ တရားဥပေဒ စိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ဖို့ ဆိုတာတွေကတော့ ဘယ်ဆီဘယ်ဝယ် မှန်းဆကာတွေးမိတယ် ဆိုသလိုပဲ ဖြစ်တော့မယ်ထင်ပါတယ်။
ကျနော့်အထင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တလျှောက်လုံး တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့သော်ငြား စစ်အုပ်စုဘက်က အမှန်တကယ် အာဏာချုပ်ကိုင်ထားသူနဲ့ အကြေအလည် တွေ့ဆုံဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ခွင့်ရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် (တွေ့ဆုံဆွေးနွေးရေး မလုပ်ရအောင် အရှောင်အတိမ်း ဂျက်စီဂျိမ်းလုပ်ပြီး နောက်ကွယ်ကို ပြေးဝင်သွားတဲ့ အမှန်တကယ် အာဏာချုပ်ကိုင်ထားသူ စစ်ခေါင်းဆောင် မဖြစ်မနေ တွေ့ဆုံဆွေးနွေးလာရအောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဖိအားမပေးနိုင်ခဲ့တဲ့အတွက်) နောက်ဆုံးအချိန်အထိ ဦးသိန်းစိန်လို ရုပ်သေးသမ္မတနဲ့သာ တွေ့ဆုံခွင့်ရခဲ့ပြီး အခုလို လွှတ်တော်ထဲမှာ ချောင်ပိတ်မိတဲ့ အနေအထားအထိ ဆိုက်ရောက်ခဲ့ရခြင်းဖြစ်တယ်လို့ ယူဆမိပါတယ်။ နအဖစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ခဲ့ကြတဲ့ ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်တို့နဲ့ ထမင်းလက်ဆုံစားခဲ့တာတွေ၊ နအဖစစ်အစိုးရနဲ့ ကြံ့ဖွံ့ရုပ်သေးအစိုးရတို့ရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ၉ ကြိမ် တွေ့ဆုံခဲ့တာတွေ၊ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့်ရခဲ့တာတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မယ်မယ်ရရ ဆွေးနွေးရခဲ့ခြင်းမျိုး မရှိခဲ့ဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အာရ်အက်ဖ်အေ အမေးအဖြေကဏ္ဍနဲ့ နော်ဝေ အော်စလိုဖိုရမ်တွေမှာ ဖြေကြားခဲ့ပြီးဖြစ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတဲ့အချိန်အထိ စစ်အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြားမှာ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ မရှိခဲ့ဘူးဆိုတာ အသေအချာပါပဲ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံမှုတွေပြီးတိုင်းမှာ ပြည်သူကို ဘာမှရှင်းပြစရာမရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့တာ ဖြစ်နိုင်ပါတယ်။
အခုအချိန်မှာတော့ လွှတ်တော်အမတ်ဖြစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြံ့ဖွံ့ရုပ်သေးအစိုးရရဲ့ သမ္မတ ဦးသိန်းစိန်ကရော၊ ဦးသိန်းစိန်ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ကာလုံစစ်အုပ်စုကရော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဘက်အဖြစ် သဘောမထားတော့ဘဲ လိုအပ်မှသာ ခေါ်ယူဆွေးနွေး အသုံးချမယ့် သာမန်လွှတ်တော်အမတ်တယောက် အနေအထားလောက်သာ သဘောထားတော့တယ်လို့လည်း ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမတ်တွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ နေနေသာသာ လွှတ်တော်ဘောလုံးကွင်းကြီးထဲမှာ တဖက်ကစားသမားတွေ ညစ်နည်းပေါင်းစုံနဲ့ အသေထိန်းချုပ်ထားလို့ ဘောလုံးတောင် ထိခွင့်ရပါ့မလားဆိုတဲ့ အနေအထားမျိုးကို ရောက်နေပြီလို့ ဆိုချင်ပါတယ်။ ဒီလိုအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်စပြုလာလို့ပဲလား မသိဘူး၊ ဟိုတလောလေးကတော့ NLD အမတ်တွေအနေနဲ့ လွှတ်တော်ထဲမှာပဲ အချိန်တွေ ကုန်မနေကြဖို့ သတိပေးသံကို ကြားလိုက်ရလေရဲ့။ အဲသလို လွှတ်တော်ထဲ ချောင်ပိတ်မိသလိုဖြစ်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို နိုင်ငံရေးအကွက်ဆန်းတွေနဲ့ ဖောက်ထွက်မလဲ၊ ဒီအတိုင်းပဲ ဆက်ပြီး ချောင်ပိတ်ခံနေမလားဆိုတာကို အချိန်အတိုင်းအတာတခုအထိ စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
(ဆက်ပါမယ်)
ဒေါက်တာလွဏ်းဆွေ
10 comments:
ဒီလောက် ငါအပင်ပန်းခံသုံးသပ်ထားတဲ့ ဆောင်းပါးကိုဘာလို့ များလူတွေ ကွန်မင့်မပေးကြပါလိမ့်။
လူတွေဟာ အောင်သိန်းလင်းပြောသလို များဖြစ်ကုန်ကြပြီလားမသိ????
အားလုံးပဲဟောင်းနွမ်းလွန်းလို့  ဆိုတဲ့ဆောင်းပါးရှည်ကြီးတုန်းကဖြင့် ကွန်မင့်တွေပေးလိုက်ကြတာအားရစရာ..
ခုများတော့ ဘာကွန်မင့်မှမလာတော့ ဆက်ရေးရမှာတောင်အားပြတ်ချင်လာပြီ..
ငါ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာနည်းနည်းပျော့သွားလို့ များလား???
ဟော...ဟော..
ပြောရင်းဆိုရင်တကောင်တက်လာပြီ။ အော် ..လင်္ကာဆိုတဲ့အကောင်ကိုး။
ဒီကောင်ကတော့ ငါ့ မကောင်းပဲပြောမှာသေချာတယ်။
သူ့ ကွန်မင့်ဖျက်လိုက်ရကောင်းမလား။
အရင်ကတော့ ဒီကောင်ရေးတာတွေ ငါဖျက်နေကျ။ဒီကောင်ကလည်းအဖျက်ခံရ သိသိနဲ့ လာလာရေးတယ်။
ဆက်ရေးပါဦးဆရာ..တချို့အမှန်တရားတွေဟာ
သက်ဆိုင်သူတွေအတွက်နားခါးတတ်ပါတယ်.
ဒါပေမယ့်တိုင်းပြည်အကျိုးရှိရာရှိကြောင်း
စေတနာမှန်နဲ့ထောက်ပြတာမို့လို့လေးစားပါ
တယ်.ဆရာကိုယ်ရောစိတ်ပါချမ်းသာပါစေ.
ကျွန်တော်သာမန်ပြည်သူတယောက်ပါ။
ကျွန်တော်လည်း ဆောင်းပါးရှင်သုံးသပ်သလိုပဲ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရကိုရော ၊ လွှတ်တော်ကိုရော အခုအချိန်အထိ မယုံကြည်နိုင်သေးပါဘူး။ သူတို့တွေ လုပ်ပုံကိုင်ပုံတွေက ယနေ့အချိန်အထိ ရိုးသားမှုမရှိသေးဘူးဆိုတာ ကျွန်တော်တို့လိုသာမန်ပြည်သူတွေ နားလည်နေပါတယ်။
People didn't give any comment because this article is so true. Sad but true. I doubt DASSK will get strong support in 2015 election as previous one. She needs vote from country's citizens who could vote her party in election. Her stunt regards Rohinga issue was not quite impressive. She sometimes thinks, Not sometimes, ALWAYS, thinks she is the world's savior or Mother Teresa. The only thing she needs to recognize is that she is a politician and her party needs vote from people. She's been trapped by Western world's decorations-prizes,awards, etc... We will see how she will break through before 2015 election. Best of luck for her and her party.
" xxxxကျနော့်အထင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တလျှောက်လုံး တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့သော်ငြား စစ်အုပ်စုဘက်က အမှန်တကယ် အာဏာချုပ်ကိုင်ထားသူနဲ့ အကြေအလည် တွေ့ဆုံဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ခွင့်ရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် (တွေ့ဆုံဆွေးနွေးရေး မလုပ်ရအောင် အရှောင်အတိမ်း ဂျက်စီဂျိမ်းလုပ်ပြီး နောက်ကွယ်ကို ပြေးဝင်သွားတဲ့ အမှန်တကယ် အာဏာချုပ်ကိုင်ထားသူ စစ်ခေါင်းဆောင် မဖြစ်မနေ တွေ့ဆုံဆွေးနွေးလာရအောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဖိအားမပေးနိုင်ခဲ့တဲ့အတွက်)xxx"
ကိုလွဏ်းဆွေ အထက်ပါအတိုင်းရေးခဲ့သလိုပါဘဲ ဒေါ်စုဖိအားမပေးနိုင်ခဲ့ပါဘူး ဘာကြောင့်လို့ ထင်ပါလဲ ကျနော့်အမြင်တော့ လူထု ညီညွတ်မှု့ မရှိဘဲ အကြောက်တရားများ ကြီးစိုးနေလို့ထင်ပါတယ်။ ဥပမာ ဒေါ်စုရဲ့ ဧရာဝတီတိုင်းခရီးစဉ်အတွင်း ယာဉ်တန်းကို ညောင်တုန်းမှာပိတ်ဆို့ထားစဉ်က ဘယ်လူထုကမှသတ္တိရှိရှိနဲ့ ထွက်ပြီး ကန့်ကွက်ဆန္ဒပြတာမျိုးမရှိခဲ့ပါဘူး နောက်ဆုံးရက်တွေကြာလာပြီး လူထုထွက်လာမဲ့ပုံလဲမရှိရော အင်အားသုံးပြီး ဒေါ်စု ကိုအိမ်အကျဉ်းပြန်ချခဲ့ပါတယ်။ ဒီပဲယင်းကိစ္စလို နိုင်ငံတော်လုပ်ကြံမှု့အဆင့်မှာတောင်လူထုကထွက်ပြီး တရားခံအမှန်ပေါ်ပေါက်ရေးဆန္ဒပြတာမရှိပါဘူး။ ဒေါ်စုကတော့ လူတွေလမ်းပေါ်ထွက်ကြပါလို့တော့ တိုက်တွန်းမှာမဟုတ်ပါဘူး သူ့ကြောင့်လူတွေသေကြေဒဏ်ရာရတာမဖြစ်စေချင်ပုံရပါတယ်။ ဒါပေမဲ့ တောင်အာဖရိကမှာ မင်ဒဲလားထောင်ထဲမှာရှိနေစဉ် လူထုကနေ့စဉ်ရက်ဆက်အသေခံထွက်ပြီးဆန္ဒပြနေကြလို့လာ ယနေ့ တောင်အာဖရိကလွတ်လပ်လာတာဖြစ်ပါတယ်။အခုအာရပ်နိုင်ငံတွေမှာလဲကြည့်ပါ လူထုဘယ်လောက်ထိအသေခံစွန့်လွှတ်ပြီးအာဏာရှင်ပြုတ်ကြအောင်ကြိုးစားနေကြရတယ်ဆိုတာ။ ဒေါ်စုအမြဲပြောသလိုပါဘဲ အဓိကက လူထုပါ။ ဒေါ်စုမဟုတ်ပါဘူး။ ထိုက်တန်တဲ့ ရင်းနှီးမှု့ မရှိရင် အတုအယောင်ဒီမိုကရေစီပဲ စစ်တပ်ပေးသလောက်ရမှာပါ အစစ်လိုချင်ရင် ထိုက်တန်တဲ့ ရင်းနှီးမှု့ ပေးရပါမယ်။
I agree with you almost everything you wrote. It is quite clear that U Thein Sein is a puppet and U Than Shwe is still behind. So it is very difficult to trust U Thein sein and his government as well as any army general. They are too selfish.
Re: Santun...
I totally agree with you. Daw ASSK is our national leader , i believe she is stronger than any other people in politcs.At the end of day,she can't be conquer without support of the people of Burma. People are still very scare and afraid of being in prison and get torture.If we(people of Burma)believe in ourselves like "those regime can't put million of people in the prison", we can get FREEDOM very quickly.They can only arrest thousand of people, they can't arrest million or they can't kill thousands.The answer is "No pain No gain". It is not totally down to Daw ASSK alone, people must know that they must involve in every democracy movement.May be we need more very brave(hero)people like Ko Min Ko Naing , KoKo Gyi etc.We need thousands of brave people like them. These regimes will never change for sure,we can't negotiate with them to give up their power, that will not happen. We have to fight and conquer them to get our FREEDOM.
ငကြောင်တွေ
ဒီဆိုက်က မပိတ်သေးဘူးလားဗျာ
အကုသိုယ်များလွန်းလို့ ပါ
ပိုက်ဆံဘယ်လောက်ပေးရမလဲ ပြောကွာ
ဖတ်ရတာတွေကတော့မဆိုးပါဘူး၊ဖတ်ချင်တာတော့ကြာပြီ ဒီနေ့မှနဲနဲအားလို့ဝင်ဖတ်တာပါ။ခုမှတော့ဘာမှမတတ်နိုင် တော့ဘူးဗျာ။သူများလုပ်တာကိုနိုင်ငံခြားကနေထိုင်ပြီးဝေဖန် နေရတာတော့နဲနဲလွယ်သလိုဘဲ။ဒါပေမဲ့ကိုယ်ထင်မြင်ချက်နဲ့ အတော်တော်များများတူနေလို့ဖတ်ကြည့်တာပါ။ငြင်းလို့မရ သေးတဲ့သုံးသပ်ချက်လို့မြင်ပါတယ်။အကုန်မှန်ချင်မှတော့မှန် မယ်။လက်ရှိကတော့ဒီအတိုင်းဖြစ်နေတာအမှန်ပါဘဲ။ဆက်ဖတ်လိုက်ပါအုံးမယ်။နောက်တစ်ပုဒ်။အော်မေ့တော့မ လို့ "santun"ရဲ့comment လဲမှန်ပါတယ်။အဓိကကတော့လူ ထုထဲမှာသတ္တိရှိတဲ့သူတွေကုန်သွားတယ်ထင်ပါတယ်၊ကျွန် တော်လဲပါတယ်။
Post a Comment