Wednesday, July 18, 2012

‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၂)

‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၂)
ဒေါက်တာလွဏ်းဆွေ
သရုပ်ဖော် ကာတွန်း - ဟန်လေး

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဦးဆောင်တဲ့ ကာ/လုံစစ်အုပ်စု (ရှဲဒိုးစစ်အစိုးရ) ၀င်တွေဟာ စစ်ယူနီဖောင်းတွေနဲ့ ဆက်အုပ်ချုပ်ဖို့ အခြေအနေမဟန်တော့လို့သာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ န၀တ/နအဖခေတ်နဲ့ မတူတော့တဲ့ ပြောင်းလဲအုပ်ချုပ်မှုတခုကို သူတို့ကိုယ်တိုင် စတင်ပြုလုပ်ပေးပြီး ဒီမိုကရေစီစနစ်ဆီကို ချီတက်နေသယောင်ယောင် ပြုမူလုပ်ဆောင်ပြခဲ့ပေမယ့် ဒီကနေ့အထိ သူတို့ခေါင်းတွေထဲမှာ စွဲမြဲနေဆဲ အတွေးအခေါ်က ဗမာဖြစ်စေ၊ တိုင်းရင်းသားဖြစ်စေ၊ အခြားမည်သည့်လူမျိုးခြား နိုင်ငံသားပဲဖြစ်စေ သူတို့စစ်လူတန်းစား စစ်အကြီးအကဲတွေ ခွင့်ပြုတဲ့ ဘောင်အတွင်းမှာပဲ ဒီမိုကရေစီစနစ်ကို တည်ဆောက်ပြီး သူတို့ပေးသလောက်နဲ့ ရောင့်ရဲတင်းတိမ်ရမယ့်ပုံမျိုး မှတ်ယူထားဆဲပဲဆိုတာ သိသာထင်ရှားပါတယ်။ အလွယ်ပြောရရင် “ငါတို့ပေးသလောက် ဒီမိုကရေစီပဲ မင်းတို့ ရမယ်။ ဒီ့ထက် ပိုလိုချင်ရင်တော့ နာဖို့ပြင်” ဆိုတဲ့ စစ်ကျင့် စစ်ကြံ စစ်မာန်မပျောက်တဲ့ အပေါက်မျိုးနဲ့ အပေါ်စီးကနေ ခပ်ရင့်ရင့် ကိုင်တွယ်ချင်နေတုန်းပဲ ဆိုတာကို အပိုင်း (၁) မှာ ရေးပြခဲ့တဲ့ အချက်အလက်တွေအရ သုံးသပ်လို့ ရပါတယ်။

တကယ်တော့ သူတို့ပြောင်းလဲအုပ်ချုပ်ပုံက ဦးနေ၀င်း တော်လှန်ကောင်စီ (စစ်အစိုးရ) ကနေ အရပ်သားအယောင်ဆောင် မဆလစစ်အစိုးရဆီ ပြောင်းလဲခဲ့သလိုမျိုး နအဖစစ်အစိုးရကနေ အရပ်သားအယောင်ဆောင် ကြံ့ဖွံ့စစ်အစိုးရအဖြစ်ကို ပြောင်းလဲလိုက်တာပါပဲ။ နည်းနည်းကွာတာက ဦးနေ၀င်းက ကိုယ်တိုင် ပုဆိုးနဲ့ခေါင်းပေါင်း လဲဝတ်ပြီး မျက်နှောင်ပြောင်ပြောင်နဲ့ မဆလတပါတီစနစ်ရဲ့ သမ္မတ ဆက်လုပ်ခဲ့ပေမယ့် ပိုပြီး ဉာဏ်နီဉာဏ်နက်များတဲ့ ဦးသန်းရွှေကတော့ သူကိုယ်တိုင် သမ္မတ ဆက်မလုပ်တော့ဘဲ သူ့စိတ်ကြိုက် ရွေးချယ်ထားတဲ့ သူ့သြဇာခံ ဦးသိန်းစိန်ကို ရုပ်သေးသမ္မတအဖြစ် မျက်နှာပြောင်တိုက် တွန်းတင်ပြီး ဟန်ပြ ပါလီမန်ဒီမိုကရေစီနစ်နဲ့ ဆက်လက်အုပ်ချုပ်စေခဲ့တာပဲဖြစ်ပါတယ်။

နောက်ထပ် ကွားခြားတဲ့တချက်က ဦးနေ၀င်းရဲ့ မဆလစစ်အစိုးရ တက်ခါစမှာ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေက ပြောပလောက်အောင် ကျရောက်မနေခဲ့လို့ အပြောင်းအလဲလုပ် မျက်လှည့်ပြမှုအတွက် ဦးနေ၀င်းရဲ့ မဆလအစိုးရအပေါ်မှာ ၀န်ထုပ်ဝန်ပိုး သိပ်ကြီးကြီးမားမား မရှိခဲ့ပေမယ့် အခု ဦးသန်းရွှေတို့ရဲ့ ရုပ်သေးကြံ့ဖွံ့အစိုးရ ပြောင်းလဲအုပ်စိုးမှု စတင်ချိန်မှာတော့ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေက အထွဋ်အထိပ်မှာ ရှိနေတာမို့ တော်တော့်ကို ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်လို့ ပြောရမှာပါ။ အဲဒါကြောင့်လည်း ဦးသန်းရွှေတို့အနေနဲ့ သူတို့အပေါ် ကျရောက်နေတဲ့ ဖိအားတွေ တဖြေးဖြေး လျော့သွားစေဖို့ ရုပ်သေးအရပ်သားအစိုးရကို ဒီမိုကရေစီအစိုးရနဲ့တူပြီး နိုင်ငံတကာက လက်ခံလာအာင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ သတင်းမီဒီယာနယ်ပယ်တွေမှာ သူတို့လျှော့ပေးနိုင်သလောက် တရစ်ချင်း တရစ်ချင်း သတိနဲ့ လျှော့ပေးပြီး သူတို့အပေါ် ပိတ်ဆို့ထားမှုတွေနဲ့ တထစ်ချင်း တထစ်ချင်း အလဲအလှယ်လုပ်ယူနေခဲ့တာပါ။ အဲသလို အလဲအလှယ်လုပ်ယူရာမှာ ဦးသိန်းစိန် ရုပ်သေးအစိုးရကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးမထားဘဲ နောက်ကွယ်မှာရှိတဲ့ ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ကာ/လုံစစ်အုပ်စုက ခေါင်းအေးအေးထား စဉ်းစားဆုံးဖြတ်ပြီး သူတို့ ဆုံးဖြတ်တဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ နိုင်ငံရေးပါတီတွေ လူမှုရေးအသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ပြုရေးနဲ့ စည်းရုံးဟောပြောခွင့်ပေးရေး၊ သတင်းမီဒီယာထိန်းချုပ်ထားမှု လွတ်လပ်ခွင့်ပေးရေးတွေကို ဦးသိန်းစိန်အစိုးရက တသဝေမတိမ်း ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ပြောရရင် ကောင်းတော့မကောင်းဘူး၊ ဘာနဲ့ တူနေလဲဆိုတော့ ဦးသိန်းစိန်တို့ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်တွေ လုပ်ကိုင်နေရပုံက နယ်စပ်မြို့တွေမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ နောက်ကွယ်က သူတောင်းစားဂိုဏ်းတွေ ခြိမ်းခြောက်ခိုင်းစေထားလို့ တာဝန်အရ လိုက်လံတောင်းရမ်းပေးနေရတဲ့ ရုပ်ရည်သနားကမား ကလေးငယ်များရဲ့ ဖြစ်အင်လိုပါပဲ။ နိုင်ငံတကာမှာ ရုပ်ပြနည်းနည်းကောင်းဦးမယ့်ပုံပေါ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရှေ့ထွက်ခိုင်းပြီး နောက်ကွယ်က ကာ/လုံအဖွဲ့က လူဆိုးဓားပြဂိုဏ်းအကြီးစားသာသာ ဉာဏ်နီဉာဏ်နက်တွေနဲ့ တိုင်းပြည်ကို ဆက်အုပ်ချုပ်နေတာပါပဲ။

တကယ်တော့ ကာ/လုံ (နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) ဆိုတာထဲက ‘နိုင်ငံတော်’ ဆိုတဲ့ စကားလုံးကို မှန်မှန်ကန်ကန် အနက်အဓိပ္ပာယ် ဖွင့်ဆိုရမယ်ဆိုရင် အဲဒီ ‘နိုင်ငံတော်’ ဆိုတာဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်တဲ့ မြန်မာနိုင်ငံတော်ကို ဆိုလိုတာမဟုတ်ဘဲ “ပြီးခဲ့တဲ့ ၂၃ နှစ်ကျော် န၀တ/နအဖ စစ်အုပ်စုဝင်တွေရဲ့ အုပ်ချုပ်မှုကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ၊ စစ်ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်ပြီး တိုင်းပြည်ဘဏ္ဍာတွေကို မတော်မတရား ရယူသွားခဲ့ကြတဲ့ ဦးသန်းရွှေနဲ့ အပေါင်းအပါ စစ်အုပ်စုဝင်တွေ၊ သူတို့နဲ့ ပေါင်းစားပြီး ကြီးပွားချမ်းသာနေတဲ့ ခေတ်ပျက်သူဌေးတွေရဲ့ အကျိုးစီးပွား” လို့ အဓိပ္ပာယ်ရမှာဖြစ်ပါတယ်။ အဲဒီ ‘အကျိုးစီးပွား’ ကြီး (သူတို့အခေါ် ‘နိုင်ငံတော်’ ကြီး) လုံလုံခြုံခြုံ ဆက်ရှိစေရေး အကာအကွယ်ပေးနိုင်ဖို့ သက်သက်အတွက်သာ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ အဲဒီ ကာ/လုံ ဆိုတာကြီးကို ဦးသန်းရွှေ အလိုကျ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ တကယ့်မြန်မာနိုင်ငံတော် လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ ဖွဲ့ထားတဲ့ အတိုင်ပင်ခံကောင်စီမျိုး မဟုတ်ဘဲ သူတို့အခွင့်အရေး၊ သူတို့အကျိုးစီးပွားတွေကို ထိပါးလာမယ့် မည်သည့်အသင်းအဖွဲ့၊ မည်သူ့ လူပုဂ္ဂိုလ်ကိုမဆို နောက်ကွယ်ကနေ ဆက်လက် နှိပ်ကွပ်ခြေမှုန်းဖို့ ဖွဲ့စည်းထားတဲ့ စစ်ကောင်စီပဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းဆိုရရင် သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် နောက်ကြောင်းပြန် အရေးယူမခံရရေး၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အသိမ်းအဆည်းမခံရရေးနဲ့ အနာဂတ်မှာလည်း သူတို့စစ်အုပ်စုနဲ့ အပေါင်းအပါ ခေတ်ပျက်သူဌေးတွေ စီးပွားရေးနယ်ပယ်မှာ ဆက်လက်ပြီး လက်ဝါးကြီးအုပ်နိုင်ရေးနဲ့ နိုင်ငံရေးနယ်ပယ်ကိုပါ ဆက်လက်ကြိုးကိုင်ခြယ်လှယ်နိုင်ရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ကာ/လုံပါ။

ပြောရရင် စစ်ယူနီဖောင်းကြီးတွေနဲ့ မျက်နှာပြောင်တိုက် ဆက်အုပ်ချုပ်ဖို့ အခြေအနေ မဟန်တော့လို့သာ ကန့်လန်ကာနောက်ထဲကို ၀င်သွားခဲ့ရပေမယ့် ဦးသန်းရွှေနဲ့ သူ့သြဇာခံ စစ်ဗိုလ်ချုပ်အပေါင်းအပါတစုဟာ အာဏာကို စွန့်ချင်တဲ့ အရိပ်အယောင် လုံးဝကို မတွေ့ရပါဘူး။ ဘာဖြစ်လို့ အဲသလို သေချာပေါက် ပြောနိုင်တာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” ဆိုသည့် အချက်ကို အတင်းအဓမ္မ အနိုင်ကျင့် ပြဌာန်း အတည်ပြုခဲ့တဲ့အပြင် လက်ရှိမှာလည်း ကိုယ်တိုင်ကိုယ်ကျ နောက်ကွယ်ကနေ ဆက်လက် ကြိုးကိုင်ခြယ်လှယ်ဆဲဖြစ်တဲ့ အထောက်အထားတွေကို တွေ့နေရပြီဖြစ်လို့ပါပဲ။ ဟန်ပြ ဒီမိုကရေစီစနစ်ကို ရှေ့တန်းတင်ပြီး နောက်ကွယ်ကနေ စစ်အာဏာရှင်စနစ် ဒီဇိုင်းသစ်တမျိုးနဲ့ ဆက်လက် ကြိုးကိုင်ချင်နေဆဲပဲဆိုတာ ကြံ့ဖွံ့ရုပ်သေးအစိုးရ ဖြတ်သန်းလာခဲ့တဲ့ တနှစ်ကျော်ကြာ အဖြစ်အပျက်တွေကို သေသေချာချာ စေ့ငုကြည့်ရင် အားလုံး သတိပြုမိကြမှာပါ။


သူတို့ အဲသလို ဘာလို့ ဆက်ပြီး ကြိုးကိုင်နိုင်တာလဲ ဆိုတာကလည်း ရှင်းပါတယ်။ အခုသွားနေတဲ့ အပြောင်းအလဲဆိုတာက ဦးသန်းရွှေက သူကိုယ်တိုင် ရှေ့ထွက်မင်းသား ဆက်လုပ်ဖို့ အခြေအနေမပေးတော့လို့ သူအာဏာရှိတုန်းမှာ သူ့စိတ်ကြိုက် နိုင်ငံရေးဇာတ်ခုံအခင်းအကျင်းကို ညစ်နည်းမျိုးစုံနဲ့ အသေအချာ တည်ပြီးမှ နောက်ဆုတ်ပေးခဲ့တဲ့ အပြောင်းအလဲဆိုတော့ နောက်ကွယ်ကနေ သူ စိတ်ကြိုက် ဆက်ခြယ်လှယ်နိုင်တာ မဆန်းဘူးလို့ ပြောရမှာပေါ့။ အတိုက်အခံတွေဘက်က ရွှေဝါရောင်တော်လှန်ရေးမှာ သူ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်ရှိနေဖို့ မဖြစ်တော့အောင်လောက်ပဲ ဖိအားပေးနိုင်ခဲ့ပြီး အာဏာလက်မဲ့ဖြစ်သွားအောင်မှ ဖြုတ်မချနိုင်ခဲ့ပဲကိုး။ အဲဒီတော့ အာဏာလက်ရှိဘ၀နဲ့ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်ရောက်သွားတဲ့ အာဏာရှင် ဦးသန်းရွှေကပဲ ခြယ်လှယ်မြဲ ခြယ်လှယ်နေတာကို ရှေ့ထွက်ရုပ်သေး ဦးသိန်းစိန်အစိုးရရော၊ အတိုက်အခံအင်အားစုတွေနဲ့ ပြည်သူတွေပါ ဆက်ခံနေကြရတာပေါ့လေ။ မျက်စိလည် လမ်းမှားစရာတော့ သိပ်မရှိပါဘူး။

အာဏာဆိုတဲ့ အရာမျိုးကလည်း ကမ္ဘာပေါ်မှာ ဘယ်အာဏာရှင်မှ လွယ်လွယ်နဲ့ လက်လွှတ်ခဲ့ရိုး ထုံးစံမရှိခဲ့လေတော့ ဦးသန်းရွှေတို့အနေနဲ့ သူတို့မှာရှိတဲ့ အမှောင်ကျနေဆဲ အတွေးအခေါ်၊ သူတို့မှာရှိနေဆဲ မတော်လောဘတွေနဲ့ တိုင်းပြည်ကို နောက်ကွယ်ကနေ ဆက်လက်ချုပ်ကိုင်ချင်နေတာကိုလည်း လွန်တယ်လို့တော့ မဆိုသာပေဘူး။ အာဏာဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တုံအသိတရားနဲ့ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ လူမျိုးတွေအတွက် မစွန့်ချင်စရာ၊ မစွန့်နိုင်စရာ သည်းခြေကြိုက်ပစ္စည်းကြီးတခု ဖြစ်နေပေတာကိုး။ အတိုက်အခံဘက်က ဦးသန်းရွှေတို့လို မတော်လောဘမျိုးရှိတဲ့ လူတွေဆိုရင်လည်း ဦးသန်းရွှေတို့နေရာမှာဆို သူတို့လိုပဲ မိုက်မိုက်မဲမဲ စဉ်းစားပြီး သူတို့ထက်တောင် နှစ်ပြန်သုံးပြန်ဆိုးတဲ့ ကိုသာဆိုးတွေ ဖြစ်ချင်ဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံအဖွဲ့အစည်းတွေအတွင်းမှာလည်း ၂၃ နှစ်တာ ကာလအတွင်းမှာ ဦးသန်းရွှေတို့နဲ့အပြိုင် အဖွဲ့အစည်းအတွင်းက ကိုယ်ရထားတဲ့ ဘာမဟုတ်တဲ့ နေရာလေးတွေ ပျောက်မသွားအောင် ကလိန်ကကျစ်နည်းမျိုးစုံနဲ့ အုပ်စုဖွဲ့ နေရာယူ လက်ဝါးကြီးအုပ်ထားကြတဲ့ သတင်းပလင်းမျိုးတွေက မကြားချင်မှအဆုံးမို့လို့ပါပဲ။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆူနာမီလှိုင်း ထိမှန်ပြီး စုန်းစုန်းမြုပ်သွားရတဲ့ ဝေးလွင့်ပျောက်ကွယ်အစိုးရ (ယခင်အဝေးရောက်အစိုးရ) ဆိုသဟာကိုပဲ ကြည့်ပေါ့။ ၂၃ နှစ်လုံးလုံး ဒီလူ ဒီလူတွေချည်းပဲ။ ဒါဟာ အာဏာရဲ့အရသာကို နည်းနည်းပဲဖြစ်ဖြစ် များများပဲဖြစ်ဖြစ် မြည်းစမ်းဖူးတဲ့ လောဘသားကောင်တွေမှာ ဖြစ်တတ်တဲ့ အာဏာကို လက်မလွှတ်ချင်တဲ့ ဖြစ်ရိုးဖြစ်စဉ် သဘောသဘာဝတွေမို့ ကျနော့်အနေနဲ့ ထူးပြီး မအံ့သြမိပါဘူး။

ဒီနေရာမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုတော့ ကျနော့်အနေနဲ့ အနည်းငယ်သော ချီးကျူးစကားလေး ဆိုချင်မိတာ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က ၉၀ ရွေးကောက်ပွဲအပြီးမှာ နိုင်တဲ့ပါတီကို အာဏာလွှဲအပ်ပြီး စစ်တပ်လျားကို ပြန်မယ်လို့ ရိုးရိုးသားသားပြောဆိုခဲ့ခြင်းဟာ သူ့အနေနဲ့ တကယ်ပဲ အာဏာလောဘကို သတ်ဖို့ ဆုံးဖြတ်ထားခြင်း၊ ဒီမိုကရေစီနိုင်ငံတော်မှာ တပ်မတော် အမှန်တကယ် နေရမယ့် နေရာမှန်ကို နားလည်သဘောပေါက်ခြင်းနဲ့ ကိုယ့်နိုင်ငံနဲ့ ပြည်သူတွေ တိုးတက်ရာတိုးတက်ကြောင်း အကျိုးစီးပွားကို အမှန်တကယ် လိုလားခြင်းတို့ကြောင့်သာ ထိုအချိန်က ပါဝါအာဏာအရှိဆုံး သူ့အနေနဲ့ အဲသလို စကားမျိုးကို ယတိပြတ် ပြောထွက်နိုင်ခဲ့တာဖြစ်တယ်လို့ ကျနော်ကတော့ ချီးကျူးစကား ဆိုချင်မိတာပါ (သဘောမတူနိုင်ရင်လည်း ခွင့်လွှတ်ကြပါ)။

လက်ရှိ အာဏာချုပ်ကိုင်ထားဆဲ ဦးသန်းရွှေနဲ့ ကာ/လုံစစ်အုပ်စုဝင်တွေအနေနဲ့လည်း အာဏာရှင်ဦးနေ၀င်း အုပ်ချုပ်ခဲ့တဲ့ ၂၆ နှစ်နဲ့ သူတို့ စစ်အုပ်စု အုပ်ချုပ်ခဲ့တဲ့ ၂၃ နှစ်တာကာလအတွင်း တိုင်းပြည် စုတ်ပြတ်ပျက်စီးခဲ့ရတဲ့ အမှားပေါင်း သောင်းခြောက်ထောင်ကို အမှန်အကန် သုံးသပ်၊ အမှန်တကယ် နောင်တရပြီး အုပ်ချုပ်ရေးပိုင်းကနေ စစ်တပ်ရဲ့အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း လျှော့ချဆုတ်ခွာဖို့ ခြေလှမ်းနေတဲ့ အရိပ်အယောင်မျိုး တွေ့ရတယ်ဆိုရင်တော့ ကျနော့်အနေနဲ့ ဦးသန်းရွှေတို့ကိုလည်း ဦးစောမောင်နည်းတူ ချီးကျူးစကားဆိုမိဖို့ ပါးစပ်ယားလာကောင်း ယားလာနိုင်သလို ဒေါ်အောင်ဆန်းစုကြည် ဂငယ်ကွေ့ ကွေ့ပြီး ကြံ့ဖွတ်ရုပ်သေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ နည်းဗျူဟာလည်း အလုပ်ဖြစ်ဖို့ လမ်းစ ရှိကောင်းရှိနိုင်တယ်လို့ လက်ခံမိမှာပါ။ အခုအနေအထားကတော့ အဲသလိုမဟုတ်ဘဲ အပိုင်း (၁) မှာ သုံးသပ်ခဲ့သလို ဦးသန်းရွှေ ဦးဆောင်တဲ့ ကာလုံစစ်အုပ်စု (ရှဲဒိုးစစ်အစိုးရ) ကပဲ စစ်အာဏာရှင်စနစ် ဒီဇိုင်းသစ်တမျိုးနဲ့ ဆက်အုပ်ချုပ်နေတယ်ဆိုတာကို ဘွင်းဘွင်းကြီး တွေ့မြင်နေရပြီမို့ ကိုယ်ဖြစ်ချင်တာတွေကို စိတ်တထင့်ထင့် မျှော်လင့်ချင်လို့ မရတော့ဘဲ ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းဆောင်ရွက်နေတဲ့ နည်းဗျူဟာ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲ၊ အောင်မြင်ဖို့ အလားအလာကော ရှိမှရှိသေးရဲ့လား ဆိုတာတွေကို အပြုသဘော ဆန်းစစ် ဝေဖန် ထောက်ပြပြီး ကိုယ်မြင်တာကို မြင်တဲ့အတိုင်း အကြံပြုချင်မိတဲ့ အနေအထားကို ရောက်လာခဲ့ပါပြီ။ အဲဒီလို အပြုသဘော ဝေဖန်ဆန်းစစ်ရမယ်ဆိုရင်တော့ ကျနော့်ရဲ့ ဝေဖန်ဆန်းစစ်မှုကို ဒေါ်အောင်ဆန်းစုကြည် ထပ်ခါထပ်ခါ ထုတ်ဖော်ပြောဆိုနေတဲ့ “သမ္မတကြီးကို ယုံတယ် … သမ္မတကြီးကို ယုံတယ်” ဆိုတာကပဲ စတင်ချင်ပါတော့တယ်။

(ဆက်ပါမယ်)

ဒေါက်တာလွဏ်းဆွေ

11 comments:

Vai said...

သတ်မယ်တကြီးကို မယုံပါ. လူကောင်းမဖြစ်နိုင်ပါ. ယုံချင်သူကိုလည်း နားလည်ပါတယ်

sawnaung said...

I like this article.I agree with you.
I really appreciate dr lun swe.

khine said...

I think you are talking about "seeing is beliving".

taryar said...

ဆရာ
ဆရာရေးတာမှန်ပါတယ်.ဆက်ရေးပါဦး
ဆရာ..

santun said...

ကိုလွဏ်းဆွေ ရေးခဲ့သမျှထဲမှာဒီအပိုင်းကိုအကြိုက်ဆုံးဘဲ
ဒီမိုကရေစီကိုငါပေးချင်သလောက်ပေးမယ် လုံးဝလွတ်လပ်ခွင့်တော့ ဘယ်လိုမှမပေးနိုင်ဘူး ဆိုတဲ့စကားကို ဦးသန်းရွှေ ကပြောတယ်လို့ ဗိုလ်ခင်ညွန့်တို့ ကိုဖြုတ်ပြီးခါစ ၂၀၀၃-၄ လောက်မှာဦးသန်းရွှေအနီးကပ်တယောက်(ယခုလက်ရှိ) ဆီကကြားဖူးတယ်။ အခု ကိုလွဏ်းဆွေသုံးသပ်သလိုပါဘဲ
ဦးသန်းရွှေအသက်ရှင်နေသမျှ ဦးသိန်းစိန်တို့ အစိုးရ လုပ်ပိုင်ခွင့်အပြည့်အဝရမယ်မထင်ဘူး။

S.Maung Chain said...

No,Mr Khine..
Ko lwan shwe talking about what they been doing and what they were doing now.

Unknown said...

ဆင် ရဲသားနှင့် ခြင်္သေ့ ရဲသား

ပ ပျောက်အောင်လုပ်ပေးပါ

PAW PAW said...

ေ၇ွှဝါေ၇ာင် တော်လှန်ေ၇း ကြောင်.ပြည်သူတွေ၇ဲ. အမုန်းမေတ်တာ ပို၇ခဲ.တာကတော. အသေအချာပါပဲ..ဒါပေမယ်.ေ၇ွဝါေ၇ာင်တော်လှန်ေ၇းတစ်ခု ထဲနဲ.တော. နောက်ဆုတ်သွားတာ မဟုတ်ပါ အဓိက က ဂဒါဖီ ကို သင်ခန်းစာယူသွားတာ ဖြစ်လောက်ပါတယ် နည်းပညာ အ၇မ်းတိုးတက်လာတော. ပြေးမလွတ်ဘူးဆိုတာ သဘောပေါက်သွားတယ် ထင်ပါတယ်..နောက် ပါတီစုံ ဆိုတာလဲ လုပ်ဖို. အစီအစဉ် မ၇ှိဘူးဆို တာ တိုင်းလွတ်တော် တွေ ပြည်နယ် လွတ်တော်တွေ အတွက် ဘာအဆောက် အဦးမှ အဆင်သင်. မဖြစ်တာတွေ တွေ. ၇ပါတယ်...နောက် ဘန်ကီမွန်း လာတွေ.၇င် ကုလ၇ဲ. ထောင်စုနှစ် ၇ည်မှန်းချက် အတွက် အမြဲ သတိပေး နေတာတွေ ကြောင်.တာ ပညာသုံး နောက်ဆုတ်သွားတဲ. ပုံပါပဲ....

PAW PAW said...

ကဒါဖီ နှိပ်ကွပ်ခံ ၇တာသင်ခန်းစာယူပြီး နောက်ဆုတ်သွားတယ်ဆို၇င် ပိုမျန်လိမ်.မယ်ထင်ပါတယ် နည်းပညာ အ၇မ်း တိုးတက်လာတော. မယှဉ်နိုင်ဘူးဆို သဘောပေါက် သွားတာပါ...နောက် ဘန်ကီးမွန်း ၇ဲ. ထောင်စုနှစ် ၇ည်မှန်းချက်တွေ ကို အမြဲ သတိပေခြင်း ခံနေ၇တော. သူတို.အတွက်လည်း စိတ်ချ၇မဲ. တပည်.တွေနဲ. ထား ထားတာ ဖြစမှာပါ ...နောက်ပြီး သူတို.၇ဲ. ပိုင်ဆိုင်မှု တွေကို နောက် ထွက်လာတဲ. ဘဏ် ၄ ဘဏ်မှာ အပုံပြောင်းပြီးတော. ဘဏ် သူဌေး company သူဌေးတွေ ဖြစ်နေကြပြီ လေ...ပြည်သူတွေက သူတို. ဘဏ်တွေနဲ. အလုပ်မလုပ်ကြဖို.ေ၇းပေးပါအုန်း...

ipman said...

ဒေါက်တာလဏ်ဆွေရေးသမျှဆောင်းပါးထဲမှာတော့ဒီသုံးသပ်ချက်တွေကအဖြစ်နိုင်ဆုံးနဲ့လက်ရှိအခြေအနေတွေနဲ့မှန် တယ်လို့ကျွန်တော်ယူဆထင်မြင်ချက်တွေနဲ့တစ်ထပ်ထဲဖြစ် နေပါတယ်။(ရိုဟင်ဂျာနဲ့ပါတ်သက်တဲ့ဆောင်းပါးကိုတော့ လက်မခံပါ။မူစလင်ကိုမမုန်းပါသို့သော်ခိုးဝင်ကျူးကျော်သူ ဘင်္ဂလီများကိုတော့လက်မခံနိုင်ပါ။စစ်အစိုးရအသုံးမကျလို့ ခုလိုဖြစ်ခဲ့ရတာပါ၊ဦးနေ၀င်းတုံးကအမြှီးကုတ်နေခဲ့ရသူများ ဖြစ်ပါတယ်။)သူတို့ပေးချင်သလောက်သာမဖြစ်တဲ့အချိန်မှာ လျော့ပေးမှာပါ။လွှတ်တော်လဲအခြေမပါတဲ့ပြည်ထောင်စူအ ဆင့်နဲ့မထိုက်တဲ့မေးခွန်းများနဲ့အချိန်ဖြုန်းခိုင်းထားတာသိသာလာပါ တယ်၊ဒါတွေကတိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင်ဖြတ်ရမဲ့မေးခွန်း များဖြစ်ပါတယ်။ဖြေသူများကလဲဝါးတားတားသာဖြစ်ပါတယ်။နောက် ဆောင်းပါးများဆက်ဖတ်ပါအုံးမည်။ဦးစောမောင်ကိုလေးစားပါတယ်။ ဦးနေ၀င်းလဲမဆိုးပါ။စစ်တပ်ကိုနေရာဆက်ပေးပြီးပြည်သူကိုဒုက္ခ ပေးခဲ့ လို့သူလဲဝဋ်လည်သေခဲ့ရတာပါ။

ipman said...

သန်းခေါင်ကျော် အိပ်ချင်စိတ်ကြောင့်"လွဏ်း"တွင်ဝဆွဲနှင့် ရှေ့စီးကျန်ခဲ့ခြင်းအားခွင့်လွှတ်ပေးပါရန်။