တာဝန်ရှိသူတွေရဲ့စကား ပြောချင်ရာ ပြောလို့ရပါသလား
မောင်မောင်ဘု
လွတ်လွတ်လပ်လပ် ပြောခွင့်ရေးခွင့်လေးတွေ အထိုက်အလျောက် ရနေကြပြီဆိုတော့ လွတ်လွတ်လပ်လပ် ပြော၊ လွတ်လွတ်လပ်လပ် ရေးနေကြတာ တွေ့နေရပါတယ်။ ကောင်းပါတယ်။
နောင်ဆို စာပေစိစစ်ရေး မရှိတော့ဘူးဆိုတာ ကြားနေရပါတယ်။ မီဒီယာဥပဒေကြီး မကြာမီ
ပေါ်လာတော့မယ် ဆိုနေကြတယ်။ လူထု ရေးဆွဲတာလား၊ လူတစု ရေးဆွဲတာလားတော့မသိ။
လူတစုအတွက်ပဲ မီဒီယာကို အသုံးပြုမယ်ဆိုရင်တော့ ဒီမိုကရေစီ မကျနိုင်။ မီဒီယာသမားတွေကို ချုပ်ကိုင်မယ့် ဥပဒေဆိုရင် သွားပြီ ဒီမိုကရေစီ ...။
အခုတလော ဂျာနယ်တွေ ဖတ်ရတာ တမျိုးပဲ။ ပြောချင်ရာ ပြောတာ ဒီမိုကရေစီလားဆိုပြီး
အထင်မှားနိုင်တယ်။ တချို့ဂျာနယ်ပါ ပြောဆိုချက်တွေမှာ စဉ်းစားစရာလေးတွေ ဖြစ်လာတယ်။
အရင်ဝန်ကြီးချုပ်တွေတုန်းကဆိုရင် ...
ဂျာနယ်တခုမှာ အရင်ဝန်ကြီးချုပ်တွေတုန်းကဆို မြေသိမ်းပြီးရင် လျော်ကြေးတောင် ပေးတာမဟုတ်ဘူး ဆိုတဲ့စကားကို ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောကြားသွားတာ ဖတ်လိုက်ရတယ်။ မြေသိမ်းပြီးရင် လျော်ကြေးတော့ ပေးရမှာပဲ။ ဒီတာဝန်ရှိသူက နားမလည်တာလား။ အရင်ခေတ်ကိုပဲ လွမ်းနေသလားပေါ့။ ဒီမြေတွေက အစိုးရက ပိုင်ဆိုင်ပြီးသားဆိုပြီး ထပ်ပြောသေးတယ်။ ဒီမြေတွေပေါ်မှာ လုပ်မယ့်အလုပ်က ဘီယာဆိုင်ကြီးတွေ၊ ကစားကွင်းကြီးတွေ၊ စတိုးဆိုင်ကြီးတွေ ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့ အရာ၊ ကိုယ့်စီးပွားရေးကြောင့် နစ်နာမယ့် လူတွေရှိရင် လျော်ကြေး ပေးကို ပေးရမယ်ဆိုတာ နားလည်သင့်ပါတယ်။ ဒီစကားတွေ ကြားမိတော့ စိတ်ထိခိုက်မိတယ်။ မတော်လောဘတွေ ထားနေတုန်းပဲ ဆိုပြီး ...။ ဒီမိုကရေစီကို နည်းနည်းလေးတောင် မသွားရသေးတဲ့အချိန်မှာ အာဏာရှင်ခေတ်ဟောင်းကို တမ်းတသံလေး ပါနေသလို ...။
လူသတ်မှုမှသည် လူသေမှု
နောက်ဂျာနယ်တစောင်မှာတော့ ထွက်ဆိုပေးမယ့် မျက်မြင်သက်သေ မရှိသေးလို့ အမှုကို တရားစွဲဖို့ မလွယ်သေးဘူး ဆိုပြီး ဥပဒေသားတယောက်က ပြောကြားသွားတာ ဖတ်လိုက်ရတယ်။ ဒီမှုခင်းကတော့ တိုင်းသိပြည်သိ ကမ္ဘာသိ မှုခင်း။ ခရီးသွား ၁၀ ဦးကို ကားပေါ်က ဆွဲချပြီး သတ်တဲ့အမှု။ သေသွားတာ ၁၀ ယောက်။ အုပ်စုနဲ့ အကြမ်းဖက်သတ်တာ ထွက်ဆိုပေးမယ့် မျက်မြင်သက်သေမရှိဘူး ဆိုတော့ တမျိုးကြီးပဲ။
ကားပေါ်မှာလည်း ကားဆရာနဲ့ စပယ်ယာတွေ မပါတာမဟုတ်။ တခြားခရီးသည်တွေကော။
နောက်ဆုံး ဘယ်သူမှ ထွက်ဆိုမပေးရင်တောင်မှ ခွဲစိတ်စစ်ဆေးပေးတဲ့ ဆရာဝန်နဲ့ ရဲသက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ တရားစွဲလို့ ရပါတယ်။ ဘာဖြစ်လို့ တရားစွဲဖို့ ခက်နေတယ်လို့ ပြောနေတာလဲဆိုတာ နားမလည်။ ထူးဆန်းနေသလိုပဲ။ ပါတီတခုကလည်း လူသတ်မှုကို လူသေမှုအနေနဲ့ တရားစွဲပေးဖို့ တောင်းဆိုတယ် ဆိုတာပါ ဖတ်လိုက်ရတော့ ပိုထူးဆန်းသွားပြန်ရော။ တရားစီရင်ရေးကို ဒီပါတီက ပိုင်တာလားလို့ တွေးမိတယ်။ တရားစွဲဖို့ ခက်နေတယ် ဆိုတာထက် ဘယ်သူ့ကို တရားစွဲရမလဲဆိုတာ စစ်ဆေးဖော်ထုတ်နေတုန်း ဆိုပြီး ပြောပါက ပိုမိုနားထောင် ကောင်းလိမ့်မယ်။ သတင်းရေးသူ နားလည်မှုလွဲ ရေးသားတာလား ဆိုပြီး ထင်မိပါတယ်။
အရေအတွက်နဲ့ အရည်အချင်း
ဖတ်မိတဲ့ ဂျာနယ်တစောင်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် သင်တန်းသားဦးရေ လျှော့လက်ခံမယ် ဆိုပြီး ဖော်ပြပါတယ်။ အဲဒီမှာ တာဝန်ရှိသူတယောက်က ဘာပြောလဲဆိုတော့ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးမယ်ဆိုတော့ သင်တန်းသားဦးရေကို တ၀က်လောက် လျှော့လက်ခံမှာတဲ့။ ဒါဆို စနစ်မှားကြီးတုန်းက ဆရာဝန်တွေ အရည်အချင်းမရှိသလို ဖြစ်မနေဘူးလား ဆိုပြီး ဆွဲတွေးမိတယ်။ အရေအတွက် အရည်အချင်းတွေ ထည့်မပြောဘဲ ဆရာဝန်လောင်းတွေကို ထိထိရောက်ရောက် လေ့ကျင့်ပေးနိုင်ဖို့ဆိုတာ ထည့်ပြောရင် ပိုကောင်းမှာပါ။
စာနာစိတ်ထား ပြောစေချင်
သူတပါးကို ဝေဖန်ပြီး အပုပ်ချချင်လို့ ဒီဆောင်းပါး ရေးတာမဟုတ်။ လူထုဖတ်နေတဲ့ ဂျာနယ်တွေမှာ ဒီမိုကရေစီကျကျ ပြောစေချင်လို့ပါ။ ကိုယ်လိုရာ ဆွဲပြောမယ်၊ တဘက်သူတွေ ဘာပဲဖြစ်ဖြစ်၊ ပြောချင်ရာ ပြောမယ် ဆိုရင်တော့ စနစ်ဟောင်းနဲ့ ခြားမယ်မထင်။ ဒီမိုကရေစီ အားနည်းနေသေးတဲ့ အချိန်မှာ ဒီလို ဖြစ်တတ်ပေမယ့် စနစ်ဟောင်းကြီးက အတွေးအခေါ်တွေ မစွန့်နိုင်ကြသေးတာ တွေ့နေရတယ်။
ဒီမိုကရေစီလို့ ဆိုနေတဲ့ခေတ်ကြီးထဲမှာ အပြောအဆိုက အစ ဒီမိုကရေစီ မကျပါက
ဝေးနေဦးမယ့် ဒီမိုကရေစီ ဖြစ်နေမယ်။ တဦးချင်းက ဒီမိုကရေစီစိတ်ထားနိုင်မှ အဆင်ပြေမှာ။
ဂျာနယ်သတင်းအယ်ဒီတာမင်းများလည်း သတင်းဖြစ်ရင်ပြီးရော ဆိုပြီး ဂျာနယ်တွေမှာ
လူထု အလေးမထားတဲ့ လူတွေရဲ့စကားကို ဆင်ခြင်တင်ပေးသင့်တယ်။ ဒါမှမဟုတ်ရင်တော့ ဖတ်ရတဲ့သူတွေ ရင်ဆို့မယ်။ အမှန်သိတဲ့ လူတွေက ကဲ့ရဲ့ကြလိမ့်မယ်။
အခုတော့ ခေတ်ဟောင်းကို တမ်းတ ငိုကြွေးသံတွေ ကြားနေရတယ်။ တဘက်သားကို စာနာမှုမထား ပြောနေကြတယ်။ အထူးသဖြင့် ပြည်သူလူထုကို။ ဒီမိုကရေစီဆိုတာ စာနာမှုအပေါ် မူတည်ပါတယ်ဟု ...။ ။
မောင်မောင်ဘု
No comments:
Post a Comment