စာနယ်ဇင်းသမားဆိုတာ အထွန်းခံ ဖယောင်းတိုင်လိုမျိုးပါပဲ
စိန်သံလုံး
တလောက မန္တလေးမှာ လျှပ်စစ်မီးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒပြပွဲတွေမှာ သတင်းထောက် အယောင်ဆောင်သူတွေ တွေ့ရတယ်လို့ ကြားရတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို စုတ်ပဲ့လွန်းတယ်လို့ ခံစားရတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားလူငယ်တွေ တိုးတက်များပြားလာတာကို အခွင့်ကောင်းယူတဲ့ အခွင့်အရေးသမားတွေ သတင်းထောက် အယောင်ဆောင်ပြီး အတွင်းကျကျ သတင်းရဖို့ ကြိုးစားမှုကတော့ ယုတ်မာသူတွေပဲ လုပ်ရက်ကြတယ်။
ရန်ကုန်မှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က အဲဒီလို သတင်းထောက် အယောင်ဆောင်တဦး ရှိခဲ့ဖူးတယ်။ သူ့နာမည်က အင်းစိန်တင်မောင်လတ်လို့ ခေါ်တယ်။ အင်းစိန်မြို့နယ် ကော်လံစား သတင်းထောက်တယောက်ဖြစ်ခဲ့ပြီး ထောက်လှမ်းရေးအတွက် သတင်းပေးလုပ်ငန်းတွေ လုပ်ခဲ့တာကြောင့် ထောက်လှမ်းရေးအစီအစဉ်နဲ့ သတင်းနှင့်စာနယ်ဇင်းမှာလည်း ကြားဖြတ်သတင်းထောက်ရာထူး အလွယ်တကူ ရခဲ့ပါတယ်။ ခုချိန်မှာတော့ ရာထူးတွေ ကျော်တက်ပြီးတော့ သတင်းထောက်ချုပ် အငြိမ်းစား ဖြစ်သွားပေမယ့် သတင်းနှင့်စာနယ်ဇင်းမှာပဲ သတင်းထောက် အယောင်ဆောင်အလုပ်ကို ဆက်လုပ်နေပါတယ်။ သူ့ရဲ့ အဓိက အလုပ်ကတော့ ထောက်လှမ်းရေး၊ စအဖ၊ ရဲအထူးသတင်းတပ်ဖွဲ့တွေကို သတင်းပေးတဲ့ အလုပ်ပါ။ ဒါပေမယ့် သတင်းထောက်တာဝန်နဲ့ ဌာနဆိုင်ရာများ၊ နိုင်ငံရေးအဖွဲ့အစည်းများကြား၊ နိုင်ငံရေးသမားများအကြား ၀င်ထွက်ပြီး သတင်းပေးလုပ်နေ တဲ့ သတင်းထောက် အယောင်ဆောင်ပါ။ သူ့ကြောင့် ထောင်ကျသွားရတဲ့ လူတွေ အများကြီးပါပဲ။ သူကတော့ ဟိုပါမစ် ဒီပါမစ်တွေနဲ့ အလုပ်ဖြစ်ပြီး စီးပွားဖြစ်နေတော့တာပဲ။ အရင်က အင်းစိန် မီးရထားတန်းလျားမှာ အဖီထိုးပြီး နေရတဲ့ဘ၀ကနေ ခုတော့ ကိုယ်ပိုင်တိုက်နဲ့ ကိုယ်ပိုင်ကားတွေနဲ့ စည်းစိမ်တွေ့နေပါပြီ။
တကယ်တော့ သူ့ရဲ့လုပ်ရပ်တွေက ဂျပန်ခေတ်က ဂျပန်စကားပြန်သာသာပဲ ရှိပါတယ်။ အချင်းချင်းကို သစ္စာဖောက်ပြီး အခွင့်ထူးတွေရယူတဲ့ အယောင်ဆောင် သတင်းထောက်တဦးပါ။ သတင်းလုပ်ငန်း လုပ်ကြရသူတွေက ဒီလိုစီးပွားမဖြစ်ပါဘူး။ သတင်းထောက်စစ်စစ်ဆိုတာ တိုင်းပြည်နဲ့လူမျိုးအတွက်ပဲ လုပ်ကြတာပါ။ သစ္စာမဲ့တဲ့အလုပ်၊ မူမမှန်တဲ့ အလုပ်တွေကို သတင်းထောက်အစစ်တွေက မလုပ်ကြပါဘူး။ ခုကိစ္စတွေမှာတော့ သတင်းထောက်အမည်ခံ သတင်းထောက် အယောင်ဆောင်ပြီး ကိုယ်ကျိုးရှာ ယုတ်မာကြတာပါ။ တချို့သံရုံးဧည့်ခံပွဲတွေက သတင်းဌာနက သတင်းထောက်တွေပဲ ၀င်ခွင့်ပေးတယ်။ ထောက်လှမ်းရေးကို ၀င်ခွင့်မပေးဘူး။ သတင်းထောက် အယောင်ဆောင်ကတော့ လွယ်လွယ်ကူကူ ၀င်ခွင့်ရတာပေါ့။
အဲဒီလို အယောင်ဆောင်မှုတွေကြောင့် စာနယ်ဇင်းသမားစစ်စစ်၊ သတင်းသမားစစ်စစ်တွေ ထိခိုက်နစ်နာကြတာမို့ ကိုယ့်ကျိုးရှာသူများ သတိထားစေချင်တာပါ။ ဘယ်ဌာန၊ ဘယ်အဖွဲ့အစည်း ဘယ်ပါတီကပဲဖြစ်ဖြစ် သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ သတင်းသမားတွေက တက်ရောက်မေးမြန်း သတင်းယူပြီး သက်ဆိုင်ရာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ပြန်လည်ပြီး ရေးပေးရလေ့ရှိပါတယ်။ အဲဒီလို အသုံးချခဲ့ပြီး တခါတခါမှာတော့ စာနယ်ဇင်းသမားတွေကို စေတနာပျက်ကြသူများလည်း ရှိပါတယ်။ တခါတခါမှာတော့ သိတတ်သူများက စာနယ်ဇင်းသမားတွေကို ကျေးဇူးပြုတာမျိုးလည်း ရှိပါတယ်။ ဥပမာ ရွှေပြည်နန်း သနက်ခါးက စာနယ်ဇင်းသမားတွေကို ဗုဒ္ဓဂယာ ပို့တာမျိုးပေါ့။ တချို့စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စာနယ်ဇင်းလောကမှာရှိတဲ့ အယ်ဒီတာချုပ်တွေကိုပဲ ရွေးပေါင်းပြီး နိုင်ငံခြားကို ခေါ်သွားမျိုးလည်း ရှိပါတယ်။ အဲဒါကတော့ ကျေးဇူးပြုတာ မဟုတ်ပါဘူး။ အိတ်ထဲထည့်ပြီး အပိုင်ပေါင်းထားတာမျိုးပါ။ တချို့ကတော့ စာနယ်ဇင်းသမားတွေကို သတင်းစာရှင်းလင်းပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေလုပ်ပြီး တပြေးညီ လက်ဆောင်ပဏ္ဍာတွေ ပေးလေ့ရှိပါတယ်။ တချို့ကတော့ စာနယ်ဇင်းသမားတွေကို အရက်တိုက်ပြီး စည်းရုံးတယ်။
တချို့ကတော့ စာနယ်ဇင်းသမားတွေကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲလုပ်ကြရာမှာ အမြတ်ထုတ် ခုတုံးလုပ်သွာမျိုးလည်း ရှိပါတယ်။ ဥပမာ သမ္မတအကြံပေးတွေ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာမှာ နိုင်ငံရေးအကြံပေးဆိုတဲ့ ကိုကိုလှိုင်က လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်သူတွေကို အိမ်မှာရှိတဲ့ မီးတွေပိတ်ပြီး ဖယောင်းတိုင်နဲ့နေရင် ပြေလည်သွားမယ်တဲ့။ ပြောလည်း ပြောရက်ပါပေရဲ့။ သူ့အိမ်မှာ အဲဒီလို မီးမှိတ်ပြီး သူကိုင်တိုင် နေရဲ့လား။ မဖြစ်နိုင် တာတွေ ပြောနေတော့လည်း အောက်တန်းကျတဲ့ ပြက်လုံးတခု ကြားရသလိုပဲ။ အဲဒီလို ဖြုတ်ဦးနှောက်နဲ့ ခပ်ကြောင်ကြောင် ပြောတတ်သူက သမ္မတအကြံပေးဖြစ်နေမှတော့ ရှေ့ရေးကို မတွေးရဲစရာပဲ။
ဘာပဲဖြစ်ဖြစ် အဲဒီလို ရမ်းရမ်းကားကား ပြောသွားတာကလည်း သတင်းစာရှင်းလင်းပွဲမှာပဲ ဖြစ်နေလေတော့ သတင်းသမားတွေ ခုတုံးလုပ် အသုံးချခြင်းခံရတာပဲ။ ပြောချင် ဆိုချင် ရှင်းချင်ရင် စာနယ်ဇင်းသမား၊ သတင်းသမားတွေနဲ့ သတင်းစာရှင်းလင်းပွဲများစွာ လုပ်ခဲ့သူတွေက တခါတခါမှာကျတော့ သတင်းသမား၊ စာနယ်ဇင်းသမားတွေကို ရန်လုပ်တာမျိုးလည်း ရှိခဲ့ပါသေးတယ်။ ဥပမာ NLD လုံခြုံရေးလူငယ်တဦးက သတင်းထောက်တဦးကို ရန်လုပ်ခဲ့တဲ့ကိစ္စမျိုးက မဖြစ်သင့်ပါဘူး။ သူတို့ခေါင်းဆောင်ကို ဓာတ်ပုံရိုက်တာ အပြစ်လား၊ အဲဒီစာနယ်ဇင်းသမား၊ သတင်းသမားတွေရဲ့ ဓာတ်ပုံနဲ့ သတင်းတွေကြောင့် သူတို့ခေါင်းဆောင်ကို လူတွေ ပိုပြီး သိသွားတာ ပိုပြီး ချစ်သွားတာ၊ ပိုပြီး ကြည်ညိုသွားတာ မဟုတ်လား။ လက်တွေ့ ဥပမာပြရရင် သက်သေခံဖြစ်စေမယ့် သတင်းသမား၊ စာနယ်ဇင်းသမားတွေ အနားက ၀ိုင်းရံထားလို့ ပြည်တွင်းခရီးစဉ်တွေမှာ ဒီပဲယင်းလို လုပ်ကြံလို့ မရတာကို နားလည်စေချင်တယ်။ ဒီပဲယင်းဖြစ်စဉ်ကို ပြန်ကြည့်ရင် အဲဒီတုန်းက မြန်မာပြည်မှာ စာနယ်ဇင်းတွေ ဒီလောက်ဖွံ့ဖြိုးထွန်းကားမှု၊ အရေးပါမှု မရှိသေးတာကိုလည်း သက်သေပြရမှာပဲ။
တလောက သိန်းထောင်ချီတဲ့ အလွဲသုံးစားမှု ၀န်ကြီးဌာန ၆ ခုမှာ ပေါ်ပေါက်နေကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာကို ကိုးကားပြီး သတင်းရေးခဲ့တဲ့ THE VOICE ဂျာနယ်ကို တရားစွဲခဲ့တယ်။ စာနယ်ဇင်းသမားဆိုတာ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးအတွက်ဆိုရင် မှန်တာရေးရမှာ သမိုင်းပေးတာဝန်ဖြစ်သလို မှားသွားရင်လည်း ၀န်ခံရဲပါတယ်။ ခုကိစ္စ ဘယ်သူမှန်သလဲဆိုတာ မူလတန်းကလေးကအစ သိပြီးသားမို့ အမှန်တရားက အောင်ပွဲခံမှာပါ။
အများလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတောင် ဥပဒေများနှင့် မဆန်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရရှိသည်လို့ ပုဒ်မ ၃၅၄ (က) နဲ့ ပြဌာန်းထားတယ်။ ဒါ့ကြောင့် ဘယ်သူမဆို ဘယ်လိုခေါင်းဆောင်ပဲဖြစ်ဖြစ် မှားနေရင်တော့ ဝေဖန်ထောက်ပြရမှာပဲ။ ဝေဖန်ထောက်ပြတာဟာ စော်ကားတာမဟုတ်ဘူး။ စတုတ္ထမဏ္ဍိုင် သတင်းသမားတွေရဲ့ တာဝန်ပဲဆိုတာ သိသိကြီးနဲ့ စိတ်မဆိုးကြပါနဲ့။ သတင်းသမား၊ စာနယ်ဇင်းသမားဆိုတာ သူများအလင်းရောင် ရဖို့အတွက် ကိုယ်တိုင်အနစ်နာခံရတဲ့ အထွန်းခံ ဖယောင်းတိုင်လိုမျိုးပါပဲ။ သတင်းထောက်က သူ့ကိုယ်သူ သမ္မတဖြစ်အောင် မလုပ်နိုင်ဘူး။ နိုင်ငံရေးသမားတယောက်ကို ကြီးပွားတိုးတက်အောင် သမ္မတဖြစ်အောင် လုပ်ပေးနိုင်တယ်။ သမ္မတကို ပြုတ်အောင်လည်း သတင်းထောက်က လုပ်နိုင်တယ်။ ၀ါးတားဂိတ် အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ နစ်ဆင်ကို ဖြုတ်ခဲ့တာ သတင်းထောက်ပါပဲ။
စိန်သံလုံး
3 comments:
ဒေါက်တာလွှတ်ဆွ။ ။
"သတင်းယူကြတဲ့ နေရာတိုင်းမှာ...
သတင်းထောက်အစစ်တွေရော၊
သတင်းထောက်အတုတွေရော
လူစုံ ပါတယ်လို့ ..
စိန်သံလုးံ ကြီးက ကစ် ထားပါလား..။
စိန်သံလုးံကြီးကျ...
ကိုယ်တိုင် သတင်းတွေကို သွားတောင်
မယူနိုင်ဘူး၊
အဝေးကနေ..လေသံကြား..ဖမ်း..တရားနာပြီး၊
ဆောင်းပါးတွေနဲ့ ကညော့ နေတာကြတော့ရော.."
စိန်သံလုးံ ။ ။
" မင်းပြောတာနဲ့ ..ငါတွေးကြည့်တာ..၊
သတင်းထောက်အစစ်၊အတု ထဲမှာတောင်
ငါ မပါဘူးဖြစ်နေတယ်..။
ငါတော့..အဝေးကနေသတင်းတွေကောက် တဲ့
သတင်းကောက် များဖြစ်နေသလားပဲ..၊
ဟူး...ခေါင်းထဲ နောက်ကျိကျိ
ဖြစ်လာသလိုပဲ..၊
ပါရာစီတမောလေး တစ်လုးံလောက်ရှိလားကွာ."
ဟုတ်တယ်
စိန်သံလုံးပြောတာမှန်တယ်-------
တိုင်းပြည်တပြည်တိုးတက်ဖို့ မီဒီယာဟာ အဓိကအကျဆုံးပဲ၊ မီဒီယာသမားတွေကပဲ နိုင်ငံတွင်းဘာဖြစ်နေတယ်ဆိုတာ ပြည်သူကိုသိစေတာ၊ သမ္မတကအစ- ရုံးဝန်ထမ်းအဆုံး - ဘာဖြစ်နေတယ်ဆိုတဲ့ အခြေနေကို ပြည်သူတွေသိထားဖို့လိုအပ်တယ်။ အဲဒီလိုသိထားအောင် ဖော်ထုပ်ပေးတာ မီဒီယာပဲ။ Reform လုပ်တဲ့နေရာမှာ အားသာချက်၊ အားနဲချက် အားလုံးကိုထောက်ပြပီး ဖြစ်သင့်တာကိုဝေဖန်တာမီိဒီယာပဲ။ ခုပြန်မာနိုင်ငံမာကြည့် တချို့ဝန်ကြီးဌာနတွေက ထုပ်ဝေတဲ့ တချို့နိုင်ငံတော်နဲ့ပတ်သက်သော လုပ်ဆောင်မည့်အစီစဉ်ပြတဲ့ စာအုပ်တွေဆို ကန့်သတ် ဆိုပြီးထုပ်တယ်- ဘာတွေပါတယ်ဆိုတာ ဘယ်သူမှ မသိဘူး၊ မသိတော့ -ဘယ်သူမှ မဝေဖန်နိုင်ဘူး၊။ ကောင်းတဲ့မူဝါဒဖြစ်ဖြစ်- ဆိုတဲ့မူဝါဒဖြစ်ဖြစ် စာအုပ်ထဲ့ပါတဲ့အတိုင်းကျင့်သုံးလာရင် -ပြည်သူပဲခံရမှာ။ အဲဒါကြောင့်- Press or Media Freedom မရှိသမျှ ဘယ်နိုင်ငံမှ ဒီမိုကရေစီမကျဘူး။ ဘယ်နိုင်ငံမှ မူဝါဒမပြောင်းဘူး။
မီဒီယာကို ပြည်သူမထောက်ခံရင်- အဲဒီပြည်သူဟာ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူမဟုတ်သေးဘူး။ ဒါပဲ--
ဒီခွေးသတောင်းစားနဲ့ ဒေါ်စုတ၇ားပွဲမှာထိပ်တိုက်ရင်
ဆိုင်ခဲ့ရတာလေးပြောပြချင်သေးတယ်။အဲံသည်တုန်းက
တနစ်နီးနီးကြာခဲ့တဲ့တရားပွဲပေါ့။တရားပွဲမှာသည်ငနဲကတ
ရားပွဲလာတဲ့သူတွေထဲကနာမည်ရှိသူတွေကိုဓါတ်ပုံလိုက်
ရိုက်ပြီးထောက်လှန်းရေးကိုပို့ တာလေ။ တခါမှာတော့
ကျနော်တို့ အုပ်စုကိုသူကဓါတ်ပုံလှမ်းရိုက်တော့ကျနော်
ကဆေးလိပ်ငွေ့ မှုတ်ပြီးမြင်ကွင်းကိုေ၀၀ါးသွားအောင်
လုပ်တော့သူအတော်ဒေါသထွက်သွားတယ်။ ကျနော်
ကသူကင်မရာနဲ့ လှမ်းချိန်တိုင်းဆေးလိပ်ငွေ့ မှုတ်မှုတ်
ထုတ်နေတော့နောက်ဆုံးကြံရာမရပဲသည်ငနဲလစ်ထွက်
သွားတာကိုတွေ့ လိုက်ရတယ်။အနားမှာဘယ်သူရှိလဲ
လို့ ကြည့်လိုက်တော့အမတ်လောင်းဒေါ်စမ်းစမ်းကိုး။
အဲသည်တုန်းကတော့အမတ်မဖြစ်သေးဘူးပေါ့။နာမည်
ရှေ့ ကလမ်းမတော်ပါလာရင်သတိသာထားပေရော့။
Post a Comment