Tuesday, June 19, 2012

လူထုစိန်ဝင်းကို ကျနော် သိတယ်

လူထုစိန်ဝင်းကို ကျနော် သိတယ်
မောင်ငြိမ်းအေး
ပုံတူပန်းချီ-မင်းကျော်ခိုင်

မနေ့ညက
မိုးတော်တော်ချုပ်မှ
ဖေ့ဘုတ်ခ်ကို ဖွင့်
ရင်ထဲမှာ နင့်သွားတယ်။

လူတစုလို မသိမ်ဖျင်းစေဘဲ
လူထုကို ထိန်လင်းနေရမယ်ဆိုတဲ့
လူထုစိန်ဝင်းရဲ့ မျှော်လင့်ချက်တွေ ...။

ဒီမျှော်လင့်ချက်တွေနဲ့
ရဲရဲတောက်နေတဲ့
ဆရာ့ရဲ့ကလောင်မျိုး
မိုးပေါ်တက်ရှာရှာ
မြေသျှိုးပြီးတော့ပဲရှာရှာ
တွေ့ပါလိမ့်မယ် အားကြီးကြီး။

ဆရာက အာဏာရှင်ဆိုရင် သိပ်မုန်းတယ်
အာဏာရှင်ကလည်း ဆရာ့ကို မချစ်ပါဘူး
ဆရာ့မှာ ကလောင်ရှိတယ်
အာဏာရှင်မှာ ထောင်ရှိတယ်
အကြောက်တရားအောက်မှာ
ဆရာ့ကလောင် မဖောက်ပြား
ကောက်လည်းကောက်မသွား
ထောင်မကြောက်တဲ့ဆရာ
ကိုယ့်အိမ်ကိုယ့်ယာမှတ်ထင်
အခါခါဝင် ... အခါခါထွက်
ခေတ်အဆက်ဆက်
အာဏာရှင်ရဲ့သရုပ်အမှန်ကို
တော်လှန်ရေးနဲ့ ဖော်ပြခဲ့တယ်။

ဆရာ မကြောက်တဲ့ အာဏာရှင်ကတော့
ဆရာ့ကိုကြောက်
ရာဇပလ္လင်ပေါ်က တောက်ခေါက်ခဲ့တယ်
`စာပေ’ ဆိုတာကို
စကားလုံးလောက်သာ သိကြတဲ့သူတွေက
ဆရာ့စာတွေကို
လှီးကြ ... ဖြတ်ကြ
ပိတ်ကြ ... ဆို့ကြ
လှီးဖြတ်ပိတ်ဆို့နေတဲ့ကြားကကိုပဲ
မီးတောထဲက ဖီးနစ်ငှက်ထပျံသလို
ဆရာအိုရဲ့ခေါင်း
မရွဲ့မစောင်း ... ကိုယ့်လမ်းကြောင်းကို
နီမောင်းရဲစွေး ... သတ္တိသွေးယှဉ်
လူထုရင်ထဲကို ၀င်ခဲ့သပေါ့။

ဖွတ်မိချောင်းဖြစ်
မြစ်မချမ်းသာဆိုသလို
လူထုက ရွေးကောက်ထားတယ်ဆိုတဲ့ အသံတွေအောက်
ဦးသိန်းစိန်အစိုးရကို မထောက်ခံဘူး
၂၀၀၈ ... ဖွဲ့စည်းပုံကို မထောက်ခံဘူး
ဘူး ... ဘူး ... ဘူး ... ဘူး
ဘူးတလုံးဆောင် အိုတောင်မဆင်းရဲဘူး
ဆရာဆောင်တဲ့ `ဘူး’ က
ဆရာ မဆင်းရဲအောင်မဟုတ်
တိုင်းပြည်နဲ့လူမျိုး
ညှိုးနွမ်းဆင်းရဲမှာစိုးလို့လေ
အစိုးရနဲ့ ၀န်ထမ်းဆိုတာ
ပြည်သူတွေရဲ့အစေခံပဲ
ပြည်သူသာအမိ
ပြည်သူသာအဖ
ပြည်သူတွေ ရဲကြဖို့
ဆရာ ရဲပြခဲ့ပေတယ်။

မင်းသားမင်းသမီးတွေရဲ့
ဧည့်ခံပွဲကလေးတွေတက်
အဆိုတော် ကိုကို ... မမတို့ရဲ့
စီးရီးမိတ်ဆက်ပွဲကလေးတွေတက်
စီးပွားရေးသမားတွေရဲ့
လုပ်ငန်းဖွင့်ပွဲ ... ကံစမ်းမဲနှိုက်ပွဲကလေးတွေတက်
ပေးတဲ့ လက်ဆောင်ကလေးတွေ ပွေ့ပိုက်
ဖိုးကျိုင်းတုတ်စာနယ်ဇင်းဆရာဆိုသူတွေ
ကြော်ငြာလိုလို ... ဆောင်းပါးလိုလို ... သတင်းလိုလို
မျိုဆို့ယူငင်ခဲ့သမျှတွေအတွက်
အကြိုက်တွေ လိုက်ရေးကြ
စတုတ္ထမဏ္ဍိုင်ဆိုတာကြီးကိုမှ အားမနာ
အဲဒီပါပါရာဇီတွေလည်း
ဆရာကတော့ ချဲတာပဲ။

ဆရာက
လူငယ်တွေကိုလည်း ချစ်တယ်
လူငယ်တွေကို ယုံကြည်တယ်
လူငယ်တွေကို မျှော်လင့်တယ်
လူငယ်တွေကို အားကိုးတယ်
လက်ဖက်ရည်ဆိုင် ထိုင်နေတာကို ဆရာ မကြိုက်ဘူး
နိုင်ငံခြားအထင်ကြီးတာကို ဆရာ မကြိုက်ဘူး
မလေ့မလာ ... မမှတ်မသား
အချိန်ဖြုန်းနေတာကို ဆရာ မကြိုက်ဘူး
တိုင်းပြည်ဆီက ဘာရမလဲဆိုတာကို စဉ်းစားပြီး
တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲဆိုတာ မတွေးတဲ့
လူငယ်တွေကို ဆရာ မကြိုက်ဘူး
တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ
တပ်မတော်က ကယ်တင်တယ်ဆိုတာကို
ဆရာ မယုံကြည်ဘူး
ချောက်ထဲကျနေတဲ့ တိုင်းပြည်ကို
ကယ်တင်တာ လူငယ်တွေပဲ
ကယ်တင်မှာ လူငယ်တွေပဲ
စွဲစွဲမြဲမြဲ ဆရာ ယုံကြည်တယ်
လူငယ်တွေကို အားပေးတယ်
လူငယ်တွေကို ဖြည့်ဆည်းတယ်
လူငယ်တွေကို လမ်းပြတယ်
လူငယ်တွေကို သွန်သင်တယ်
လူကြီးနဲ့ လူငယ်ကြား
တိုင်းပြည်နဲ့ လူငယ်ကြား
ပစ္စုပ္ပန်နဲ့ အနာဂတ်ကြား
ဆက်သွယ်ထားတဲ့ တံတားကြီးဟာ ဆရာပဲ
အခုတော့ ...
အစားထိုးမရအောင်
တံတားကျိုးကျခဲ့ပြီ။

ဆရာ့သား ဆုံးတော့
ဆရာ့အားတွေ ပြုန်းခဲ့တယ်
ဆရာ့ဇနီး ဆုံးပြန်တော့
ဆရာ့ခရီးက ၀ရုန်းသုန်းကားဆန်ခဲ့တယ်
ဆရာကိုယ်တိုင်က လေဖြတ်
ကံကြမ္မာက အသေသတ်ခဲ့ပေမယ့်
ဆရာ့ခြေလှမ်းတွေ ယိုင်မသွားခဲ့ဘူးလေ
တက်ကျိုးရင် လက်ထိုးလှော် ဆိုသလိုပဲ
ညာလက်မကောင်းတော့ ဘယ်လက်နဲ့ ရေး
အောက်စီဂျင်ပိုက်ကလေးနဲ့ အသက်ရှူ
လူ့ရဲ့အားမာန်ကို နမူနာပြရင်း
ဘ၀ရဲ့အလွမ်းတွေကို လူငယ်တွေဆီမှာ နှစ်
အားသစ်အင်သစ်တွေ ဖြစ်စေခဲ့တယ်။

ဆရာ့အင်္ဂလိပ်စာသင်တန်းကလေး
လူငယ်တွေရဲ့စုဝေးရာ
လူငယ်တွေရဲ့အမြင်တွေဖလှယ်ရာ
လူငယ်တွေရဲ့ခံစားချက်တွေပေါက်ကွဲရာ
လူငယ်တွေရဲ့နှလုံးသား
စိမ်းမြလန်းဆန်းစေတဲ့နေရာ
လူငယ်တွေရဲ့ဦးနှောက်
ဗဟုသုတတွေနဲ့ ပြည့်မောက်စေတဲ့နေရာ
လူငယ်တွေရဲ့အမြော်အမြင်
သန့်ရှင်းကြည်လင်စေတဲ့နေရာ
လူငယ်တွေရဲ့အတွေးအခေါ်အယူအဆ
ဝင်းပထက်မြစေတဲ့နေရာ
လူငယ်တွေသည်သာ ဆရာ့ကမ္ဘာ
လူငယ်တွေအဖို့တော့
ဆရာဟာ စကြ၀ဠာ
အခုတော့ ...
ဒီစကြ၀ဠာကြီး ပြိုခဲ့ပြီ။

ကျနော်က ‘ပမွှား´ပါ
ဒီ`ပမွှား´ကိုပဲ အရေးပေး
ဆရာ ခေါ်တာက ‘ကိုနေမျိုးအေး´ တဲ့လေ
RFA က မောင်သစ်ဆင်းနဲ့ ကျနော်
ဆရာ့အခန်းမှာ ပျော်ခဲ့ဖူးကြ
ဆရာက အင်္ဂလိပ်ကဗျာတွေ၊ ၀တ္ထုတွေအကြောင်း
ကောင်းကောင်းကြီး ပိုင်ပိုင်နိုင်နိုင် ပြောပြတော့
ကျနော်တို့အားလုံး မော့လို့။

ကျနော်က
မဂ္ဂဇင်းလေးငါးခြောက်အုပ်မှာ
အယ်ဒီတာ လုပ်ခဲ့တယ်
ကျနော်လုပ်တဲ့ မဂ္ဂဇင်းတိုင်း
မဆိုင်းမတွ
ဆရာက ဆောင်းပါးးတွေ ချီးမြှင့်တယ်
ဘယ်တော့မှ ရက်ချိန်းမပျက်
တခါတရံ ပျက်သွားခဲ့ရင်တောင်မှ
ကျနော်တို့ အနေခက်အောင် တောင်းပန်
ဟန်မရှိခဲ့။

ဆရာ ‘မောင်ထင်´ က
ကိုဒေါင်းက သေလေပြီ
ကိုဒေါင်း သက်တော်ရာကျော်ရှည်ပါစေသတည်း ... တဲ့
ကျနော်တို့ကရော
“လူထုစိန်ဝင်းက သေလေပြီ
လူထုစိန်ဝင်း သက်တော်ရာကျော်ရှည်ပါစေသတည်း” လို့
ဆုတောင်းကြ ... ပြောကြ ... ရေးကြမှာလား။

ကျနော်ကတော့ ... ရင်နဲ့ရင်းပြီး
ဒီလိုရေးလိုက်ချင်တယ်
ဆရာလူထုစိန်ဝင်းက သေလေပြီ
အာဏာရှင်နဲ့ ပါပါရာဇီတို့
ဘ၀ဆက်တိုင်း
ကြောက်ရသောသူသာ ဖြစ်ပါစေသတည်း။ ။

မောင်ငြိမ်းအေး

4 comments:

ှဲKaung said...

အမတန်ကောင်းကဗျာပါ။ ဆရာ လူထု ဦးစိန်ဝင်းရဲ့  ဂုဏ်တွေကို ပိုပေါ်စေပါတယ်။

MON said...

Mervellous!!! It's a great verse for a great person who had suffered enormously under the dictatorship!!!!

tun said...

ကဗျာလဲကောင်း ကဗျာကို အင်္ဂလိပ်လို ချီးကျူးတာလဲကောင်း

ချိုလေးဇွန် said...

အရမ်းကောင်းတဲ့ ကဗျာလေးပါ ကဗျာ ဖတ်ရလို့
ကျေးဇူးအထူးတင်ပါတယ်