Thursday, May 31, 2012

ကြားဖြတ်ဝန်ထမ်း ဇာတ်သိမ်းခန်း ရောက်သင့်ပြီ

ကြားဖြတ်ဝန်ထမ်း ဇာတ်သိမ်းခန်း ရောက်သင့်ပြီ
စိန်သံလုံး

ကြားဖြတ်အစိုးရ ဆိုတာတွေ၊ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာတွေကတော့ မရှိမဖြစ် ရှိသင့်တာပေါ့။ လိုအပ်ချက်အရ ပေါ်ပေါက်လာရတာမျိုးလေ။ ဒါပေမယ့် ကြားဖြတ်ဝန်ထမ်း ဆိုတာတော့ မရှိသင့်တော့ဘူး။ သူတို့ကို အခွင့်အရေးပေးခဲ့တာ နှစ်ပေါင်း ၅၀ လောက် ရှိခဲ့ပြီဆိုတာ နည်းမှတ်လို့ဗျာ။

ကြားဖြတ်ဝန်ထမ်းဆိုတာ ဌာနဆိုင်ရာများမှာ စစ်ဘက်ပင်စင်စားတွေကို အဆင့်မြင့်နေရာ ခွဲပေးနေရတဲ့ကိစ္စ။ လစ်လပ်တဲ့ ရာထူးနေရာကြီးကြီးကို လုပ်သက်အရ အတွေ့အကြုံအရ ပညာပိုင်းဆိုင်ရာအရ အရပ်ဘက်ဝန်ထမ်းများက ရသင့်ပေမယ့် ဘာမှမတတ်တဲ့ စစ်ဘက်ပင်စင်စားတွေကို နေရာပေးလိုက်တော့ နှစ်နဲ့ချီပြီး ကြိုးစားလာကြတဲ့ အရပ်ဘက်ဝန်ထမ်းတွေ စိတ်ဓာတ်ကျကုန်ရော။ အဲဒီလို ကြားဖြတ်အခွင့်အရေးယူလို့ ‘ကြားဖြတ်ဝန်ထမ်း’ လို့ ခေါ်တာဖြစ်တယ်။ တချို့က နိုင်ငံခြားကို ထွက်သွားကြတာကြောင့် ကိုယ်တတ်တဲ့ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုခွင့် မရတော့ဘူး။

ဒါကြောင့် သမ္မတက နိုင်ငံခြားကို ရောက်နေသူတွေ ပြန်လာကြဖို့ ဖိတ်ခေါ်နေရတာပေါ့။ သမ္မတ ဖိတ်ခေါ်သူတွေထဲမှာ ပညာရှင်တွေက အဓိက ပါဝင်နေတယ်။ အမေရိကားမှာဆို ထူးချွန်ထက်မြက်တဲ့ ဆရာဝန် တော်တော်များများ ရောက်နေကြပြီ။ သူတို့ကတော့ ပြန်လာဖို့ ခက်ခဲမှာပါ။ အဲဒီထဲမှာ စစ်ဘက်ပင်စင်စားတွေကြောင့် စိတ်နာပြီး ထွက်သွားတဲ့ လူတွေလည်း ပါတယ်။ အဲဒီလူတွေက ဟိုမှာ နိုင်ငံသားဖြစ်နေကြပြီဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြပါ့မလား၊ စွန့်စားကြပါတော့မလား။ အဲလိုဖြစ်ရတာဟာ အဓိက က စစ်ဘက်ပင်စင်စားတွေ စစ်အစိုးရအဆက်ဆက် အခွင့်အရေးယူနေကြလို့ပဲ။

“တော်လှန်ရေးကောင်စီခေတ် စစ်ဘက် ပင်စင်စားတွေကို ရာထူးနေရာ တီထွင်ပေးထားခဲ့ဖူးတယ်။ အထူးအရာရှိတဲ့။ အဲဒီအထူးအရာရှိဆိုတာ ရာထူးနေရာ မရှိလို့ ကြံဖန်ပြီး နေရာပေးထားတာ။ အဲဒီအထူးအရာရှိတွေ လုပ်လို့ တိုင်းပြည်ဆင်းရဲသွားတာ ဘာမှ မကြာသေးဘူးနော်။ အထူးအရာရှိတွေက ညွှန်မှူး၊ ညွှန်ချုပ်တွေကိုပါ အမိန့်ပေးပြီး လုပ်ချင်ရာ လုပ်လို့ ကုန်သွယ်လယ်ယာက စပါးဝယ်မရတော့ဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။”

ဒီကနေ့ ၀န်ကြီးဌာနတွေရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ၁၀ ယောက်မှာ ၈ ယောက်က စစ်ဘက်ပင်စင်စားတွေပဲ ဖြစ်တယ်။ စတုတ္ထမဏ္ဍိုင်ကို မွေးထုတ်ပေးမယ့် ပြန်ကြားရေး ၀န်ကြီးဌာနမှာလည်း ကြည့်၊ ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် (ဒု-ဗိုလ်မှူးကြီးဟောင်း)၊ ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့် (ဗိုလ်မှူးကြီးဟောင်း)၊ ပုံနှိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့် (ဗိုလ်မှူးဟောင်း)၊ သတင်းနှင့်စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းမင်းဇော် (ဒု-ဗိုလ်မှူးကြီးဟောင်း)၊ ပြန်ဆက် ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် (ဒု-ဗိုလ်မှူးကြီးဟောင်း) တို့ ဖြစ်နေတာကြောင့် သူတို့ထက် တတ်ကျွမ်းတဲ့ သူတို့ထက် လုပ်သက်များတဲ့ သူတို့ထက် အရာရာမှာသာတဲ့ အရပ်ဘက်ဝန်ထမ်းတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။

ဌာနမှာ နှစ်နဲ့ချီ ၁၀ နှစ်၊ အနှစ် ၂၀၊ အနှစ်အစိတ်လောက် ကြိုးစားပမ်းစား သစ္စာရှိရှိ၊ တာဝန်သိသိ လုပ်လာခဲ့တဲ့ အရပ်ဘက်ဝန်ထမ်းထက် စစ်ဘက်ဝန်ထမ်းတွေက ရောက်ပြီး ၁ လ၊ ၂ လအတွင်း လစ်လပ်ရာထူးကို အလွယ်တကူ ယူသွားလေတော့ တကယ်ရသင့်တဲ့ ၀န်ထမ်းတွေ စိတ်ဓာတ်ကျကုန်တယ်။ လုပ်ငန်းစွမ်းဆောင်ရည်တွေ ကျဆင်းသွားတယ်။ နောက်ဆုံး စိတ်ဓာတ်ကျပြီး အသက်မပြည့်ခင်မှာ အလုပ်က ထွက်သွားသူတွေ အများကြီး ရှိခဲ့တာကတော့ ဌာနတိုင်းမှာ မေးကြည့်ရင် သိနိုင်ပါတယ်။

အဲဒီလို ထန်းပင်ပေါ်က ကျလာသူတွေကြောင့် လက်ရှိဝန်ထမ်းတွေ စိတ်ဓာတ်ကျနေကြတယ်။ ၀န်ထမ်းတွေရဲ့ ရှေ့အနာဂတ် မျှော်လင့်ချက်ဆိုတာ ဘာမှမရှိတော့ဘူး။ မျှော်လင့်ချက်မရှိရင် ၀န်ထမ်းဘ၀ သာယာမှုမရှိတော့ဘူး။ တိုင်းပြည်အတွက်လည်း နစ်နာတယ်။ မိသားစုအတွက်လည်း နစ်နာတယ်။ လက်ရှိ ၀န်ထမ်းတွေရဲ့ တိုးတက်မှုအတွက် စစ်ဘက်ပင်စင်စား ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးဟောင်းတွေက ရှေ့က ပိတ်ထားသလို ဖြစ်နေတယ်။

ခက်တာက အဲဒီလူတွေက ဘာမှမတတ်ပဲ အမိန့်တွေ တွင်တွင်ပေးနေတော့ ဌာနအတွက် အကျိုးရှိပါ့မလား။ ပညာရပ်ဆိုတာ အတွေ့အကြုံနဲ့ယှဉ်ပြီး တိုးတက်စေတာ။ အတွေ့အကြုံရှိသူတွေက အောက်က အတွေ့အကြုံ မရှိသူတွေက အပေါ်ကဆိုတော့ စဉ်းစားကြည့်၊ ဘယ်လို အကျိုးရှိအောင် လုပ်ကြမှာလဲ။

တော်လှန်ရေးကောင်စီခေတ် စစ်ဘက် ပင်စင်စားတွေကို ရာထူးနေရာ တီထွင်ပေးထားခဲ့ဖူးတယ်။ အထူးအရာရှိတဲ့။ အဲဒီအထူးအရာရှိဆိုတာ ရာထူးနေရာ မရှိလို့ ကြံဖန်ပြီး နေရာပေးထားတာ။ အဲဒီအထူးအရာရှိတွေ လုပ်လို့ တိုင်းပြည်ဆင်းရဲသွားတာ ဘာမှ မကြာသေးဘူးနော်။ အထူးအရာရှိတွေက ညွှန်မှူး၊ ညွှန်ချုပ်တွေကိုပါ အမိန့်ပေးပြီး လုပ်ချင်ရာ လုပ်လို့ ကုန်သွယ်လယ်ယာက စပါး ၀ယ်မရတော့ဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။

ခုချိန်မှာ ခေတ်တွေ ပြောင်းနေပြီ၊ စနစ်တွေ ပြောင်းနေပြီ၊ မူတွေ ပြောင်းနေပြီလို့ ဆိုတယ်။ ခက်တာက လူတွေက မပြောင်းသေးဘူး။ အကျင့်ဟောင်းတွေ မပြင်သေးဘူး။ ပြင်ဖို့လည်း ခပ်ခက်ခက်ပဲ။ ဒီတော့ တိုင်းပြည်ကောင်းဖို့ဆိုရင် အဲဒီကြားဖြတ်ဝန်ထမ်းတွေ ဇာတ်သိမ်းခန်း ရောက်သင့်ပါပြီ၊ တိုင်းပြည်တိုးတက်ဖို့ ဖွံ့ဖြိုးဖို့ တကယ်စေတနာရှိရင် အဲဒီကြားဖြတ်ဝန်ထမ်းတွေကို သုတ်သင်ရှင်းလင်းဖို့ တိုက်တွန်းလိုက်ပါရစေ။ ကဲ ... ဘယ်သူလုပ်ရဲသလဲ။

စိန်သံလုံး

8 comments:

htwe said...

သိပ်မှန်တယ်ဗျာ၊ ကြားဖြတ်ဝန်ထမ်းဆိုတာ ဘယ်ဌာနမှာမှ မရှိသင့်‌တော့ပါဘူး၊ ဖြစ်နိုင်ရင် ‌ရောက်ပြီးသား လူ‌တွေပါ ရှင်းထုတ်သင့်ပါတယ်။ မူရင်းဌာနက ၀န်ထမ်း‌တွေအင်မတန်နစ်နာပါတယ်။
စည်ပင်၊ ရဲတပ်ဖွဲ့ နဲ့  လျှပ်စစ်တို့ မှာဆိုရင် သူတို့ ချည်း ပါဘဲ။ လုပ်ချင်တာလုပ်‌နေတာလည်း သူတို့ ပါဘဲ၊ ပြည်သူကဆဲ‌တော့ ဆိုင်ရာဌာနကို ဆဲတာပါ။ တပ်က ‌ပြောင်းလာလို့  စစ်တပ်ကို မဆဲ ကြပါဘူး၊ အစကတည်းက စစ်တိုက်ချင်လို့  စစ်ထဲဝင်တာပါ၊ စစ်ပဲတိုက်ပါ၊ ကြားဖြတ်‌နေရာ မယူပါနဲ့ ၊ တာဝန်‌ပေးလို့  လုပ်ရတာဆြိုပီး စကားကြီး စကားကျယ်က ‌ပြော‌သေးတယ်၊ မလုပ်ချင်ထွက်ဆို‌တော့ မထွက်နိုင်ကြပါဘူး။ တိုင်းပြည်တွက်ဆို‌ပြော‌သေးတယ်၊ သူတို့ ‌ကြောင့် တိုင်းပြည်ကမတိုးတက်တာပါ။ တပ်‌ပြောင်းအရာရှိ‌တွေ ဘယ်ဌာနမှာမှ လုံးဝမထားသင့်‌တော့ပါဘူး။ ဆရာသမား ၀န်ကြီး‌တွေ‌ခေါ် လာတဲ့သူ‌တွေဆိုပိုဆိုးပါတယ်၊ ဆရာအားကိုးနဲ့  လုပ်ချင်တိုင်းကို လုပ်‌နေတာပါ။ ရာထူးသာခဏခဏတက်‌နေတယ်၊ ဘာပြသနာမှ မဖြစ်ပါဘူး၊ ဆရာရှိ‌နေတာကိုး၊ ‌နေရာကျ‌တော့လည်းရှယ်‌တွေချည်းပါဘဲ။ ‌ရောက်တာနဲ့  ဘယ်‌နေရာအ‌ကောင်းဆုံးလဲ‌မေး‌တော့တာပဲ။ ဆရာ့‌ပြောပြီးသွားမလို့ တဲ့၊ ပြည်ထဲ‌ရေးနဲ့  နယ်စပ်‌ဒေသမှာဆို ၀န်ကြီး‌တွေကတပ်ကဆို‌တော့ တပ်ကလာတဲ့ အရာရှိ‌တွေပဲ ကြီးစိုး‌နေတာပါ။ ရာထူး‌ပေးလဲသူတို့ ပဲ၊ ‌နေရာ‌ပေးလဲသူတို့ ပါပဲ။ အရာရှိ‌တွေအဆိုးဆုံးပါပဲ။ မူရင်းဌာနက၀န်ထမ်း‌တွေ မရှိသ‌လောက်ဖြစ်‌အောင်ကို ‌ပြောင်းလာပြီး‌နေရာ‌တွေယူထားကြတာ။ ဆရာ‌မွေး၊ တပည့်‌မွေး‌တွေ အခုချိန်မှာ လုံးဝ(လုံးဝ) မရှိသင့်‌တော့ပါဘူး။ တပ်မ‌တော်က‌နေလည်း လုံးဝ ‌ပြောင်းမ‌ပေးသင့် ‌တော့ပါဘူး၊ မူရင်းဌာနက ၀န်ထမ်း‌တွေအတွက် ပြန်ကြည့်ဖို့  လိုအပ်‌နေပါပြီ။

Sandi said...

ပို့ဆောင်ရေးဝန်ကြီးဌာနမှာ MD/DG နေရာလွတ်တော့၊
လက်ရှိ MD တစ်ယောက်(ရေတပ်ဗိုလ်မှူးဟောင်း)က
“ဒီအဆင့်ဆိုတာ၊ဗိုလ်မှူးကြီးအဆင့်ပဲပေးရမှာ”လို့ လူတွေကြားမှာကြွေးကြော်တယ်တဲ့၊သူကိုယ်တိုင်တောင်ဗိုလ်မှူးပဲရှိတာ၊သူကိုယ်တိုင်ဖယ်ဖို့နေနေသာသာ၊ ထပ်ခေါ်ဖို့တောင်ပြောနေသေးတယ်။ဌာနဆိုင်ရာတွေမှာလဲ၊ကျွမ်းကျင်တဲ့သူတွေသိတ်မကျန်တော့ပါဘူး၊ ကြားဖြတ်တွေကိုစိတ်ကုန်ပြီးထွက်ကုန်ကြတာ၊၀ါးကြောမိနေတဲ့သူတွေပဲကျန်တော့တယ်။

MasterMyanmar said...

ဝန်ထမ်းတွေမှာ ရာထူး တိုးတက်ရေး ဆိုတာ ဘဝ မျှော်မှန်းချက်ပါ။ ဒီမျှော်မှန်းချက်ကို ရိုက်ချိုးခံထားရလို့လည်း၊ ဝန်ထမ်းတွေက ရရာ နေရာမှာ သာသလို လုပ်စားမယ်ဆိုတဲ့ စိတ်မိုက်တွေ ဝင်လာပီး မတန်တဆ လဒ်စားမှု၊ တာဝန်ကို ပေါ့ရော့မှု တွေ ဖြစ်လာတာပါ။ စစ်တပ်ထွက် ၂သီးစားများ နေရာမှ အမြန်ဖယ်ရှားပေးပါ။

aristhteinwin said...

၂၀၀၃-၄ ခုလောက်က အိန္ဒိယ နိုင်ငံ ကာလကတ္တား( ယခု အခေါ် ကိုးလ်ကတ္တား) မြို့  နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်နဲ့  မြန်မာနိုင်ငံ စာရင်း အင်း ဌာန မှ ပညာသင် အမျိုးသမီး ၆ယောက် ရောက်လာပါတယ်- သူတို့ ကို မြန်မာနိုင်ငံအတွင်းမှာ ဘာတွေ လုပ်ရသလဲ မေးကြည့်တော့ ကုန်ဈေးနှုန်းစာရင်းတွေ ကောက်ပြရတယ်တဲ့- လက်ရှိပေါက်ဈေးအတိုင်းတင်ပြလို့ မရဘူး တဲ့- ဥပမာ ဆန်တပြည် တရာကျော်နေပါစေ- ၅၀ ထက် ပိုမပြနဲ့ တဲ့- အဲဒီလို ကုန်ဈေးနှုန်းကို အပြင်မှာ ဘယ်လောက် ဈေးကြီးကြီး သူတို့ သတ်မှတ်တဲ့ ဈေးအတိုင်းဘဲ တင်ပြရပါတယ်တဲ့- ဖြစ်နိုင်တယ်။ တွင်းတစ်-နှစ် -သုံးတို့ ရှိစဉ်က တွင်းသုံး ၀င်းမြင့် ပြုတ်သွားတော့ ကိုယ်အိမ်မှာ ချက်ဘို့ ပြုတ် ကိုယ့်အိပ်ထဲမှ စိုက်ထုတ်ရတာဆိုတော့ ၀င်းမြင့် အိမ်မှာ ချက်ပြုတ်တဲ့ အိမ်ဖေါ်က ဈေးဘို့  ပေးလိုက်တဲ့ငွေက အသားမပြောနဲ့  ကြက်ဥတောင် မရဘူးပြောတော့ တွင်းပြုတ် သုံးက မယုံဘူးတဲ့- ဟ- အပြင်မှာ စားသောက်ကုန်ဈေးက ဒီလောက်တောင်တက်နေသလားလို့ မေးတယ်လို့  နီးစပ်ရာ အသိုင်းအ၀န်းက ကြားရကြောင်းပါ။ ဒီတော့ ဘာမှ မသိတဲ့ ဘောင်းဘီချွတ်တွေက ညွှန်ချုပ်တွေ ညွှန်မှူးရာထူးတွေယူပြီး ပညာတတ် အရပ်သားဝန်ထမ်းတွေကို အမိန့် ပေးနေတော့ ဘယ်လိုလုပ် တိုင်းပြည်တိုးတက်မလဲဗျာ။

ညာလက်တော် said...

အဲဒီလို တစ်ဘက်သတ်ပြောလို့တော့လဲမရဘူးလေဗျာ...ခင်ဗျားတို့ပြောခဲ့တာတွေကို မှားတယ်လို့မပြောပါဘူး...အခု အရပ်ဘက်ကိုရောက်လာတာ စစ်တပ်ကလူတွေများတယ်ဆိုတာ ဟုတ်ပါတယ်...အဲတာဆို ကျွန်တော်တစ်ခုလောက်ပြောပါရစေ...စစ်တပ်ထဲမှာနေပြီး ရှေ့တန်းထွက် စစ်တိုက်၊ မိုင်းထိပြီး ကိုယ်လက်အင်္ဂါစွန့်လွတ်လိုက်ရတဲ့လူတွေလဲရှိပါတယ်။ အဲဒီလိုလူတွေ အရပ်ဘက်ရောက်လာတာကြတော့ ခင်ဗျားတို့ ဘာပြောမလဲ.. အဲဒီလိုလူတွေက ကိုယ်လက်အင်္ဂါ စွန့်ပြီးမှ ရောက်လာတာပါ..သူတို့ဘ၀တွေနဲ့ရင်းပြီးမှ ရောက်လာကြတာပါ... အခု ခင်ဗျားတို့ပြောနေကြတာ ၀ါးလုံးရှည်နဲ့ရမ်းသလိုဖြစ်နေပါတယ်...ခင်ဗျားတို့က အဲဒီလိုလူတွေအတွက်လဲ ကိုယ်ချင်းစာတတ်မှာမဟုတ်ပါဘူး..အဲလိုလူတွေအတွက် ကိုယ်ချင်းစာကြည့်လိုက်ပါ..

tukhamaine said...

မှန်လိုက်တာ ၊ ကျုတ်နဲ့သိတဲ့ အင်ဂျင်နီယာတယောက်ဆိုရင် ၀မ်းနည်းစွာ ပြောဘူးတယ်၊
““ ငါသာ မိသားစုအရေးကြောင့် ကြိတ်မှိတ်ပြီး ၀န်ထမ်း
ဆက်လုပ်နေရတာ၊ ငါ..သားသမီး ငါလိုအဖြစ်ဆိုးကြုံမှာစိုးလို့ ဘယ်တော့မှ ၀န်ထမ်း မလုပ်စေရဘူး၊တပ်ကလာတဲ့ကောင်တွေကိုယ့်ထက် ငယ်လဲငယ်တယ်၊ပညာလဲမတတ်ဘူး၊ဒါပေမယ့် သိပ်ရိုင်းတယ်၊လူကြီးမှန်း မသိ၊မင်းကွာငါကွာ ဆဲပြီး ခိုင်းချင်တယ်”” မိသားစုအရေးကြောင့် ဆက်လုပ်နေရတာ၊ ဒိကောင်တွေ မြင်ကိုမမြင်ချင်ဘူး””လို့ ပြောပါတယ်၊၊မြန်မာနိုင်ငံမှာ ဒီလိုလူမျိုးတွေဘယ်လောက်ရှိမလဲ ၊စိတ်ပါလက်ပါ မလုပ်လို့ နိုင်ငံမှာဘယ်လောက်နစ်နာရသလဲ ၊ကြာဖြတ်ဝန်းထမ်းတယောက်အတွက် မကြည်ပါနှင့်၊နိုင်ငံအတွက် ကြည့်ပါ၊ ““ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်””ဆိုသလို တပ်ကလာတဲ့ ကြားဖြတ်ဝန်းထမ်းတယောက်ကြောင့် ဋ္ဌာနဆိုင်ရာတခုလုံး ပျက်စီးရတာ ပညာရှင်မပါလို့ မအောင်မမြင်ဖြစ်ပြီး နိုင်ငံကြီး အဆင်းရဲဆုံးဖြစ်ရတာ သတိရသင့်ပါတယ်။ခု ဖတ်ရတဲ့ commentတွေဟာ မှန်လွန်းလှပါတယ်

myozaw said...

ကောင်ပါတယ်

Myanmar said...

ဒီစနစ်ကို ဖန်တီးအသက်သွင်းခဲ့တဲ့သူမသေသေးဘူး။ တ၇ားခံကို တ၇ား၇ုံးကိုပို့ကြ။ အာဏာ၇ှင် ဆဒ္ဒမ်ဟူစိန် မူဘာ၇က် ကဒါဖီ တို့ဘာဖြစ်သွားလဲ။ ။