ရုပ်ပြောင်းရုပ်လွှဲနဲ့ အကြောတစ်ထောင် လျှို့ဝှက်သိုင်းကျမ်း
Ven Ravika
မြန်မာနိုင်ငံအခြေအနေကို ရေးနေတာ ကြာပါပြီ။ ဟိုတုန်းက လူစွမ်းကောင်းပေါ့။ အခုကျတော့ ညီညွတ်ရေးကို ဖြိုခွဲသူပေါ့။ ထင်ချင်သလို ထင်ပါလေ။ နိုင်ငံရေးဆိုတာ ကြည့်ကောင်းရုံ လုပ်ရတာမဟုတ်။ လောကုတ္တရာရေးမှာ ဝိပဿနာလုပ်ငန်းက အရေးကြီးဆုံးပါပဲ။ လောကီရေးမှာ နိုင်ငံရေးလုပ်ငန်းက အရေးကြီးဆုံးလို့ ဆိုရမယ်။
ဗုဒ္ဓဘာသာဖြစ်ပြီး ဝိပဿနာတရား အားမထုတ်ဘဲ မိမိဘာသာကို ဂုဏ်ယူနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေက များလှပါတယ်။ မိမိဘာသာကို မလေ့လာဘဲ ရိုးရာဗုဒ္ဓဘာသာကိုပဲ လိုက်နာလို့ အနှစ်သာရကို မခံစားရဘဲ ဘာသာပြောင်းသွားတာလည်း တွေ့နေရတာပဲ။
နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ မိမိလမ်းစဉ်ကို ကောင်းကောင်း လေ့လာမထားဘူး။ တဘက်သားက ဘာလုပ်မလဲ ထိုင်ကြည့်နေရုံပဲ။ ပြီးတော့ ဟိုက ပေးသလောက် ယူပြီး ဇိမ်ခံနေလိုက်တယ်။ တကယ့်မူဝါဒမရှိ၊ တကယ့်အနှစ်သာရကို မရဘဲ အချင်းချင်း ပုတ်ခတ်ကုန်ရတယ်။ အချို့ဆို ဘက်ပြောင်းကုန်တယ်။
လူမှာ အမြင်ရှိမှ မြင်နိုင်မယ်၊ မရှိရင် အကန်းလိုပဲ။ လေ့ကျက်မှုအားကောင်းမှပဲ ဝေဖန်ပိုင်းခြားနိုင်မယ်၊ မရှိရင် ဆင်ကန်းတောတိုးမိမှာပဲ။
လူတစ်ယောက်ဟာ အမှားတစ်ခုကို လုပ်မိချင် လုပ်မိမယ်၊ သူတစ်ယောက်ထဲဆိုရင် သူပဲ တာဝန်ခံရမှာမို့ ထိန်းသိမ်းဖို့ မခက်လှပါ။ အဖွဲ့အစည်းနဲ့ဆိုရင် ဒါက မဟာဗျူဟာတစ်ခုဖြစ်လို့ ထိခိုက်မှုများနိုင်တယ်။ အဲဒီမဟာဗျူဟာမှားကို မှန်တယ်လို့ ပြည်သူအားလုံးက ယုံနေကြရင် တိုင်းပြည်တောင် ပျက်သွားနိုင်တယ်။
ဒါကြောင့် တိုင်းပြည်တစ်ခုမှာ ဒီမဟာဗျူဟာမှန်နေဖို့ အင်မတန် လိုအပ်တယ်။ အမှားကို အမှန်လုပ်ပြီး နာတာရှည်ရောဂါ ပျောက်အောင် မကုဘဲ အသာလေး မှေးပါသွားရင် ဒါက မဟုတ်သေးဘူး။
အရင်တုန်းက သဘောတရားတွေကို သဘောကျလို့ ခိုင်းသလို လုပ်ပေးတယ်။ အခု NLD က လွှတ်တော်နိုင်ငံရေးထဲ ရောက်နေပြီ။ သဘောတရားနဲ့ ပြောရုံမပြီးတော့။ လက်တွေ့ လုပ်ပေးဖို့ လိုတယ်။
အကြောက်ပြချက်ကောင်းကောင်း မရှိဘဲ ရန်သူကို ယုံပြီး ခြေစုံပစ်ဝင်သွားရင် လုပ်ငန်းတစ်ခုကို အကောင်အထည် မဖော်နိုင်သရွေ့ သံသယအကျိုးကို ခံစားသင့်တယ်။ လူထုအခြေပြုနိုင်ငံရေး မပေါ်သေးဘူး။ လူထုအသုံးပြုနိုင်ငံရေးပဲ ရှိသေးတယ်။ အောက်ခြေကနေ မပြင်ဘဲ ထိပ်ပိုင်းကနေ ပြောင်းနေတာပဲ ရှိသေးတယ်။
လက်ရှိအစိုးရက ဘာလဲ သိချင်ရင် သူ့ဝန်ထမ်းတွေကို ကြည့်ပါ။ သူ့တပ်မတော်ကို ကြည့်ပါ။ ရှင်းပါတယ်။ သင်က မခွဲလည်း ဟိုကခွဲရင် ကွဲတာပါပဲ။
လက်ရှိ NLD သွားနေတဲ့ လမ်းကြောင်းဟာ အတိုက်အခံလမ်းကြောင်းမဟုတ်။ မဟာမိတ်လမ်းကြောင်း ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတစ်ခုမှာ NLD နဲ့ USDP တို့ မဟာမိတ်ပြုရုံနဲ့ မလုံလောက်သေးဘူး။ အဲဒီထက် နက်ရှိုင်းတဲ့ ပြဿနာတွေ အများကြီးပါပဲ။ ဒီပြဿနာတွေက ဒီနှစ်ပါတီ မပေါ်ခင်ကတည်းက ရှိနေခဲ့တာပါ။ ဒီပါတီ ၂ ခုက အဲဒီပြဿနာကို လက်ဆင့်ကမ်းယူရတာပဲ ရှိတယ်။
အစိုးရဟာ သူတို့ဖြစ်ချင်တဲ့ ကိစ္စဆိုရင် Road-map လုပ်ပြီး ဇွဲနပဲကြီးစွာနဲ့ လုပ်ခဲ့တယ်။ တိုင်းပြည်ကို ကြေညာပြီး တစိုက်မတ်မတ် လုပ်သွားတယ်။ အခု လက်ရှိအခြေအနေမှာ နိုင်ငံတော်မှာ ဥပမာပေါ့ ဒီလို လမ်းပြမြေပုံ ထုတ်ကြည့်ရအောင်ပါ။
၁။ ပထမဦးဆုံး လွှတ်တော်ကို NLD ဝင်ရောက်ရော တစ်နှစ်အတွင်း ကြိုးစာားပြီး တိုင်းရင်းသားများနဲ့လည်း တစ်နှစ်အတွင်း အပစ်ရပ်နိုင်ရေး ကြိုးပမ်းမယ်။
၂။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တစ်နှစ် အချိန်သတ်မှတ်မယ်။
၃။ တိုင်းရင်းသားတွေနဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို လက်ရှိအစိုးရရဲ့ စတုတ္ထနှစ်သက်တမ်းမှာ လွှတ်တော်ကို တင်သွင်းပြီး လက်မှတ်ထိုးမယ်။
၎။ လက်ရှိအစိုးရ ပဉ္စမနှစ်သက်တမ်းမှာ တပ်မတော်သားကိုယ်စားလှယ်များ မရှိတဲ့ ဖက်ဒရယ်လွှတ်တော်တစ်ခု၊ ပြည်နယ်ပေါင်းစုံ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု၊ တရားမျှတရေးနဲ့ တန်းတူရေးရှိတဲ့ ဒီမိုကရေစီစနစ်တစ်ခု ရစေရမယ်။
လက်ရှိအစိုးရက ဒီ ၅ နှစ်လမ်းပြမြေပုံကို ကျေညာခဲ့ရင်၊ ကျေညာထားတဲ့အတိုင်းလည်း ပုံမှန်လုပ်သွားခဲ့ရင် ဆင်ခြေတက်စရာ မရှိပါဘူး။ အခုဟာက လူထုခေါင်းဆောင်က ဒု-သမ္မတများ ဖြစ်မလား၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်မလား မျှော်နေရတယ်။ ကိုယ့်ခေါင်းဆောင်ကို နှိမ်မိမှန်းတောင် မသိကြတော့ဘူး။
ဒီလိုစဉ်းစားကြည့်ပါ။
စစ်တပ်ဟာ တိုင်းပြည်ရဲ့အခွန်ကို ဘယ်လောက်ဖြုန်းတီးနေပါသလဲ။ ပြည်သူတို့က တိုက်ရိုက်ရွေးချယ် တင်မြှောက်လိုက်တာမဟုတ်ဘဲ ပြည်သူတို့က ကျွေးနေရတယ်။ ပြည်သူတို့ ပေးတဲ့အခွန်ကို မမျှမတ ဗုံဘောလအော သုံးနေကြတယ်။ တပ်မတော်ကိုယ်စားလှယ်တစ်ယောက်၊ အစိုးရအဖွဲ့အတွင်း တပ်မတော်သားတစ်ဦးတို့ရဲ့ လစာကို တွက်ကြည့်ပါ။ ဒါဟာ ပြည်သူတွေက သဘောမကျဘဲ အလကားကျွေးနေရတာပါ။ ပြည်သူ့ဘဏ္ဍာကို နေ့တိုင်း ဖြုန်းတီးနေကြတာပါ။ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးပြီး အေးအေးဆေးဆေး နေနေတာမဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေကို သွားပြီး လူသတ်၊ မုဒိမ်းကျင့်၊ ခိုးဆိုးလုယက်ဦးမယ်။ ပြည်သူတွေကို သေဒဏ်စီရင်ကြဦးမယ်။ တိုက်ရိုက်သတ်မိန့်လည်း ရထားဆဲ ဖြစ်တယ်။ ဒါလား အပြောင်းအလဲဆိုတာ။
လူသတ်လုပ်ငန်းများကို ဘယ်တော့ရပ်မလဲ၊ လမ်းပြမြေပုံ မထားသင့်ဘူးလား။
မြေယာသိမ်းဆည်းမှုကိုလည်း ဘယ်တော့တန့်သွားမလဲ၊ လမ်းပြမြေပုံ မထားကောင်းဘူးလား။
တိုင်းရင်းသားဒေသတွေကနေ ဗမာတပ်မတော်သားတွေ ဘယ်တော့ရုပ်သိမ်းမလဲ၊ လမ်းပြမြေပုံ မဆွဲထားသင့်ဘူးလား။
ဒါက ဥပမာပဲ ရှိသေးတယ်။
နောက်တစ်ခု ဒီမိုဘက်တော်သားတွေ သတိထားရဦးမယ်။ မြန်မာသံရုံးဆိုတာ မြန်မာပြည်သားအားလုံးကို ကိုယ်စားပြုတယ်မလား။ အစိုးရအတွက် သူလျှိုဒလန်လုပ်ဖို့အတွက် မဟုတ်ဘူးမဟုတ်လား။ ဒီသံရုံးကို စိတ်ချယုံကြည်မှု ရှိကြပါသလား။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပနိုင်ငံထွက်ရင် ဒီသံရုံးကို ဝင်ရမှာပဲ။ သံရုံးက ဂုဏ်ပြုညစာ တည်ခင်းပေးမှာပဲ။ အဲဒီလိုအချိန်မှာ ဆန္ဒပြဖို့ မစဉ်းစားမိကြဖို့ လိုတယ်။ ဆန္ဒပြရင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရကောင်းလားဆိုပြီး အဆဲခံနေရဦးမယ်။
ခေါင်းဆောင်တွေကတော့ ပြုံးလို့ရီလို့၊ သံတမန်ဆန်ဆန် လက်ဆွဲနှုတ်ဆက်လို့၊ ဒို့တတွေ ညီညွတ်ကြပြီ၊ ကြည့်ကြပါကုန်လော့ဆိုပြီး ကမ္ဘာကို ပြစားလို့ ရတယ်။ ဘွဲ့တံဆိပ်တွေလည်း ရချင်ရဦးမယ်။ ဒါပေမယ့် ဘာမှနားမလည်ဘဲ မျှော်လင့်နေတဲ့ သာမန်ပြည်သူပြည်သားတွေကတော့ ဒုံရင်းနဲ့ ချာချာနေဦးမှာပဲ။
အခုကတည်းက ကြည့်ကြပါလား။ မကန်းရင် မြင်ကြမှာပါ။
ကျန်ရှိနိုင်ငံရေးအကျဉ်းသားကိစ္စ လုံးဝ စိတ်မဝင်စားကြတော့ဘူး။
ကချင်မှာ စစ်ဖြစ်နေတာကို ဝတ်ကျေတန်းကျေပဲ ပြောကြတယ်။
သိမ်းမြေတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမှောင်ထဲရောက်သွားပြီ။
ခပ်ပြတ်ပြတ်ပဲ ပြောချင်တယ်။ လေးစားပြဖို့ မလိုဘူး။ မြှောက်ပင့်ပြောဖို့လည်း မလိုဘူး။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလည်း မလိုဘူး။ အပေါ်ယံအခွင့်အရေးလည်း မလိုဘူး။ သူရဲဘောကြောင်ဖို့လည်း မလိုဘူး။ သူ့အလုပ် သူလုပ်ဖို့ပါပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါပဲ။ တိုင်းပြည်က အမှန်တကယ် အကောင်းဘက်ပြောင်းခဲ့ရင် ဒီလိုတောင် ရေးစရာမလိုတော့ဘူး။
ရုပ်ပြောင်ရုပ်လွှဲ မလိုဘူး။ အကြောတစ်ထောင် သိုင်းကျမ်းလည်း မလိုဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒု-သမ္မတဖြစ်မလား၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်မလား စိတ်မဝင်စားဘူး။ စိတ်ဝင်စားတာက အစိုးရနဲ့ပေါင်းလို့ သာမန်ပြည်သူတွေ၊ တိုင်းရင်းသားတွေအတွက် ဘယ်လောက်လုပ်ပေးနိုင်မလဲ သိချင်တယ်။
လိုချင်တာက လက်တွေ့ကျတဲ့ ပြောင်းလဲရေး လမ်းပြမြေပုံတစ်ခုပါပဲ။
၁။ တပ်တော်သားကိုယ်စားလှယ်တွေ လွှတ်တော်ကို ဘယ်တော့ စွန့်ခွာကြမလဲ။
၂။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်တော့စမလဲ။
၃။ ဒီမိုကရေစီအခွင့်အရေးနဲ့ ပြည့်ဝတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခု ဘယ်တော့ ပေါ်ပေါက်လာမလဲ။
လမ်းပြမြေပုံ ပြပါ။ လမ်းပြမြေပုံ ၇ ဆင့်ကို လုပ်နိုင်ခဲ့ပြီပဲ။ အခု ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ အဲဒီလမ်းပြမြေပုံကို သိချင်တယ်။ ကျေညာပေးရင် ထောက်ခံတဲ့ ဆောင်းပါးတစ်ပုဒ်တော့ အနည်းဆုံး ရေးမယ်။
တကယ်လို့ ဒါလေးတွေကို ရေးလို့ မမှန်ဘူးဆိုရင် ဝေဖန်နိုင်ပါတယ်။ အားမနာကြပါနဲ့။
Ven Ravika
နိုင်ငံရေးမူ ခိုင်ခိုင်မာမာ မရှိသူတွေကို မျက်စိမှိတ်ထောက်ခံခြင်းရဲ့ အန္တရာယ်
Ko Watote
စကားကျွံ နှုတ်မရဆိုပေမယ့်လည်း ထွေးပြီးသား ပြန်မြိုတာ ထုံးစံလို ဖြစ်လာနေတဲ့၊ ဘာမူမှ ရှိပုံမရတဲ့ အန်အယ်ဒီလို အဖွဲ့အတွက်ကတော့ စကားကြိုက်သလောက်ကျွံပါစေ၊ နိုင်ငံရေးသိက္ခာကို မည်ကာမတ္တ ရပ်တည်ခွင့်နဲ့ လဲဖို့ ဝန်မလေးတာကို တခါ ထပ်တွေ့ခဲ့ရပြန်ပါပြီ။ တကယ်တော့ အန်အယ်ဒီမှာ ဘာမူမှ မရှိဘူးလို့ ပြောတာထက် စစ်အုပ်စု ပေးသလောက်ကိုသာ ယူရေးဆိုတဲ့ မူကို လက်ကိုင်ပြုထားတာလို့လို့ ပြောတာက ပိုမှန်မယ်ထင်တယ်။
တကယ်ဆို လွှတ်တော်ကို ဝတ်ကျေတန်းကျေ ကိုယ်စားလှယ် သုံးယောက်ပဲ လွှတ်ပြိုင်လည်း အန်အယ်လ်ဒီ တရားဝင် ရပ်တည်ခွင့် မပျက်ပါဘူး။ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်ရဖို့ အစိုးရ သတ်မှတ်ထားတဲ့ အနည်းဆုံး လိုအပ်ချက်လောက်ကိုပဲ ဖြည့်ဆည်းပြီး ကိုယ်ရထားတဲ့ ထောက်ခံမှုတွေကို လယ်သိမ်းခံရတဲ့ လယ်သမားတွေအတွက် အစိုးရက မျှမျှတတ ဆောင်ရွက်ပေးအောင် ပြည်သူလူထုနဲ့အတူ တောင်းဆိုတဲ့ လုပ်ရပ်လို လုပ်ရပ်မျိုးတွေမှာ အသုံးချသင့်တာပေါ့။ မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ မတရား အနိုင်ကျင့်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ သူ့လို ပုဂ္ဂိုလ်တယောက် လိုအပ်နေတာ ဆယ်စုနှစ်နဲ့ကို ချီနေပြီ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံမှာသာကြီးတယ်၊ အနောက်နိုင်ငံက အတုယူစရာကောင်းတဲ့ လုပ်နည်းလုပ်ဟန်တွေကို ဒီတိုင်းပြည်ကို သယ်လာတာမျိုး မတွေ့ရဘူး။ မြန်မာနိုင်ငံက စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး စသဖြင့် အရေးပေါင်းစုံမှာ မတရားမှုတွေ ရှိနေတာဟာ အခြေခံက နိုင်ငံရေး ပြဿနာဖြစ်တယ်၊ ဒီလို နိုင်ငံရေးပြဿနာကို သူက နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ မကြိုးစားဘူး။ ဆိုလိုတာက ဒီမတရားမှုတွေဟာ အစိုးရရဲ့ လစ်ဟင်းမှုတွေကြောင့် ဖြစ်တာမို့ အစိုးရကို တိုက်ရိုက်ရင်ဆိုင် တောင်းဆိုတဲ့ နည်းနဲ့ ဖြေရှင်းရမှာဖြစ်တယ်။ ဒါပေမယ့် ဒီလိုနည်းတွေကို ကျင့်သုံးရင် အစိုးရ ငြိုငြင်မှာကို စိုးရိမ်ပုံရတယ်။ ဒါ့ကြောင့် အစိုးရနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ပြီး အင်ဂျီအိုအဆင့် နိုင်ငံရေးသမားဘဝကို ကျေကျေနပ်နပ် ခံယူနေတယ်။ မတရားတဲ့ အမိန့် အာဏာတွေကို မတရား ရေးဆွဲထားသူတွေ ချပေးထားတဲ့ ခွင်ထဲကပဲ ပြင်ဖို့ မဖြစ်နိုင်တာကို ခုကျမ်းကျိန်စာသားကိစ္စမှာ အထင်းသား တွေ့ခဲ့ရပြီ။
ဒီတော့ လက်ရှိသုံးနေတဲ့ အင်ဂျီအို နိုင်ငံရေးပုံစံနဲ့ဆို ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို အခြေခံကျကျ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ့် အစဉ်အလာကို ချနိုင်မှာ မဟုတ်ဘူး။ တဘက်မှာ ပြည်သူလူထုရဲ့ နိုင်ငံရေးနည်းကို အယုံအကြည်ရှိမှုကိုပါ အထင်မှား အမြင်မှားမှုတောင် ဖြစ်စေနိုင်တယ်။ ကျနော်တို့အထင် ဒေါ်အောင်ဆန်းစုကြည်ကို ပီပြင်တဲ့ နိုင်ငံရေးသမား ပုံစံမပေါ်စေဘဲ အင်ဂျီအိုအဆင့် နိုင်ငံရေးသမားအဆင့်လောက်ကနေ တက်မလာအောင် အစိုးရက သူတို့ရဲ့ဒလန်တွေ၊ အလံရှူးတွေကို ဆိုရှယ်မီဒီယာတွေကတဆင့် အစီအစဉ်ရှိရှိ လုပ်နေတယ်လို့တောင် ယူဆစရာ ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးထက် ဖက်ရှင်ကို အသားပေးနေကြသလို နိုင်ငံရေးသမားတယောက်ကို နိုင်ငံရေးသမားတယောက်လို ဆက်ဆံ ဝေဖန်ပြောဆိုတာထက် ရုပ်ရှင်မင်းသမီးတယောက်လို မြင်လာအောင် လမ်းကြောင်းချပေးနေတာတွေဟာ စစ်အုပ်စုရဲ့ အကြံအစည်တွေ မဟုတ်ဘူးလို့ ဘယ်သူပြောမလဲ။
နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂန္ဒီရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းစဉ်ကို ယုံကြည်တယ်သာ ဆိုတယ်။ တကယ့်လက်တွေမှာတော့ ဂန္ဒီလို လူထုလှုပ်ရှားမှုကို အခြေခံတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လမ်းကြောင်းကို ပစ်ပယ်ပြီး ဟစ်တလာ အလိုဖြည့်ပေးတဲ့ ချိန်ဘာလိန် လမ်းစဉ်ကို ကျင့်သုံးနေတာကိုသာ မြင်နေရတယ်။ အာဏာရှင်နဲ့ ထိပ်တိုက်တွေ့အောင် မလုပ်မိဖို့ ကိုယ့်ဘက်က လျှော့ရတာ ဘယ်နှစ်ကြိမ်ရှိပလဲ။ ၈၉ အာဇာနည်နေ့၊ ကိုးဆယ်ရွေးကောက်ပွဲ၊ ခု ကျမ်းကျိန်စာသားကိစ္စ။ ဘယ်မှာဆုံးမလဲ။ ဒီအတိုင်သွားနေရင် နောက်ဆုံး ၂၀ဝ၈ ဖွဲ့စည်းပုံကို မပြင်တော့ပါဘူးလို့ ထုတ်ပြောတဲ့အဆင့်ကို တနေ့မဟုတ် တနေ့ ရောက်လာစရာရှိတယ်။
တကယ်တော့ ကျမ်းကျိန်စာသားကိစ္စကို စကတည်းက သူတို့သေချာ မလေ့လာခဲ့လို့ ခုလို နိုင်ငံရေးသိက္ခာ ကျပြီးရင်းကျရတဲ့ အဖြစ်ကို ကြုံရတာပဲ။ သူ့နိုင်ငံရေးသိက္ခာ ကျရုံသက်သက်တင်မဟုတ်ဘဲ ပြည်သူလူထုကိုပါ အကြိမ်ကြိမ် သေဖော်ညှိတယ်၊ ခုတုံးလုပ်တယ်။ ပြည်သူလူထုက ရွေးကောက်ပွဲဝင်စေချင်လို့ ဝင်ရတယ်လို့ ပြောတယ်။ ဒီတော့ ခုတခါရော ပြည်သူလူထုက ၂၀ဝ၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါတယ်ဆိုပြီး ကျမ်းကျိန်တာ မြင်ချင်လို့ ပြည်သူ့ဆန္ဒ ဖြည့်ဆည်းတဲ့အနေနဲ့ ကျမ်းကျိန်စာသား မပြောင်းခိုင်းတော့ဘဲ လွှတ်တော်တက်တာပဲလား။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် လွှတ်တော်မှာ ကျမ်းကျိန်စာသား ပြောင်းမထားတာကို သတိမပြုမိရင် ပြည်သူလူထုကရော သတိပြုမိပါ့မလား။ ပြည်သူလူထု သတိမပြုမိနိုင်တဲ့ အရာတခုကို သတိပြုမိတဲ့ပမာ ဇွတ်ယူဆပြီး ကာကွယ်စောင့်ရှောက်ဆိုတဲ့ စာသားနဲ့လည်း အန်အယ်လ်ဒီကို လွှတ်တော်တက်စေချင်တာပဲ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောဟာ အထောက်အထားမပြနိုင်တဲ့ အရာတခုကို ပြနိုင်တဲ့ပမာ ယူဆပြီး ပြည်သူလူထု နာမည်ကို တွင်တွင်သုံး၊ တကယ်တမ်းမှာတော့ ပြည်သူလူထုကို တစက်ကလေးမှ အရေးမစိုက်ဘဲ လုပ်ချင်တဲ့ လုပ်ရပ်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်အောင် ဖြစ်နေပြီ။
“ပြည်သူလူထုရဲ့ဆန္ဒအရ ကျမတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုက ကျမတို့ လွှတ်တော်ထဲ ရောက်သွားတာကို ပြည်သူလူထုက မြင်ချင်ကြတယ်။ ဘာလို့ဆို ကျမတို့ကလည်း ပြည်သူ့ရဲ့အသံကို တချိန်လုံး နားထောင်နေရတာပေါ့နော်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျမတို့ကို လွှတ်တော်ထဲ ဝင်စေချင်ကြတယ်။” (အောင်ဆန်းစုကြည်)
စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ဖို့ မြန်မာနိုင်ငံကို နေ့စဉ်နဲ့အမျှ လာနေသူတွေကို ဧည့်ခံကြိုဆိုရေးတာဝန် အချိန်ပြည့် ယူထားသူတယောက်က ပြည်သူလူထုအသံကို ဘယ်လို နားထောင်နေသလဲဆိုတာ စဉ်းစားစရာပါ။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို တခဲနက် ကြိုဆိုထောက်ခံကြတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထု နာမည်သုံးပြီး လုပ်ချင်တာလုပ်ဖို့ ခွင့်ပေးတာ ဆိုတာထက် စစ်အုပ်စုကို ရွံရှာမုန်းတီးမှုကို ပြသတာလို့ ကျနော်တို့က ယူဆတယ်။ မြန်မာ့နိုင်ငံရေးအဆင့်အတန်းက အောက်ကျ နောက်ကျနိုင်လွန်းတော့ အင်မတန်မှ အော့နှလုံးနာစရာကောင်းတဲ့ စစ်အုပ်စုကို ဆန့်ကျင်တာကို ပြသနိုင်ဖို့ တခုတည်းသောနည်းလမ်းက ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား မရပ်တည်ရဲဘဲ ပြည်သူလူထုနာမည်ကို တွင်တွင်သုံးနေတဲ့ ကနေ့ အန်အယ်လ်ဒီလို လမ်းစပျောက်နေတဲ့ အဖွဲ့အစည်းမျိုးကို ထောက်ခံတာမျိုးသာ တတ်နိုင်ရှာတဲ့ အနေအထားကို လုံးလုံးရောက်နေရတာဖြစ်တယ်။
ဒါပေမယ့် အန်အယ်လ်ဒီဟာ လွှတ်တော်ထဲကို စကတည်းက အရှုံးပေး အညံ့ခံ ခေါင်းလျှိုပြီး ဝင်လာတာဖြစ်တဲ့အတွက် သူတို့ရဲ့လုပ်ရည်ကိုင်ရည်ကို စစ်အုပ်စုကလည်း သိပြီးသား။ ဆိုတော့ နောင်ဆို သူ့ကို သူတို့ အလိုရှိတဲ့အချိန်မှာပဲ ထုတ်သုံးပြီး စစ်အုပ်စုရဲ့ စွယ်စုံရ ခိုင်းဖတ်ဘဝနဲ့ သမိုင်းသေမယ့်ဘဝ ရောက်သွားနိုင်တယ်။ အန်အယ်လ်ဒီ ဒီလောက် ဒူးပျော့တဲ့နောက်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့ အန်အယ်လ်ဒီကို အားကိုးလို့ မရတာကတော့ ထင်ရှားနေပြီ။ ၂၀ဝ၈ ဖွဲ့စည်းပုံကို တိုက်ဖျက်ပစ်ဖို့ ကိုယ့်ဟာကိုယ် နည်းလမ်းရှာကြမှ ရမယ်ဆိုတာ လွှတ်တော်ဥက္ကဌ တိုင်ပေးတာကို ညီညာဖျဖျ တန်းစီရပ်ပြီး ကျမ်းသစ္စာကျိန်ဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအမတ်တွေရဲ့ ပုံတွေက ပြသခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် လွှတ်တော်ထဲက နိုင်ငံရေးအဖွဲ့အစည်းတွေကို ထောက်ခံတာဟာ အကျိုးမရှိရုံမက အပြစ်တောင် ဖြစ်နိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိနေတယ်။ အဲဒါကို အခု ပြောပြချင်တယ်။
၂၀ဝ၈ ဖွဲ့စည်းပုံဟာ တမျိုးသားလုံးကို စစ်ကျွန်ပြုမယ့် စစ်ပဒေသရာဇ်စနစ်ကို တရားဝင် ဖြစ်စေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံရင် ဒီဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ ကျမ်းကျိန်တော့မယ့် အန်အယ်လ်ဒီ အပါအဝင် ဘယ်အဖွဲ့ကိုမဆို ထောက်ခံမှုပေးနေသူတွေဟာ သူတို့ကိုယ်ကိုယ်တိုင်က တမျိုးသားလုံးကို စစ်ကျွန်ပြုမယ့်အရေးကို ထောက်ခံရာ ရောက်နေပြီ။ ၂၀ဝ၈ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားလူမျိုးစုတွေကို သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ သူတို့ရဲ့ သီးခြားလူမျိုးစုအဖြစ် ရပ်တည်နိုင်မှုကို ပျောက်ပျက်သွားစေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်တယ်ဆိုတာကို လက်ခံရင် ဒီဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ ကျမ်းကျိန်တဲ့ ဘယ်အဖွဲ့ကိုမဆို ထောက်ခံမှုပေးတာဟာ ကိုယ်ကိုယ်တိုင်က တိုင်းရင်းသားလူမျိုးစုတွေကို လူမျိုးစုပျောက်ပြီး တတိုင်းပြည်လုံးကို လူများစုဖြစ်တဲ့ ဗမာဇာတ်သွင်းတဲ့ ဖြစ်စဉ်ကို ထောက်ခံရာ ရောက်နေပြီ။ ကိုယ့်ရဲ့ထောက်ခံမှုဟာ တတိုင်းပြည်လုံးရဲ့ အနာဂတ်အတွက် အကျိုးဆက် ဘယ်လောက်ကြီးသလဲဆိုတာကို ခွန်ထွန်ဦးစကား ယူပြောရရင် ဒီတိုင်းပြည်ဟာ အာရှရဲ့ ယူဂိုစလားဗီးယားဖြစ်သွားပြီး ဒီတိုင်းပြည်ထဲမှာ အရှေ့တီမောတွေ အများကြီး ပေါ်သွားတဲ့အထိ ဖြစ်သွားမယ်။
၂၀ဝ၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ့် အန်အယ်လ်ဒီကို တိုင်းရင်းသားမဟုတ်တဲ့ ဒီတိုင်းပြည်မှာ လူများစုဖြစ်နေတဲ့ ဗမာ၊မြန်မာတွေက အားတက်သရော ထောက်ခံမဲပေးခဲ့တာဟာ ကျနော်တို့တိုင်းပြည်က လူမျိုးစုပြဿနာကို အစိုးရနဲ့ လူမျိုးစုလက်နက်ကိုင်တွေကြားက ပဋိပက္ခ vertical conflict အသွင်ကနေ ယူဂိုစလားဗီးယားမှာလို လူမျိုးတမျိုးနဲ့တမျိုး ပဋိပက္ခ horizontal conflict အဖြစ်ကို တွန်းပို့ရာ ရောက်နေသလားဆိုတာ လေးလေးနက်နက် စဉ်းစားကြဖို့ကောင်းတယ်။
ဘာလို့ဆို အရင်ကဆိုရင် တိုင်းရင်းသားလူမျိုးစုတွေက အစိုးရစစ်တပ်ရဲ့ လုပ်ရပ်တွေကို ဗမာစစ်တပ်ရဲ့ မုဒိမ်းကျင့်မှု၊ ဗမာစစ်တပ်ရဲ့ ယုတ်မာရက်စက်မှုဆိုပြီး သုံးနှုန်းရင် ဒီစစ်တပ်ဟာ ဗမာလူမျိုးစုတွေကို ကိုယ်စားမပြုတဲ့အတွက် ဗမာစစ်တပ်လို့ မပြောပါနဲ့၊ ဒီစစ်အစိုးရဟာ ဒီမိုကရေစီနည်းကျ တင်မြှောက်ခံရပြီး တက်လာတဲ့ အစိုးရမဟုတ်တဲ့အတွက် ကျနော်တို့နဲ့ မဆိုင်ပါဘူးဆိုပြီး ကျနော်တို့ ဗမာလူမျိုးစုတွေက ပြန်ချေပလို့ ရနေသေးတယ်။ ဒါပေမယ့် အခု တိုင်းရင်းသားတွေကို လူမျိုးစု ကိုယ်ပါအမှတ်အသားပျောက်အောင် လုပ်မယ့် ဖွဲ့စည်းပုံကို ကျမ်းကျိန်မယ့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗမာလူမျိုးစုတွေကပါ အကြီးအကျယ် ထောက်ခံနေတဲ့နောက်မှာ ကျနော်တို့ ဗမာလူမျိုးစုတွေအနေနဲ့ အရင်လို ပြန်ချေပနိုင်ပါဦးမလား။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်မှာ ကျမ်းကျိန်နေချိန်မှာ လိုင်ဇာကို စစ်အုပ်စုက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ သုံးပြီး စစ်ဆင်းရေးတွေ ဆက်လုပ်နေချိန်ဖြစ်တယ်။ ဒါ့ကြောင့်ပဲ ကချင်အတိုင်ပင်ခံအဖွဲ့ နာယက ဒေါ်အင်ဖန်ဂျာရာက မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီအန္တရာယ်ကြီးပုံကို သတိပေးခဲ့တာဖြစ်တယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အားတက်သရောပါနေတဲ့ အဖွဲ့တွေ ဒါကို လေးလေးနက်နက် စဉ်းစားသင့်တယ်။ ဒေါ်အင်ဖန်ဂျာရာတင်မက ဇိုရာဖန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ နိုင်ရုံနဲ့ တိုင်းပြည် လွတ်မြောက်ရေးရမှာ မဟုတ်ဘူးလို့ ပြောတယ်။ သူထောက်ပြတာ ရှင်းရှင်းလေးပဲ။ တကမ္ဘာလုံးက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်မရောက်ဆိုတဲ့ ကျဉ်းမြောင်းပြီး အနှစ်သာရမရှိတဲ့ အချက်တချက်ထဲနဲ့ ကြည့်တဲ့အခါ သိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ခွေထားလိုက်တာနဲ့ မြန်မာပြည် ဒီမိုကရေစီရပြီလို့၊ လွတ်လပ်ပြီလို့ နိုင်ငံတကာက အထင်ရောက်သွားမယ်။ အဲဒီအခါ သိန်းစိန်အစိုးရက တိုင်းရင်းသားလူမျိုးစုတွေကို နိုင်ငံတကာရဲ့ ပြစ်တင်မှုမခံရဘဲ ဖိနှိပ်မှုတွေ ဆက်လုပ်နိုင်မယ့် အခွင့်အရေး ရသွားမှာဖြစ်တယ်။ ဒါဟာ တိုင်းရင်းသားလူမျိုးစုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဘာလုပ်လုပ် ထောက်ခံနေတဲ့ တခြားလူမျိုးစုတွေကို နာကြည်းစရာဖြစ်စေမယ်။
http://www.guardian.co.uk/commentisfree/2012/apr/02/aung-san-suu-kyi-victory-burma-freedom
၂၀ဝ၈ ကို ကာကွယ်စောင့်ရှောက်မယ့် ပါတီတွေကို ထောက်ခံနေတာဟာ တိုင်းပြည်ထဲ မှီတင်းနေထိုင်သူ အားလုံး ဒီမိုကရေစီရအောင် အတူလက်တွဲ လုပ်ဆောင်သင့်တဲ့အရေးကို တိုင်းရင်းသားတွေက သူတို့နဲ့ မဆိုင်တော့ဘူးလို့ သတ်မှတ်အောင် လုပ်နေသလို ဖြစ်မနေဘူးလား။ ဒီပါတီတွေကို ဆက်ထောက်ခံနေမယ် ဆိုရင် စစ်အုပ်စုက တဘက် ဖိနှိပ်ခံ ဗမာ၊ ကချင်၊ ကရင်၊ ရှမ်း လူမျိုးစုတွေက တဘက်ဆိုတဲ့ ပဋိပက္ခအသွင်ကနေ စစ်အုပ်စုက သူတို့ စည်းစိမ်ဥစ္စာကို ခြိမ်းခြောက်မယ့် ဘယ်သူ့ကိုမဆို တစစီ ခွဲထုတ်ပြီး ဖိနှိပ်မယ့် ပဋိပက္ခအသွင်ဆောင်သွားမယ်။ ဗမာ၊ ကချင်၊ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ စစ်မှန်တဲ့ ညီညွတ်မှု တည်ဆောက်ပြီး စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတိုက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အနေအထား ရောက်သွားမယ်။ ဒီတော့ စစ်မှန်တဲ့ ဖယ်ဒရယ်စနစ်အောက်မှာ တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူအခွင့်အရေးတွေ အာမခံချက် ရှိပြီး တစုတစည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေနိုင်ရေးဆိုတာ ၂၀ဝ၈ ကို ဘာမှ ဟုတ်တိပတ္တိ ပြင်မှာမဟုတ်တဲ့ အဖွဲ့တွေကို ထောက်ခံရုံနဲ့ ဖြစ်နိုင်မှာမဟုတ်တော့ဘူး။
ခု ၂၀ဝ၈ ဖွဲ့စည်းပုံမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပုံစံမှာ အဓိကကျတဲ့အချက်ဖြစ်တဲ့ ပြည်နယ်တွေကို အာဏာခွဲဝေ အုပ်ချုပ်ခွင့် ပေးမထားဘူးလို့ ဖွဲ့စည်းပုံကို စနစ်တကျ လေ့လာထားသူတွေက ထောက်ပြကြတယ်။ အနှစ်သာရရှိတဲ့ ပြည်နယ်အုပ်ချုပ်ရေး၊ တရားစီရင်ရေး … စတဲ့ ကိစ္စတွေကို ဗဟိုအစိုးရက ချုပ်ကိုင်ထားတယ်။ ပြည်နယ်တွေကို ဘာမှအရေးမပါတဲ့ လုပ်ပိုင်ခွင့်၊ ဥပမာ ထင်းစိုက်ခွင့် စတဲ့ အသွင်သဏ္ဍာန်အရသာ ရှိတဲ့ လုပ်ပိုင်ခွင့်လောက်သာ ပေးထားတယ်လို့ ထောက်ပြကြတယ်။ တရားစီရင်ရေးပုံစံကိုကြည့်ရင်လည်း ပြည်နယ်တခုနဲ့တခု နိုင်ငံရေးအရ ဒါမှမဟုတ် တခြားအကြောင်းကြောင်းကြောင့် အငြင်းပွားရင် အပြီးသတ် အဆုံးအဖြတ်ကို ပြည်ထောင်စုတရားရုံးချုပ်ဆီကသာ ယူရဖို့ ၂၀ဝ၈ မှာ ပြဌာန်းထားတယ်။ ဒီတရားရုံးချုပ်ဟာ သီးခြားလွတ်လပ်တဲ့ တရားရုံးချုပ် မဟုတ်ဘူး။ နောက်တခါ ၂၀ဝ၈ ဖွဲ့စည်းပုံမှာ ပြည်နယ်တွေက ရတဲ့ ဝင်ငွေကို ဘယ်လိုသုံးမလဲ ဆိုတာကို ဆုံးဖြတ်မယ့် ဘဏ္ဍာရေးကော်မတီဟာ သမ္မတနဲ့ ကာလုံအဖွဲ့ လက်ထဲမှာသာရှိတယ်။ နောက်ဆုံး စစ်အုပ်စုရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေက မယုံတဲ့အတွက် သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ကိစ္စကို လက်မခံနိုင်ကြတာဖြစ်တယ်။
ဒီလို ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ့် နိုင်ငံရေးအဖွဲ့အစည်းတွေကို ကိုယ်က အားတက်သရော ထောက်ခံမှုပေးနေတာဟာ လူမျိုးစုတွေကြား ပဋိပက္ခမှာ ဝင်ပါဖို့ ကိုယ့်နာမည်ကို ဝင်စာရင်းပေးနေသလို ဖြစ်နေမလား ဆိုတာကို သေချာစဉ်းစားကြပါ။ အထူးသဖြင့် ယုတ်မာသလောက် ဉာဏ်နီဉာဏ်နက် များလှတဲ့ စစ်အုပ်စုက တိုင်းပြည်ဒုက္ခရောက်မယ့် လုပ်ရပ်မျိုးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ လုပ်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကို သတ်ရုံမက သူ့ကို ထောက်ခံသူတွေကိုပါ နိုင်ငံရေးကို ရွံရှာပြီး ဒီမိုကရေစီကို ရွံမုန်းသွားအောင် နိုင်ငံရေးမှာ ပါချင်တဲ့စိတ် လုံးဝကုန်သွားအောင် လုပ်သွားလိမ့်မယ်။
ဒီတော့ တိုင်းပြည်ကို တချိန်မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးစုရေး အကျပ်အတည်းဆိုက်စေမယ့် ၂၀ဝ၈ ဖွဲ့စည်းပုံကို ဟုတ်တိပတ္တိ တိုက်ဖျက်နိုင်မှာမဟုတ်တဲ့ နိုင်ငံရေးအဖွဲ့တွေကို မျက်စိမှိတ်ထောက်ခံနေတာဟာ တိုင်းပြည်အနာဂတ်အတွက် သိပ်အန္တရာယ်ရှိတာကို သတိချပ်သင့်ပါတယ်။
Ko Watote
19 comments:
The best articles I've ever read on this site. If Daw Suu and NlD keep ignoring the current ethnic problems, peace will never be seen in Burma. I did have so much hope in Daw Suu since she is the only educated politician in Burma, but just by looking at what she's been doing lately, she is not on the right track for sure. Please Daw Suu wake up because you are our only hope.
PS: I removed the above comment because of the spelling errors.
Why you don't do anything while you know so much. you should be elected and be the presiddnt.
I like Ben Ravika' s article more than Ko Watote's as the one has personal abuse. As everybody knows, real life is more practical than talking words inside. Then it's hard. But both articles are good because they are pointing out what can be happening next. So these articles are needed to know inside the Myanmar publics as we know about. Then one careless thing of NLD party , I am not sure whether they know all rules and regulations as details before they decide to sit inside parliament. Huh..
ကချင်ထိုးစစ်၊ အဓမ္မလယ်မြေသိမ်း၊ နိုင်ငံရေးအကျဉ်းသားများစွာကျန်နေသေး
..စတဲ့စတဲ့များစွာသော ပြဿနာတွေရှိနေဆဲပါ။ ဒါပေမယ့် ယခင်အနှစ်နှစ်ဆယ်ကျော် ကျင့်သုံးလာခဲ့တဲ့ အခြားအတိုက်အခံများနဲ့ NLDခြေမှုန်းရေးပေါ်လစီထက်တော့ ယခုလမ်းကြောင်းကတော်သေးတယ်ပြောရမယ်။
နှစ်ဖက်အပြန်အလှန်ညှိနှိုင်းလိုက်လျောမှုရလဒ်တွေပါ။ တိုးတက်မှုတွေရှိလာတယ်။ သို့သော်ပြဿနာတွေလည်း ဖြေရှင်းစရာများစွာကျန်နေဆဲပါ။ အချိန်ယူရမယ်။ သည်းခံရမယ်။ နိုင်ငံရေးမှာ သာမာန်ပြည်သူအနေနဲ့ မမြင်နိုင်တဲ့ကိစ္စတွေတော့ရှိမယ်။ အားလုံးဟာပုထုဇဉ်လူသားတွေပါ၊ သဲလဲစင်တော့မဖြစ်နိုင်ပါ။ အာသဝေါမကုန်ကြသေးတဲ့ လူလူချင်းဝေဖန်အပြစ်တင်ကြတာလည်း သဘာဝကျပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် အဝေဖန်ခံရရုံမက အသတ်တောင်ခံရတယ်၊ ဂန္ဒီ၊ မာတင်လူသာကင်း၊ အစ္စရေးဝန်ကြီးချုပ်ဘီဂင် စတဲ့ငြိမ်းချမ်းရေးသမားကြီးတွေ အစွန်းရောက်တွေရဲ့လက်ချက်နဲ့ အသက်ပေးသွားကြရတယ်။ ထုတ်ယူစရာ သမိုင်းသင်ခန်းစာတွေပါ။ ဒါပေမယ့် လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာတော့ ဖက်ပေါင်းစုံမှ
အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေကြတယ်လို့ မြင်တယ်။ ယခုလမ်းကြောင်းထက် သာလွန်မယ့် ပိုပြီးသင့်တော်မယ့် အခြားလမ်းကြောင်းတခုခုကိုလည်း မမြင်မိသေးပါ။ လမ်းကြောင်းသစ်ချပြနိုင်သူ ဦးဆောင်မှုပေးနိုင်သူကိုလည်း မတွေ့သေးပါ။
Ok... Who can lead for this politic row?..you are all talking only .. Like that every body also can talk.. Don't show sayargyi style.. DASSK only can going ahead.. If you can lead , all of people is follow to you.. Ok ! .. Now all men is help to right way for DASSK.
ဆရာတို့ဘဲ NLD ရွေးကောက်ပွဲဝင်မယ် ဆိုတော့ နေရာ ၄၀ ထဲနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးဆို။
ဟိုတလောကဆို ပိုင်ချပ်တွေ ဘားချပ်တွေနဲ့တောင် ဘာမှမလုပ်နိုင်မှာဖြစ်တဲ့ အကြောင်းကို ဆရာတို့တွေဘဲရှင်းပြထားကြသေးတယ်လေ။
အခုကျတော့ NLD က ၁နှစ်အတွင်း ပဒေသာပင် မြေကပေါက်အောင် မစွမ်းနိုင်ရင် ဘာဖြစ်တယ်ညာဖြစ်မယ်ဆိုပြီးလုပ်လာကြပြန်ပြီ။
ဆရာတို့ရေးတာတွေဖတ်ရတာ ဦးနုခေတ်က သတင်းစာတွေဖတ်ရသလိုပါဘဲ ဝေဖန်လိုက် ကြတာဗျာ… တော်လှန်ရေးကောင်စီလဲတက်လာရော အမြီးကိုပေါင်ကြားမှာ ကပ်နေအောင်ညုပ်ပြီး အကုန်ဝပ်တွားကုန်ကြရော။
NLD လွှတ်တော်တခါတက်တာနဲ့ တိုင်းပြည်ကြီးတခါတည်းငြိမ်းချမ်းပြီး တိုးတက်သွားမယ်လို့ ဆရာတို့ တကယ်ထင်ကြတာလား၊ အဲဒီလောက်တောင် မျှော်လင့်ထားရင်လည်း NLD ရွေးကောက်ပွဲဝင်မယ်ဆိုတုန်းက ဘာလို့ အသံအကျယ်ကြီး အူကြတာလဲ။
NLD ကို ဘဝအပျက်ခံပြီး ဝိုင်းရံပေးကြတဲ့ လူတွေတောင် လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေဘဲထားကြတာပါ။
အခုကျတော့ ဆရာတို့ပြောကြတာတွေကို ကြည့်လိုက်ရင် ပြည်တွင်းစစ်ချက်ချင်းမရပ်တာလည်း NLD အပြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ချက်ချင်းမပြင်နိုင်တာလည်း NLD အပြစ်၊ ပြည်နယ် အခွင့်အရေး ချက်ချင်းမရတာလည်း NLD အပြစ်၊ ဟိုဟာဆိုလည်း NLD အပြစ်၊ ဒီဟာဆိုလည်း NLD အပြစ်၊ ဘာဖြစ်ဖြစ် NLD အပြစ် ဆိုတာမျိုးဖြစ်နေတယ်နော်။
အင်း ဘာဘဲဖြစ်ဖြစ်ဆရာ တို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် နေတဲ့ ပုံကတော့ Myanmar Express တို့ဘာတို့ဘာတို့ထက်တော့သာပါတယ် ဘာလို့လဲဆိုတော့ အောက်ပိုင်းတွေ ညစ်ညမ်းတွေ သိပ်မပါ (သေး)ဘူး၊ စစ်ဗိုလ်ချုပ်ကြီးတွေကို ပေါ်တင်ကြီးမကိုးကွယ် (သေး)ဘူး။
ဆရာတို့တွေလည်းရေးကြပေါ့၊ Myanmar Express ကလည်းရေးနေမှာဘဲ၊ ငါးမင်းဆွေကလည်း ရေးနေဦးမှာဘဲ၊ လူတွေဖတ်ကြလား ဆရာတို့ရေးတာတွေကို လူတွေက ဘယ်လောက် ဂရုစိုက်ကြလေးလည်းဆိုတာကတော့ ဆရာတို့ အရေးအသားအဆင့်အတန်း အပေါ်မှာဘဲတည်မှာဘဲလေ။ ဥပမာဆိုရင် တချိန်ကတော့ BCP ကပြောပြီဆိုရင်လူတိုင်း က (ကြိုက်ကြိုက် မကြိုက်ကြိုက်) ဂရုတစိုက်နားထောင်ကြတယ်၊ အခုဆို ရဲဘော်ဖိုးသံချောင်း ပြောချင်ရာပြော ၉၉စနေ ပြောတာလောက်တောင် လူတွေ သတိမပြုမိကြတော့ဘူး။
ဝီလျှံသာဂိ
အသက်သေသည်အထိဝေဖန်ပြစ်တင်ခြင်းတွေ၊မနာလိုမှုတွေအပြည့်နဲ့ဘ၀ကိုအဆုံးသတ်မဲ့ပုဂ္ဂိုလ်တွေရဲ့လေးစားလောက်တဲ့စာတွေကိုဖတ်မိတဲ့အချိန်အတွက်နှမြောစရာကောင်းမှန်း နောင်တရမိပါတယ်
ဒီဆောင်းပါးတွေက..ဖြစ်စေချင်တာက... အလုံးစုံ တိုက်ပွဲဝင်ရေးလား...ဘာဖြစ်ဖြစ်မရတော့ဘူး... မဖြစ်တော့ဘူးဆိုရင်...။ ဒါး၊ တုတ်၊ သေနတ်ကိုင်ပြီး အရှေ့အလည်ပိုင်းလို အုံကြွတောင်းဆိုစေချင်တာလား..။ တိုင်းပြည်ကို ဆူချင်နေတာလား..။ ဒါမှမဟုတ်အခုလိုဘဲ..ပြည်ပကနေသေတဲ့အထိ အသံတိုက်ပွဲ..အဆိုးမြင်တွေဘဲပြောပြီး..လူ့အသက်(၁၀၀)ကုန်သွားစေချင်တာလား...ရှင်းရှင်းပြောဗျာ...။ အီးတောင်မပေါက်ရဲ့ဘူး..။ အနံက ပြင်းတယ်.. ပျော့တယ်ဝေဖန်မလားမသိဘူးဗျာ..။
Unknown နှင့် William Thargi comments များကိုထောက်ခံပါသည်။ ဆောင်းပါးတော့မဖတ်ပါ။
အချိန်ကုန်တာပဲအဖတ်တင်မည်ဟုထင်လို့ပါ။
ကျွန်တော်ကတော့ လွမ်းဆွေဘလော့ လာကြည့်ရင် သတင်းလင့်တွေလောက် ကြည့်တာပါ အရင်ကတော့ ၀တုတ်တို့ လွမ်းဆွေတို့ ဆောင်းပါးလေးတွေဖတ်ဖြစ်တယ် နောက်ပိုင်းခု မဖတ်တော့ဘူး အချိန်ကုန်တယ် ဆန်ကုန်မြေလေးတွေ စာဖတ်ချင်ရင် ကျွန်တော်က ကွန်မင့်တွေပဲ ၀င်ဖတ်တယ် ကွန်မင့်တွေက ဒီကောင်တွေဆောင်းပါးထက် ဖတ်လို့ ပိုကောင်းတယ် ပညာပိုပါတယ် ဟဲဟဲ ၊ လွမ်းဆွေဘလော့ ဆောင်းပါးဆိုရင် ကွန်မင့်ရှိလားကြည့် ရှိရင် ကွန်မင့်ဖတ်တယ် ဒီလောက်ဆို ဒီကောင်တွေ ဆောင်းပါးတွေနဲ့ နိုင်ငံရေးအမြင်တွေ ဘယ်လောက်တန်ဖိုးရှိလဲ သိကြမှာပါ
William Thargi(ဝီလျှံသာဂိ) ကတော့..
တစ်ခါတည်း ပွဲသိမ်းပေးလိုက်တယ်။
people in myanmar 've been listing and seeing about political situation in our country. So we know very well about that, especially online users now a day. You all cannot be able to stop changes in myanmar and stop it now better, I think. do you all worry that you all never will get money from west country if political situation is stable? Now I've understood the reason why Dr Lwun swe's ideas is getting worse and worse.
well.. well... stop complaining. If you have any solution, just take it out. In my point of view, dassk is like a horse whisperer, if you wanna ride a horse you gotta train it well. Don't expect you can ride it straight away. Be patient. It is not a child play. Don't say bullshit like " Ngar Min Swe" :)
What are your ethnic problems? Who are ethnics? As far as I know there is only one country and one nation in Burma, that is Myanmar. Tell me exactly what are ethnics problems and what they want? Myanmar is not United Nations. We do not need any persons who claim themselves ethnic and act on behalf of self-interest. You guys are just the nuts. Who is talking loud about Kachin. If you are a real Myanmar, you will be so stupid for standing for Kachin. Shoot!
@မိုးမြင့်အောင်
-"What are your ethnic problems? Who are ethnics?"
Seriously, have you been living in caves for last decades? The ongoing war in the Kachin State is just an example of ethnic problems and we have over hundred ethnic groups in Burma. Do I need to provide you wiki link too?
What do you think Burma is composed of? How did Burma get independence from the Brits? Do I need to tell you all of these? Remember that the legitimate name of Burma is the Republic of Union of Myanmar. Do you know what the word 'Union' even mean?
ငလွဏ်းရာ စောင့်ကြည့်ပါဦးကွ။ မင်းကော ၁ ရင်ထဲနဲ့ဘာလုပ်နိုင်မှာလဲ။ င၀တုတ်ကိုးလည်းပြောပြလိုက်စမ်းပါ
It is easy to critisize NLD and Daw Aung San Su Kyi. First question critics should answer is what alternatives they can provide. Leftists always have been stubborn and they are out of touch with current politics. Lwan Swe is asking for a parallel government. What is he talking about? Without arms you can't fight against the arm. Look what is happening to all armed insurgents. It is easy for those who live abroad to say get out on the streets and demonstrate and fight against the military. Daw Su have shown her love Burma and Burmese people by her sacrifices. People understand it and love her and support her.
Burmese communist party in 1948 accused burma independent was not genuine and fought against AFPFL government without negotiating even at the times of Yangon Goverment.
Leftist are always bookish and can't lead burmese people. Daw Su is pragmatic and people like it. It is the people in the end who decide who lead them.
Ko Watote is quoating Zorah Phen who in her book expressed her racist view againts burmese.
Those people who try to turn the wheel of history back will be punished by people.
With current political situations and forces we have the path Daw Su chose is the right one. ONly history will tell.
NLD လွတ်တော်တခါတက်တာနဲ့ အကုန်လုံးပြောင်းလဲသွားမယ်။ လိုချင်တာတွေရလာမယ်လို့ဘယ်သူမှပြောနေချင်းမဟုတ်ပါ။ အဲဒီလိုလဲ နဲနဲမှမျှော်လင့်မထားပါ။
ခုပြောနေကြတာက ဒီကနေ့ထိ NLD ပြုမူဆောင်ရွက်နေသမျှသည်၊ ပေးထားခဲ့သည့်ကတိများကိုတည်ပါမည်ဟု ယုံကြည်စေလောက်သည့်ဆောင်ရွက်မှုမရှိ ဟူ၍သာဖြစ်ပါသည်။
NLD သည်ပြောခဲ့သလိုမလုပ်ခဲ့။ ယခုလည်း ရွေးကောက်ပွဲတွင်ပေးခဲ့သည့်ကတိများကိုတည်လိမ့်မည်မဟုတ် ဟုသာဆိုလိုရင်းဖြစ်ပါသည်။
နာလိုသူများနာကြကုန်။
ချက်စူ။ ။ ငါ့ကို ချက်စူလို့ခေါ်ရင် နင်တို့နဲ့မကစားဘူး။
ကလေးများ။ ။ နင်မကစားလဲနေပေါ့၊ ငါတို့ချဉ်းကစားမယ်။
ချက်စူ။ ။ ဟေ့ ဟေ့ နေအုံး၊ ငါ့ကို ခေါ်ချင်သလိုခေါ်၊ ငါလဲကစားမယ်နော်..နော်..နော်။
Post a Comment