ဒီမိုကရေစီ မပြိုလဲအောင်
မောင်မောင်ဘု
ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရဆိုပြီး ပြောပြောနေရုံနဲ့ (တကယ်ကော ပြည်သူက တင်မြှောက်ထားသလားဆိုတာ သမိုင်းမှန်ရေးတဲ့ အချိန်မှ ဆုံးဖြတ်တာ ပိုကောင်းပါမယ်) ဒီမိုကရေစီ ဖြစ်လာမှာမဟုတ်။ အလုပ်လုပ်ရမယ်။ မှန်တဲ့ အလုပ်တွေကို ပြောတာနော်။
ဒီမိုကရေစီဆိုတာ ပန်းတိုင်တခုမဟုတ်။ အမြဲသွားနေရမယ့် ခရီးတခု။ ရွေးကောက်တင်မြှောက်ခြင်းတွေဟာ ဒီမိုကရေစီရဲ့ အခြေခံဖြစ်ပေမယ့် ဒီတခုတည်းနဲ့ ဒီမိုကရေစီကို အခြေခိုင်အောင် မလုပ်နိုင်ဘူးဆိုတာ လူတိုင်းသိမယ်လို့ ထင်ပါတယ်။
ရွေးကောက်ပွဲဆိုတဲ့ အခြေခံအပေါ်မှာ နောက်ထပ် တည်ဆောက်ရမယ့် အုတ်မြစ်တွေကတော့ ...
(၁) အားကောင်းတဲ့ တရားစီရင်ရေးစနစ်
(၂) ဆန္ဒရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုရေးသားနိုင်ခြင်း
(၃) စွမ်းရည်ပြည့်ဝတဲ့ ဘဏ်စနစ်နဲ့ လူမှုရေးဆိုင်ရာ ဆားဗစ်များ
(၄) အရည်အသွေးပြည့်ဝတဲ့ ကျောင်းများ
(၅) မြေယာပိုင်ဆိုင်မှု လုံခြုံစိတ်ချရခြင်း
(၆) ကိုယ်ပိုင်လုပ်ငန်းများ စတင်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိခြင်း ... စတာတွေ ဖြစ်ပါတယ်။
တိုင်းပြည်မှာဖြစ်နေတဲ့ အနေအထားများကို တချက်ချင်းနဲ့ ချိန်ထိုးကြည့်ပါက ဒီမိုကရေစီဟာ အခြေခိုင်ဖို့ အနေအထားရှိပါသလားဆိုတာ စဉ်းစားနိုင်ပါလိမ့်မယ်။
(၁) အားကောင်းတဲ့ တရားစီရင်ရေးစနစ်
အခုအချိန်အထိ မဖြစ်နိုင်သေးတာ တွေ့ရပါတယ်။ လွှတ်တော်တွေမှာ ဒီကိစ္စတွေ ပီပြင်စွာ ဆွေးနွေးနေတာ အားနည်းနေပါသေးတယ်။ ဆိုးတာက အခြေခံဥပဒေဆိုတာ တိုင်းပြည်တခုရဲ့ အမြင့်ဆုံး ကိုးကားရမယ့် ဥပဒေဖြစ်ရမယ့်အစား ၂၀၀၈ အခြေခံဥပဒေ စာအုပ်ပါ အခန်း (၁၅) ပုဒ်မ ၄၄၉ မှာ This Constitution is the Basic Law of all the laws of the Union. လို့ ဖော်ပြထားပါတယ်။ ဥပဒေအားလုံးရဲ့ အခြေခံဥပဒေတဲ့။
နောက် အခန်း (၈) ပုဒ်မ ၃၅၄ မှာ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်” လို့ ဆိုထားတယ်။ ပြဌာန်းထားတဲ့ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထက် မြင့်နေသလို ခံစားရပါတယ်။ ဆိုတော့ ရှင်းလင်းပီပြင်မှုမရှိတဲ့ အခြေခံဥပဒေကြောင့် အားကောင်းတဲ့ တရားစီရင်ရေးဆိုတဲ့ အုတ်မြစ် ခိုင်မာနိုင်ရဲ့လားဆိုတာ သံသယ၀င်မိတယ်။ ဥပဒေပညာရှင်တွေလည်း ထောက်ပြထားပြီး ဖြစ်ပါတယ်။
ဥပဒေမှာ အခွင့်ထူးခံတွေ ရှိနေသလို စစ်သားတွေကို အရပ်ဘက်တရားရုံးက အရေးယူခွင့်မရှိ။ တပ်ပိုင်းဆိုင်ရာကို အရပ်ဘက်က ၀င်စွက်ခွင့်မရှိ။
ဒါကြောင့် ဒီမိုကရေစီ မပြိုလဲအောင် အားကောင်းတဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာဖို့ ၀ိုင်းဝန်းကြိုးစားကြရမယ်။ ပြင်သင့်တဲ့ဟာ ပြင်ရမယ့် အချိန်ဖြစ်နေပြီ။ မပြင်နိုင်ရင်တော့ ပြိုလဲသွားမယ်။ အားလုံးထိခိုက်မှာပဲ။ နောက်ကြောင်းပြန်သွားပြီး နောက်ထပ် အာဏာရှင်တဦးအောက် ကျရောက်ကြလိမ့်မယ်။
(၂) ဆန္ဒရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ရေးသားနိုင်ခြင်း
လက်ရှိမှာ ပုဂ္ဂလိကသတင်းစာတောင် မရှိသေးတဲ့ အနေအထားဆိုတော့ ဂျာနယ်တွေလောက်ပဲ အားကိုးနေရတယ်။ တလောက ပြည်တွင်းဂျာနယ်တချို့ တရားစွဲခံရတယ်။ စာနယ်ဇင်းသမားကြီးတဦးက
ကျနော်တို့ကို လူကျွံဘောဖမ်းကစားတာပါလို့ မှတ်ချက်ချတယ်။
အခန်း (၈) ပုဒ်မ ၃၅၄ မှာ ...
“နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်။
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် …… လို့” ပါရှိပါတယ်။
အခု မီဒီယာဥပဒေကို ပြဌာန်းတော့မယ်ဆိုတော့ ပြဌာန်းထားသော ဥပဒေဆိုတာ ဒီမီဒီယာဥပဒေကို ရည်ညွန်းတာလား။ လွတ်လပ်တဲ့ မီဒီယာ စတုတ္ထမဏ္ဍိုင်ဆိုတာ အဖွဲ့အစည်းတခုရဲ့ ဥပဒေကန့်သတ်ချက်အောက်မှာ မွန်းကျပ်သွားမယ့် အနေအထားပါ။
ပြည်ပဘလော့ဂါတချို့နဲ့ ပြည်တွင်းဂျာနယ်တွေ အင်တာဗျူးကို ဖော်ပြခွင့်မပေးဘူးလို့ ဖေ့စ်ဘုတ်ခ်မှာ ဖတ်ခဲ့ရတယ်။ (ဥပမာ- Express news ဂျာနယ်နှင့် ဒေါက်တာလွဏ်းဆွေ အင်တာဗျူး)
လေးခုမြောက်မဏ္ဍိုင်ကြီးမှ လှုပ်လို့မရရင်တော့ ခိုင်ပါ့မလား ဒီမိုကရေစီအုတ်မြစ်။
ဆရာကြီး လူထုစိန်ဝင်းကတော့ ခပ်ပြတ်ပြတ်ပဲ။ နှစ်ပေါင်း ၅၀ ကျော် သတင်းသမားလုပ်လာခဲ့သူ တယောက်အနေနဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့လုပ်တဲ့ ဥပဒေမှန်သမျှကို လက်မခံနိုင်ဘူး။ သတင်းသမားအစစ် “ပရော်ဖက်ရှင်နယ် မှန်သမျှလည်း” လက်ခံကြမှာ မဟုတ်ဘူး။ ပရော်ဖက်ရှင်နယ် သတင်းသမား မဟုတ်တဲ့ “ခေတ်ပျက်ဂျာနယ်လစ်တွေ” ကသာ အခွင့်အရေး မျှော်ကိုးပြီး ထောက်ခံချင်
ထောက်ခံကြပါလိမ့်မယ် … လို့ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ဆိုသွားတယ်။ (ဒီလှိုင်းဂျာနယ် ၂၆.၃.၂၀၁၂)
သေချာတာက မီဒီယာဥပဒေကြီးနဲ့ စာနယ်ဇင်းသမားတွေကို စည်းကမ်းရှိအောင် လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီး ရှိတယ်ထင်ပ။ တော်လိုက်ကြတာ။
(၃) စွမ်းရည်ရှိတဲ့ ဘဏ်စနစ်နဲ့ လူမှုရေးဆိုင်ရာ ဆားဗစ်များ
ဖုန်းတောင်မှ လူတိုင်း လက်လှမ်းမမီ။ အင်တာနက်ဆိုင်တွေက ဂိမ်းဆိုင်တွေ ဖြစ်နေတဲ့ခေတ်။ ၀န်ထမ်းလစာကိစ္စလည်း အစိုးရက တမျိုး။ လွှတ်တော်က တမျိုး။ အကြွေးတွေကလည်း မွေးကင်းစ ကလေးမှာလည်း တင်နေသတဲ့။ လူတယောက် ဒေါ်လာသန်းချီ သတဲ့။ မုန့်ကျွေးတော့မပါဘဲ တုတ်ပေးတော့ ပါသလို ခံစားရတယ်။ ဘဏ်စနစ် စွမ်းရည်ရှိမရှိ မသိ။ ငွေထုပ်ကြီး ပိုက်ပိုက်ပြီး ဘဏ်ကို သွားနေကြတာ မြင်တယ်။
လူမှုရေးဆိုင်ရာ ဆားဗစ်များကတော့ ကြွေးအများကြီးတင်နေတော့ သိပ်မလုပ်နိုင်သေးဘူးထင်တယ်။ ကိုကျော်သူတို့ နာရေးကူညီမှုအသင်းကတော့ တရားဝင်သွားပြီ ပြောတယ်။ ကိုကျော်သူ အားကိုးရမှန်း အခုတော့ သိလာကြပြီထင်တယ်။
အီးစီးပွားရေး၊ အီးဗီဇာ၊ အီးအစိုးရ ဆိုတာတွေဟာ အင်တာနက်လိုင်းကောင်းမှ ဘဏ်စနစ်တွေကောင်းမှ ဖြစ်မှာ။ ထင်ပါတယ်။ ဒီအုတ်မြစ်ကတော့ ကြာဦးမယ်ထင်တယ်။ အစိုးရချည်း လုပ်နိုင်မှာမဟုတ်။
(၄) အရည်အသွေးပြည့်ဝတဲ့ ကျောင်းများ
ကျောင်းတွေကတော့ အရည်အသွေး မပြည့်ဝတာ လူတိုင်းသိပါတယ်။ ကျူရှင်အားကိုးနေရတဲ့ ပညာရေးစနစ်ကြီး ဖြစ်နေပြီ။ ဆရာ ဆရာမတွေ မကောင်းလို့ လောဘကြီးလို့ ဆိုပြီး ဘက်လိုက်ရေးသားနေတဲ့ လူတွေရှိတယ်။
အရည်အသွေးပြည့်ဝတဲ့ ကျောင်းတွေမှာ ...
၁။ ဆရာနဲ့ တပည့်ဦးရေ အချိုးမျှတရမယ်။
ဘယ်လောက်ကောင်းတဲ့ စနစ်ကြီး ဖြစ်နေပစေ ဆရာတယောက်က တပည့် ၃၀ လောက်ကိုသာ တာဝန်ယူခိုင်းသင့်တယ်။ ဆရာခန့်ထားမှုတွေကို တိုးမြှင့်ရမယ်။ ဆရာတွေရဲ့ သင်ကြားရေးစွမ်းရည်ကိုလည်း အမြဲတမ်း အားကောင်းနေအောင် ကြိုးပမ်းပေးရမယ်။ အရေးကြီးတာက လစာ လုံလုံလောက်လောက် ပေးပါ။ ပီတိစားတိုင်း အားမရှိပါ။ ဒီစကားပုံထွင်ခဲ့သူရော ပီတိစားပြီး အားရှိနေသလား။ တော်တော်နောက်တဲ့ လူကြီးတွေ ...။
၂။ ကျောင်းတိုင်းကို မြန်နှုန်းကောင်းတဲ့ အင်တာနက်လိုင်းတွေ ချိတ်ကို ချိတ်ပေးရမယ်။
အရည်အသွေး ပြည့်ဝဖို့ဆိုတာ တော်တော်ကြာဦးမယ်။ ကျောင်းမနေရတဲ့ ကလေးတွေတောင် တပုံကြီးရှိသေး။
(၅) မြေယာပိုင်ဆိုင်မှု စိတ်ချရခြင်း
လယ်သိမ်းခံရတဲ့ သတင်းတွေ၊ ဥယျာဉ်ခြံမြေတွေ အသိမ်းခံရတဲ့ သတင်းတွေပဲ ကြားကြားနေရတယ်။ စက်မှုနိုင်ငံ တည်ဆောက်မယ်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့။
ဘာမှ စဉ်းစားမနေကြနဲ့။ အခြေခံဥပဒေမှာ ဒီလိုပါတယ်။ အခန်း (၁) ၊ ပုဒ်မ ၃၇ ။ နိုင်ငံတော်သည် (က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။ မြေအားလုံးနော်။ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန်များ ဆိုတဲ့ ဥပဒေတွေမှာတော့ မြေယာပိုင်ဆိုင်ခွင့်ကို တိကျတဲ့အခွင့်အရေးများ ပေးမထားပါ။ ဒီအုတ်မြစ်က မပေါ်သေးဘူးလို့ ယူဆနိုင်တယ်။
(၆) ကိုယ်ပိုင်လုပ်ငန်းများ စတင်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိခြင်း
Cronies တွေမှအပ ကျန်သူတွေကတော့ ကိုယ်ပိုင်လုပ်ငန်းတွေ သိပ်မလုပ်နိုင်ကြသေး။ တရက် တရက် နယ်စပ် တိုင်းတပါးတွေမှာ အလုပ်သွားလုပ်နေရတဲ့ လူတွေ မနည်း။ စလုပ်နိုင်ကြတဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကတော့ ချဲနဲ့ ဘောလုံး။ ဒီဘက်ခေတ်မှာ ပိုများလာသလိုပဲ (ကိုယ်ပိုင်လုပ်ငန်းတွေ ရှိလာမှ လူလတ်တန်းစားတွေ တိုးလာမယ်)။
နိုင်ငံတော်သမ္မတက ချေးပေးထားတဲ့ ငွေတွေနဲ့ ချဲမထိုးကြဖို့ ပြည်သူတချို့ကို မှာတာ ဂျာနယ်တစောင်မှာ ဖတ်လိုက်ရပါတယ်။ ရယ်စရာတော့ အကောင်းသား။
မပူကြပါနဲ့။ နိုင်ငံတော်က လူထုမှ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နိုင်အောင် ကြိုးစားနေပါပြီ။ စက်မှုဇုန်ကြီးတွေမှာ နိုင်ငံခြားသားတွေ လာရင် ခြံထွက်သီးနှံလေးတွေ ရောင်းနိုင်အောင် လက်မှုလက်ယာမှ စက်မှုလယ်ယာ ကူးပြောင်းပေးနေပါပြီ။ နောက်ထပ် အနှစ် … ဆိုခဲ့တာတွေဟာ အစိုးရကို ပြစ်တင်ရှုတ်ချပြီး ရေးတာမဟုတ်။ ဒီမိုကရေစီ မပြိုလဲအောင် အခြေခံအုတ်မြစ်တွေ ခိုင်မာဖို့လိုတယ်ဆိုတာ တင်ပြလိုရင်းပါ။ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်အလက်များကို ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီ အုတ်မြစ်ခိုင်မာအောင် ၀ိုင်းဝန်းကြိုးစားကြပါစို့။
(ဆရာကြီးလေသံပါတယ်ဆိုပြီး ပရိသတ်တဦးက ယခင်ဆောင်းပါးတခုမှာ နောက်တောက်တောက်နဲ့ ကျနော့်ကို သောက်ရူးတဲ့။ ဒါပြီး သူက ရေးချင်တာရေးဆိုတော့ ကျေးဇူးတင်လိုက်တာဗျာ။ ဒီလို ဒီမိုကရေစီနားလည်တဲ့ ပရိသတ်ကို လေးစားမိတယ်။ မင်းမရေးနဲ့။ ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ် ဆိုပြီး သူ မခြိမ်းခြောက်)
မောင်မောင်ဘု
၂၈.၃.၂၀၁၂
No comments:
Post a Comment