ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၃၁)
နံရံပါးပါးလေးတချပ်
ဒေါက်တာလွဏ်းဆွေ
သင်္ကြန်အကြိုနေ့မတိုင်မီ တရက် …။
၁၂-၄-၂၀၀၂ သောကြာနေ့ ညပိုင်းက (Cerebral Malaria) ငှက်ဖျားပိုး ဦးနှောက်ထဲတိုးကာ ကယောင်ကတမ်းဖြစ်ပြီး သတိလစ်သွားသောကြောင့် ရင်းနှီးသောမိတ်ဆွေများက ကျနော့်အသက်ကို ကယ်တင်နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ ကုသပေးခဲ့ကြပါသည်။ မိတ်ဆွေရင်းချာများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဖျားနာဆောင် (၁) (၂) မှ ဆရာဝန် ဆရာမများ၊ အစ်ကိုဇနီးမောင်နှံနှင့် မိဘနှစ်ပါးတို့၏ ကောင်းမှုကြောင့်သာ သေကံမရောက် အသက်မပျောက်ဘဲ လူကောင်းပကတိသို့ ကျနော် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ သေရွာမှ ပြန်ရောက်ပြီး နာလန်ထစအချိန် ဧပြီလကုန်ပိုင်းလောက်တွင် ကြေကွဲစရာ သတင်းတခုကို စတင်ကြားရတော့သည်။ ကဗျာဆရာ မင်းသိုက်မွန် ဆုံးပြီတဲ့ (၂၃-၄-၂၀၀၂)။ ထို့နောက် မရဏမုန်တိုင်းက ကျနော်တို့ စာပေလောကအတွင်း ဆက်လက်တိုက်ခတ်နေတော့သည်။ ဆရာတက္ကသိုလ်ဘုန်းနိုင် ဆုံးပြန်ပြီတဲ့ (၁၁-၅-၂၀၀၂)။ ကဗျာဆရာ ဒါရိုက်တာပိုင်သ ဆုံးပြန်ပြီတဲ့ (၁၆-၅-၂၀၀၂)။ ဆရာလင်းယုန်မောင်မောင် ဆုံးပြန်ပြီတဲ့ (၂၅-၅-၂၀၀၂)။ ကဗျာဆရာမောင်ကောက် ဆုံးပြန်ပြီတဲ့ (၁၈-၆-၂၀၀၂)။ ဆရာလင်းဝေမြိုင် ဆုံးပြန်ပြီတဲ့ (၂၇-၆-၂၀၀၂) … စသည်ဖြင့် မရဏမုန်တိုင်းက စာပေပန်းပွင့်တွေကို တပွင့်စီ တပွင့်စီ ခြွေချနေတော့သည်။
ကျနော်က နာလန်ထစ အားအင်များ ဆုတ်ယုတ်ချည့်နဲ့နေချိန်ဖြစ်၍ ဆရာမင်းသိုက်မွန်နှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်တို့၏ ဈာပနများကို စိတ်ဖြင့်သာ ပို့ဆောင်နိုင်ခဲ့ပြီး ကိုယ်က မလိုက်နိုင်ခဲ့။ ဆရာပိုင်သနှင့် ဆရာမောင်ကောက်တို့ကျတော့လည်း ရပ်ဝေးမှာ ကွယ်လွန်ကြသည်ဖြစ်၍ စိတ်ဖြင့်သာ ပို့ဆောင်ခဲ့ရပြန်သည်။ ဆရာလင်းယုန်မောင်မောင်နှင့် ဆရာလင်းဝေမြိုင်တို့၏ ဈာပနများကိုသာ ကျန်းမာရေး ထူထူထောင်ထောင်ဖြင့် စိတ်ရောကိုယ်ပါ လိုက်ပါပို့ဆောင်နိုင်ခဲ့ပေသည်။
“သူတို့ ချန်ထားရစ်ခဲ့သော အနုပညာလက်ရာမွန်များက ကျန်ရစ်ခဲ့သူများအတွက် အမှတ်ရစရာ၊ ဖြေဆည်စရာ မှတ်တိုင်ကလေးများ ဖြစ်ခဲ့သည်။ သာမန်လူများနှင့်မတူသော အနုပညာသမားများအတွက် ထိုမှတ်တိုင်ကလေးများ ကျန်ရစ်ခဲ့သောကြောင့်သာ လူ့လောကတွင် အနုပညာသမားအဖြစ် လူဖြစ်ရကျိုးနပ်ခဲ့ကြခြင်းဖြစ်သည်။ ထိုမှတ်တိုင်ကလေးများကသာ လောကအလယ်တွင် ကာလရှည်ကြာစွာ တည်ရှိနေမှာဖြစ်သည်။ ထိုမှတ်တိုင်ကလေးများသည် သူတို့ဖန်တီးခဲ့ကြသော အနုပညာအလုပ်များ၏ ပြယုဂ်များပင်ဖြစ်သည်။”
တကယ်တော့ ကျနော်က ကံကောင်းထောက်မ၍ မရဏမုန်တိုင်း တိုက်ခတ်သည့်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သူပင်ဖြစ်သည်။ နို့မဟုတ်ပါက ကွယ်လွန်သူ ဆရာများ၏ ရှေ့က ကျနော်က ကြိုတင်သွားနှင့်ရသူ ဖြစ်ခဲ့ပေလိမ့်မည်။ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ သေခြင်းနှင့် ရှင်ခြင်းက နံရံပါးပါးလေးတချပ်သာ ခြားသည်ကို တွေ့ရသည်။ ကွယ်လွန်သူဆရာများကိုလည်း လူ့လောကထဲမှ ယခုလောက် အလျင်အမြန်ကြီး ထွက်ခွားသွားကြလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့။ ဆရာတို့နှင့် နောက်ဆုံး တွေ့ဆုံပြောဆိုခဲ့ရသည့် စကားသံများကိုပင် မနေ့တနေ့ကလို ထင်မှတ်ခဲ့ရသည်။
“လွိုင်ကော်မှာ ကဗျာတွေ အများကြီး ရေးဖြစ်တယ် ကိုလွဏ်းဆွေ၊ လာပို့ဦးမယ်” ဆိုသည့် ဆရာမင်းသိုက်မွန်၏ အသံ။ “မင်းအဖေကြီးရော နေကောင်းရဲ့လား။ တောင်ငူမှာပဲလား” ဆိုသည့် ဆရာလင်းယုန်မောင်မောင်၏ အသံ။ “ကိုလွဏ်းဆွေ ကဗျာကို ကြိုက်မှသုံးနော်။ ခင်ဗျားရဲ့ ‘သံသရာတစ်ကွေ့ဝယ်’ ကိုလည်း ခံစားပြီးပြီ။ ကျနော်တို့နားက လက်ဖက်ရည်ဆိုင်မှာ ဖွင့်နေတာဗျ” ဆိုသည့် မြားနတ်မောင်တွင် နောက်ဆုံးဖော်ပြခဲ့သော “ချစ်သူကို မုန်းတဲ့အကြောင်း” ကဗျာကို ပေးစဉ် ပြောကြားခဲ့သော ဆရာပိုင်သ၏ အသံ။ “ကိုလွဏ်းဆွေ … ကျနော် ရန်ကုန်မှာ ဆေးလာကုနေတယ်။ မြားနတ်မောင် ဖတ်ချင်လို့ ပေးလိုက်စေလိုပါတယ်” ဆိုသည့် လူကြုံနှင့်ပါးလိုက်သော ဆရာမောင်ကောက်၏ လက်ရေးနှင့်စာ။ “ကိုလွဏ်းဆွေ … နေကောင်းပြီလား။ ကျနော်လည်း သတင်းကြားပြီး လာမယ်၊ လာမယ်နဲ့ အခုမှပဲ ရောက်ဖြစ်တော့တယ်” ဆိုသည့် မကွယ်လွန်မီ နှစ်ပတ်ခန့်က ကျနော့်ဆီ လူမမာမေး လာရင်း ပြောကြားခဲ့သော ဆရာလင်းဝေမြိုင်၏ နောက်ဆုံးအသံ … စသည် … စသည်ဖြင့် ဆရာတို့၏ အသံများကို ယခုတိုင် နားထဲတွင် ကြားယောင်နေဆဲဖြစ်သည်။ နံရံပါးပါးလေးခြားထားသော သေခြင်းအခန်းဘက်က ဆရာတို့၏ အမှတ်ရစရာ ပြောဆိုချက်များကို ကံကောင်းထောက်မ၍ ရှင်းခြင်းအခန်းဘက်တွင် ကျန်နေရစ်ခဲ့သော ကျနော် ကြားနေရတာလည်း ဖြစ်နိုင်သည်။
ကွယ်လွန်သူဆရာများကတော့ အနုပညာလက်ရာမွန်များကို လှပစွာ ချန်ထားခဲ့ကြပြီး နံရံပါးပါးလေးတချပ်ကို ဖြတ်ကျော်ကာ သေခြင်းအခန်းဘက်သို့ ကူးပြောင်းရောက်ရှိသွားခဲ့ကြပေပြီ။ သူတို့ ချန်ထားရစ်ခဲ့သော အနုပညာလက်ရာမွန်များက ကျန်ရစ်ခဲ့သူများအတွက် အမှတ်ရစရာ၊ ဖြေဆည်စရာ မှတ်တိုင်ကလေးများ ဖြစ်ခဲ့သည်။ သာမန်လူများနှင့်မတူသော အနုပညာသမားများအတွက် ထိုမှတ်တိုင်ကလေးများ ကျန်ရစ်ခဲ့သောကြောင့်သာ လူ့လောကတွင် အနုပညာသမားအဖြစ် လူဖြစ်ရကျိုးနပ်ခဲ့ကြခြင်းဖြစ်သည်။ ထိုမှတ်တိုင်ကလေးများကသာ လောကအလယ်တွင် ကာလရှည်ကြာစွာ တည်ရှိနေမှာဖြစ်သည်။ ထိုမှတ်တိုင်ကလေးများသည် သူတို့ဖန်တီးခဲ့ကြသော အနုပညာအလုပ်များ၏ ပြယုဂ်များပင်ဖြစ်သည်။ ထို့ကြောင့် ရတောင့်ရခဲ လူ့ဘ၀တွင် အနုပညာသမားအဖြစ် လူဖြစ်ရကျိုးနပ်အောင် နံရံပါးပါးလေးတချပ်ကို ဖြတ်မကူးမီ အနုပညာလက်ရာမွန်များကို များများဖန်တီးနိုင်အောင် ကျနော်တို့ အားထုတ်ကြဖို့လိုသည်ဟု တွေးတောနေမိပါသည်။ ။
* ကိုအောင်ဟိဏ်း (ကျိုက်ထော်)၊ ကိုနွယ်ဦးလှိုင်+မမို့မို့သင်း၊ ကိုအောင်သွေး၊ ဦးထော်ကြီး၊ ဒေါက်တာဇော်သန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံးကြီး ဖျားနားဆောင် (၁) (၂) မှ ဆရာဝန် ဆရာမများ၊ အစ်ကို ဒေါက်တာလွဏ်းဝေ+ဒေါက်တာသစ်သစ်စိုး၊ ဖေဖေ+မေမေတို့၏ ကျေးဇူးတရားများအား အောက်မေ့စွာဖြင့် …။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၂ ခုနှစ်)
No comments:
Post a Comment