ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၉)
ရေကစားခြင်း၏ အနှစ်သာရ
ဒေါက်တာလွဏ်းဆွေ
“သင်္ကြန်နှစ်ဦး … တူးပို့ တူးပို့ … တူးသံမြူးသာယာ”
“မြနန္ဒာ … နေညိုညိုရစ်ကာသမ်းတော့”
“ခေါင်းကလေးမော့လို့ … ပိတောက်ဖူးလေးတွေ … ပန်ဆင်ထားသူရေ”
မတ်လ အစပင် ရှိသေးသည်။ သင်္ကြန်တေးတို့ ဟိုဟိုဒီဒီမှ လွင့်ပျံ့လာနေပြီ။ သင်္ကြန်ရနံ့တို့ကို ရှူရှိုက်ရသလို ခံစားလာရသည်။ မကြာမီ မြန်မာတို့၏ ပျော်ရွှင်စရာအကောင်းဆုံးပွဲတော် သင်္ကြန်ချိန်ခါကို ရောက်ပေတော့မည်။ တနိုင်ငံလုံး ရေပက်ကစားကြတော့မည်။ ထိုသို့ တွေးနေမိရင်း လွန်ခဲ့သည့်နှစ်က သင်္ကြန်တွင် ရေပက်ကစားကြသည့် ပုံရိပ်များကို တကတ်ပြီးတကတ် ပြန်လည်မြင်ယောင်လာမိသည်။ မနှစ်တုန်းက သင်္ကြန်မှာ ကျနော်တို့ အမှန်တကယ် ပျော်ရွှင်ခဲ့ကြပါရဲ့လား …။
*******
(၁)
ရေပက်ခံကားတစီး ရေကစားမဏ္ဍပ်တခုရှေ့သို့ ရောက်လာသည်။ မဏ္ဍပ်ပေါ်မှ အားပြင်းသော ရေပိုက်များဖြင့် ရေပက်ခံသူတို့၏ မျက်စိထဲ၊ နားထဲသို့ ဦးတည်ထိုးပက်ကြသည်။ ရေပက်ခံရသူတို့မှာ ခေါင်းပင်မဖော်ရဲ။ နားရွက်နှစ်ဘက်ကို လက်ဖြင့်ပိတ်ကာ ခေါင်းငုံ့ထားရသည်။ ထိုကြားထဲမှ တချို့ … မျက်စိတွေ နီရဲကုန်ကြ၏။ တချို့ … နားတွေ အူထွက်ကုန်ကြ၏။ မဏ္ဍပ်ပေါ်မှ ရေပက်ကစားသူများ တ၀ါးဝါး တဟားဟားနှင့် ကျန်ရစ်ခဲ့ကြ၏။
(၂)
ရေပက်ခံသူတို့က ရှေ့ပင် ရောက်မလာသေး၊ ရေပက်မည့်သူတို့က နို့ဆီခွက်ကို လက်နှင့်ရွယ်ကာ အံကိုကြိတ်၍ စောင့်ဆိုင်းနေကြ၏။ ရှေ့သို့ ရောက်လာသည့်အခါ အားကုန်လွှဲ၍ ခွက်စောင်းခုတ်ကြ၏။ တချို့က ဒီလောက်နှင့် အားမရ၊ လက်ဝါးဖြင့်ပင် ရေပက်ခံသူတို့၏ ကျောပြင်ကို ဗြောတင်ကြ၏။ ရေပက်ခံသူတို့ အသားများ ကျိန်းစပ်ကုန်ကြ၏။ ခါးများ ကော့ကုန်ကြ၏။ ရေပက်သူတို့က အားရကျေနပ်စွာ တ၀ါးဝါး တဟားဟားနှင့် ကျန်ရစ်ခဲ့ကြ၏။
(၃)
ထိုနည်းတူစွာ တချို့က ရေပူဖောင်းများဖြင့် ပစ်ပေါက်လျက် …
(၄)
တချို့က မကြားဝံ့ မနာသာ စကားများ အော်ဟစ်ပြောဆိုလျက် …
(၅)
တချို့က နှမချင်းကိုယ်ချင်းမစာ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားလျက် …
ထိုသို့ ရေပက်ကစားကြသည့် ပုံရိပ်များကို ပြန်လည်မြင်ယောင်လာမိသောအခါ ကျောပင်စိမ့်လာ၏။ ရွံရှာလာမိ၏။ ဒီနှစ်သင်္ကြန်မှာလည်း …။
*******
ရေပက်ကစားခြင်း၏ အနှစ်သာရကို ကျနော်တို့ ပြန်လည်စဉ်းစားကြဖို့ ကောင်းပေပြီ။ ရှေးတုန်းကလို “သပြေခက်နှင့် ရေပက်ရမည်။ ငွေဖလားနှင့် ရေကစားရမည်” ဟုတော့ ကျနော်တို့ မဆိုလိုပါ။ သပြေခက်နှင့်ဖြစ်စေ၊ ငွေဖလားနှင့်ဖြစ်စေ၊ နို့ဆီခွက်နှင့်ဖြစ်စေ၊ ရေပိုက်နှင့်ဖြစ်စေ ကိုယ်ချင်းစာတရား ရှေ့ထားကာ မေတ္တာစိတ်ဖြင့် ညင်ညင်သာသာ ရေပက်ကစားကြဖို့သာ အရေးကြီးပေသည်။ သို့မှလည်း ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းဆိုသည်ကို ပြရာရောက်ပေမည်။ အားလုံးအတွက်လည်း အမှန်တကယ် ပျော်ရွှင်စရာကောင်းပေမည်။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၉၇ ခုနှစ်)
1 comment:
kindly save caltural,is best.
Post a Comment