Saturday, March 17, 2012

KNU နှင့် ABSDF ဧပြီလဆန်းတွင် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်မည်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင် အချင်းချင်း မှားယွင်းပစ်ခတ်

KNU နှင့် ABSDF ဧပြီလဆန်းတွင် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်မည်
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၁၇ ရက်၊ ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၃ နှစ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သက်တမ်း ၂၃ နှစ်ရှိ အာရှတိုက်၏ တခုတည်းသော လက်နက်ကိုင် ကျောင်းသားတပ်မတော်ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တို့သည် လာမည့် ဧပြီလဆန်းတွင် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်မည့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို လာမည့်လဆန်းတွင် ပြုလုပ်မည်ဖြစ်ကာ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်နယ်အဆင့် ပဏာမသဘောတူညီချက် ၁၁ ချက်မှ အချို့ကို ဆွေးနွေးသွားရန်ရှိသည်ဟု KNU ခေါင်းဆောင်တဦးက ပြောသည်။

ဆွေးနွေးပွဲတွင် KNU နှင့် မြန်မာတပ်များ တည်နေရာသတ်မှတ်ရေးကိစ္စကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာအစိုးရနှင့် KNU တို့အကြား အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီချက်ကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း KNU လက်အောက်ခံ တောင်ငူခရိုင်နှင့် ဖာပွန်ခရိုင်ဒေသများတွင် နှစ်ဘက်တပ်များအကြား တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ နှစ်ဘက်ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့သည် ယခုလ ၂၄ ရက်နေ့တွင် KNU ခေါင်းဆောင်များနှင့် ထိုင်း-မြန်မာနယ်စပ်တွင် လာရောက်တွေ့ဆုံမည်ဖြစ်သည်။

အလားတူ ABSDF အဖွဲ့၏ ဒု-ဥက္ကဌ ကိုမျိုးဝင်း ဦးဆောင်မည့် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် လာမည့်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ရန်ကုန်မြို့တွင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ကြမည်ဟု သိရသည်။

ဒု-ဥက္ကဌ ကိုမျိုးဝင်းက ပြည်သူလူထုတရပ်လုံး၏ ရည်မှန်းချက် မရရှိသေးသရွေ့ ကျောင်းသားတပ်မတော် ဆက်လက်တည်ရှိနေမည်ဟု ယခုရက်ပိုင်းအတွင်းက သတင်းဌာနများကို ပြောကြားခဲ့သည်။

KNU သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ် မှ စတင်ကာ အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိပြီး ABSDF အဖွဲ့သည် မြန်မာပြည်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ၁၉၈၈ ခုနှစ် နိုဝင် ဘာ လ ၁ ရက်နေ့မှစ၍ ထိုင်း-မြန်မာနယ်စပ်တွင် ကျောင်းသားလူငယ်များနှင့် ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေသည့်အဖွဲ့ ဖြစ်သည်။
-------------------------------------------
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင် အချင်းချင်း မှားယွင်းပစ်ခတ်
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၁၇ ရက်၊ ၂၀၁၂ ခုနှစ်

ကရင်နယ်ခြားစောင့်တပ်ဖွဲ့များအကြား ယမန်နေ့က မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် တပ်ရင်း ၁၀၁၁ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်တင်ညွန့်အမှုကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရေးယူမှုများ ပြုလုပ်နေသည်ဟု မြိုင်ကြီးငူမှ ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူတွင် အခြေစိုက်သည့် ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၂ မှ ဗိုလ်ဒေါဘိုးနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၄ နာရီခန့်က BGF တပ်ရင်း ၁၀၁၁ မှ တပ်ခွဲမှူး ဗိုလ်တင်ညွန့် စီးလာသည့် ကားကို မြိုင်ကြီးငူအနီးတွင် DKBA ကားဟု ယူဆပြီး ပစ်ခတ်ခဲ့ရာ ဗိုလ်တင်ညွန့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ တပ်ရင်း ၁၀၁၂ မှ တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသည်ဟုလည်း လှိုင်းဘွဲမြို့မှ ယာဉ်မောင်းတဦးက ပြောသည်။

ပုံစာ - အခမ်းအနားတခုတွင် တွေရသည့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ

No comments: