Thursday, March 29, 2012

ထွက်ပေါက်မရှိ ချောင်ပိတ်အရိုက်ခံနေရတဲ့ သင်္ဘောသားများ (ပေးစာ)

သို့/
သမ္မတကြီးခင်ဗျား ...

ကျနော်တို့ သင်္ဘောသားတွေဟာ ထွက်ပေါက်မရှိ ချောင်ပိတ်အရိုက်ခံနေရပါတယ် ဆိုတဲ့အကြောင်းကို တိုင်ကြားလိုပါတယ်ခင်ဗျား။ ကျနော်တို့သင်္ဘောသားတွေဟာ နိုင်ငံခြားသင်္ဘောလိုင်းတွေမှာ တာဝန်ထမ်းဆောင်ပြီး နိုင်ငံတော်အပေါ် အခွန်ကျေနေတဲ့ သင်္ဘောသားဦးရေ ၃,၀၀၀ ကို ၂၀၀၇ ခုနှစ်အထက် မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုခဲ့တာကြောင့် ကျနော်တို့သင်္ဘောသားအများစုဟာ မိမိတို့ တင်သွင်းလိုတဲ့ ကားများကို ပြည်ပလေလံများမှလည်းကောင်း၊ ဂျပန်နိုင်ငံရှိ Show Rooms များမှ တိုက်ရိုက်ကြည့်ရှုပြီး ကြိုက်နှစ်သက်ရာ ကားများကို ဝယ်ယူခဲ့ပါတယ်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် ဆိပ်ကမ်းရှင်းလင်းခြင်း ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိနေစဉ် မိမိတို့ ဝယ်ထားသော ကားများမှာ ထုတ်ယူလို့မရဘဲ ဖြစ်နေပါတယ်။

ထုတ်ယူလို့မရတဲ့ အကြောင်းရင်းကတော့ ၂၀၀၇ ခုနှစ်ဖြင့် တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ဆိပ်ကမ်းအကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတွေက စစ်ဆေးရာ ၂၀၀၆ ခုနှစ်ထုတ် မော်တော်ယာဉ်တွေ ဖြစ်တယ်ဆိုပြီး ထုတ်ခွင့်မပြုဟု ပြောပါတယ်။ အဲ့ဒီကိစ္စရပ်အပေါ် ကျနော်တို့က နားမလည်ဘူး ဖြစ်နေတယ်။ ကျနော်တို့ ပြည်ပမှ မော်တော်ယာဉ်တွေကို ဝယ်ယူရာမှာ နိုင်ငံတော်က ထုတ်ပြန်ချက်များနဲ့အညီ အောက်ပါ အချက်အလက်များကို စိစစ်ပြီး သင်္ဘောတင်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(၁) International က ဝယ်ယူလို့ရတဲ့ လေလံစာရွက်မှာ မော်တော်ယာဉ်နဲ့ သက်ဆိုင်တဲ့ ထုတ်လုပ်တဲ့ ခုနှစ်ကို ဖော်ပြထားတာ 2007 ဖြစ်ပါတယ်။

(၂) မော်တော်ယာဉ်ကို လေလံက ဝယ်ယူပြီး ဂျပန်နိုင်ငံ မော်တော်ယာဉ်လိုင်စင်ကို ဖျက်သိမ်းခြင်း စာရွက်တွင်လည်း ထုတ်လုပ်တဲ့ ခုနှစ်ကို 2007 ဟု ဖော်ပြထားပါတယ်။

(၃) သင်္ဘောတင်ဆောင်ရာတွင်လည်း ပြည်ပသို့ တင်ပို့သည့် စာရွက်တွင် မော်တော်ယာဉ် ထုတ်လုပ်တဲ့ ခုနှစ်ဟာ 2007 ဖြစ်ပါတယ်။

ဒီစာရွက်စာတမ်း အထောက်အထားတွေနဲ့အညီ ထုတ်လုပ်တဲ့ ခုနှစ်ကို 2007 နှစ်လို့ တိကျတဲ့ ကားတွေကို ဆိပ်ကမ်းအကောက်ခွန်ဦးစီးဌာနက ဘယ်အချက်အလက်တွေနဲ့ စစ်လိုက်လဲတော့မသိဘူး။ 2007 ထုတ်ကားက 2006 ထုတ်ဖြစ်သွားလို့ ထုတ်မရဘူးဖြစ်နေတယ်။ သူတို့ ထုတ်လုပ်တဲ့ခုနှစ်ကို ပေတံအဖြစ် စံသတ်မှတ်တိုင်းတာတဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့ သိရှိအောင် ထုတ်ပြန်ထားချက်မျိုးလည်း မရှိဘူး။ Public Announce လုပ်ထားတာမျိုးလည်း မတွေ့ရဘူး။ သူတို့ ၃၊ ၄ ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ မင်းတို့ သွင်းလာတဲ့ ကားတွေက ငါတို့ စည်းမျည်းနဲ့ မညီကြောင်း ပြောဆိုပါတယ်။

ထုတ်ယူချင်ရင် CIF ကားတင်သွင်းတန်ဘိုးရဲ့ ၃ ဆဖြစ်တဲ့ သိန်း ၁၂၀ ယူလာခဲ့၊ မပါရင် မင်းတို့နဲ့ အချိန်ပေးပြီး စကားမပြောချင်ဘူးဟု အကောက်ခွန်အရာရှိတဦးမှ ပြောပါသည်။ အခု သင်္ဘောသားတွေအတွက်ဆိုရင် တင်သွင်းလာတဲ့ ကားတွေက 1300 CC အောက် ကားတွေ၊ ဈေးနှုန်းသက်သာတဲ့ ကားတွေကို အိုးပစ်အိမ်ပစ် အသက်နဲ့ရင်းပြီး စုထားတဲ့ ငွေလေးတွေနဲ့ တင်သွင်းလာကြတာဖြစ်လို့ သတ်မှတ်တဲ့ဒဏ်ကြေး ပေးဆောင်ဖို့အတွက် တင်သွင်းလာတဲ့ CIF ကားတန်ဘိုးရဲ့ ၃ ဆဖြစ်တဲ့ သိန်း ၁၂၀ ကို ပေးဆောင်ဖို့ ကျနော်တို့မှာ ပိုက်ဆံလည်း မရှိကြတော့ဘူး၊ ပေးဆောင်ရမယ့် ငွေကလည်း များတယ်။ ပြောရရင် ဒဏ်ကြေးပေးဆောင်ဖို့ အခက်အခဲမျိုးစုံ ရှိနေတယ်။ ကျနော်တို့အနေနဲ့ ကိုယ်ဝယ်တဲ့ ကားကို မရွေးနိုင်တော့ဘူး။

အခုဟာလည်း ၂၀၀၇ ခုနှစ်ထုတ်လို့ တင်ပြခဲ့တဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ရိုးသားစွာ ဝယ်ယူတင်သွင်းလာကြခြင်းဖြစ်ပါတယ်။ မည်သူမှ ၂၀၀၇ Model သွင်းခွင့်ရတာကို မော်ဒယ်နိမ့်တဲ့ ၂၀၀၆ Model ကို တင်သွင်းလာမှာလည်း မဟုတ်ပါဘူး။

သမ္မတကြီးမှ မိမိနိုင်ငံသားများ အတိဒုက္ခရောက်နေသည်ကို ကူညီဆောင်ရွတ်ပေးသင့်ပါတယ် ဆိုတဲ့အကြောင်းကို ထွက်ပေါက်မရှိ ချောင်ပိတ်အရိုက်ခံရသော သင်္ဘောသားများကိုယ်စား အသနားခံ တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့် ...

ကိုမင်းကျော်စိုး
CDC-၁၀၃၉၄
ကျိုက်မရော

3 comments:

Demo Mike said...

ဖြစ်နိုင်ရင် အဲဒီလိုပြောတဲ့ အကောက်အခွန် အရာရှိဆိုတဲ့
ကောင်ရဲ့ အမည်နဲ့  ရာထူးအတိအကျ ဖေါ်ပြပြီးတိုင်စေချင်တယ်
ဒါမှ ထိထိရောက်ရောက်အရေးယူပြီး
နမူနာ စံပြဖြစ်အောင် လုပ်လို့ ရမှာ

Unknown said...

အဲကောင်တွေ ငတ်နေတုန်းလားဟ

Ba said...

'' ငတ်နေတုန်းလားဟ '' လို့မမေးရဘူးလေ။
'' မဝသေးဘူးလားဟ '' လို့မေးရမှာ။
ဒီအစိုးရနဲ့တော့ပင်စင်မယူမချင်း
ဝါးနေဦးမယ်။
သူ့နာမည်တပ်ပြီးတိုင်လည်း
အကြောင်းမထူးပါဘူး။
အကောက်ခွန်အရာရှိဆိုတာ
သူတို့သားသမီး၊သားမက်၊
အမျိုးတွေပဲ ရတဲ့ရာထူးလေဗျာ။