အဆင့်အတန်း
ယာမားရှီး
“အဘ ... ဘယ်လို သဘောရသလဲ”
“မင်းတို့ အကြံအစည်ကတော့ ကောင်းပါရဲ့။ ဒါပေမယ့် မင်းတို့က လူတိုင်းကို ဖုန်းကိုင်စေချင်တာကတော့ ငါ သဘောမကျဘူးကွ။ လူဆိုတာ သူ့အဆင့်အတန်းနဲ့ သူပဲ။ ကိုင်သင့်တဲ့လူပဲ ကိုင်ရမယ်။ မင်းတို့ စီမံကိန်း လောလောဆယ် ခွင့်မပြုသေးဘူးကွာ”
ဦးမျိုးမြင့် စိတ်ညစ်သွားပါတယ်။ သုံးနှစ်ခန့် လုပ်ကိုင်ထားတာတွေ သဲထဲရေသွန်သလို ဖြစ်သွားပြီ။ နိုင်ငံခြား Company နဲ့ အကြိမ်ကြိမ်အခါခါ ဆွေးနွေးပြီးခါမှ လုပ်ငန်းတွေ စတော့မယ်ဆိုမှ အနီးကပ် ချေမှုန်းခံလိုက်ရသလို ...။ ဆင်းမ်ကတ်တန်ဖိုးမှာ နေ့စားအလုပ်သမားတယောက်တောင် ၀ယ်သုံးနိုင်တဲ့ စီမံချက်တွေပါတယ်။ စီမံကိန်းသာ အကောင်အထည်ပေါ်ရင် လူတွေ တော်တော်ပျော်ကြမှာ။ ဦးမျိုးမြင့်တို့ Company လည်း နိုင်ငံမှာ ပြည်သူ့အကျိုးဆောင်တဲ့ Company ဆိုပြီး နာမည်ကောင်းရကာ ရှေ့ဆက် စီးပွားရေးတွေ အောင်မြင်လာမယ်ဆိုပြီး အိပ်မက်လှလှတွေ မက်နေမိတယ်။ အဘနဲ့လည်း အရင်ကတည်းက သိကျွမ်းခဲ့တယ်ဆိုတော့ အဆင်ပြေမယ်လို့ ထင်နေတာ။
အခုတော့ ဖုန်းဈေးတွေ နိုင်ငံတကာစံနှုန်းနဲ့ ၀ယ်လို့ရပြီး နိုင်ငံသားတွေ ဆက်သွယ်မှုလွယ်ကူအောင်
ကြိုးပမ်းပေးခဲ့တာကို အသိအမှတ်ပြုမခံရတဲ့အတွက် စိတ်ပျက်မိပါတယ်။
နိုင်ငံခြား Company က လူက ...
“ခင်ဗျားတို့ဆီမှာ အတော်ထူးဆန်းပါလား။ စီးပွားရေးအမြင်လည်းမရှိ။ လူတွေကို အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိဘဲ အုပ်ချုပ်နေကြတာလည်း ဆန်းတယ်။ တော်ပြီဗျာ ... ကျနော်တို့ နောက်ဆို မလာတော့ဘူး”
စိတ်ပျက်လက်ပျက် ပြောဆိုပြီး “ဘိုင်ဘိုင် ... ဦးမျိုးရေ” ဆိုပြီး သူ့နိုင်ငံ ပြန်သွားတော့တယ်။
ဦးမျိုးမြင့်မှာ အိပ်လို့ မပျော်တော့။ တန်ဖိုးကြီး ဖုန်းတွေကို မော်ကြွားစွာ ကိုင်နေတဲ့ အဘဆီမှာ ကပ်စား ပေါင်းစားနေတဲ့ သူ့မိတ်ဆွေတွေကိုလည်း စိတ်တိုနေမိတယ်။ သြော် ... အဆင့်အတန်းမြင့်ကြပါပေ့။
အဆင့်အတန်းရှိမှ ဖုန်းကိုင်ရမယ်ဆိုရင်တော့ ဒီဖုန်းတွေကို တသက်မကိုင်တော့လို့ ဆုံးဖြတ်လိုက်တယ်။
စီးပွားရေးလုပ်ငန်းတွေကိုလည်း ရပ်နားလိုက်တယ်။ လူတွေနဲ့ ဝေးတဲ့ တနေရာမှာ ခြံလေး စိုက်စားပြီး နေလိုက်တော့တယ်။
အဘ ဆိုသူကို စိတ်ထဲ နာကျည်းမိတယ်။
အဆင့်အတန်း ??
အဆင့်အတန်း ????
အဆင့်အတန်း ??????
ဒီစကားတွေကို ကြားယောင်မိတိုင်း ရင်နာတယ်။ အဘ ဆိုသူကို သူ ကောင်းကောင်းသိတယ်။ ခွီးတဲ့မှပဲ။ သူက ဘယ်အဆင့်အတန်းက လာသလဲဆိုတာ သူ မေ့သွားရှာပြီကိုး။ ရယ်ချင်သေးတယ်။
အာဏာပိုင်ကြီးမဖြစ်ခင် လူရွယ်ဘ၀က အိမ်လာတည်းတော့ သင်ဖြူးဖျာခင်းပေးတာ မအိပ်ရဲခဲ့တဲ့ လူ။
“ဒါ ... ကျနော် တခါမှ မမြင်ဖူးဘူးဗျ” တဲ့။
သြော် ... ရိုးလိုက်တဲ့ လူ ဆိုပြီး သနားမိတယ်။
အခုတော့ လူဆိုတာ သူ့အဆင့်အတန်းနဲ့ သူလို့ ဆိုနေပြီ။ ထူးတာလား ရူးတာလားဆိုတာ ဦးမျိုးမြင့် မသိတော့ပါ။ စဉ်းစားမရတာက ဖုန်းကိုင်တာကို အဆင့်အတန်းခွဲလို့ ရပါသလား ဆိုတာကိုပါ။
(နိုင်ငံခြားတိုင်းပြည်တခုမှ လူထုအရေးထား စီးပွားရေးသမားတဦး၏ ကိုယ်တွေ့ခံစားချက်ကို မြန်မာလို မှီငြမ်းဖော်ပြအပ်ပါတယ်။)
ယာမားရှီး
၂၁-၃-၂၀၁၂
No comments:
Post a Comment