နောက်တခါ လာပြန်ပြီဟေ့
စိန်သံလုံး
၂၀၁၀ ရွေးကောက်ပွဲကြီးပြီးတော့ အစိုးရသစ်ဆိုတာ ပေါ်ပေါက်လာတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ပြည်သူတွေက ရွေးချယ် တင်မြှောက်ခဲ့တယ်လို့ ဆိုထားတယ်။ အဲဒီကိစ္စ လက်ခံသူ လက်မခံသူတွေ အများကြီးရှိတယ်။ ဇွတ်ဖန်တီးပြီး မရ ရတဲ့နည်းနဲ့ မဲနိုင်ခဲ့တာတွေ၊ မဲခိုး မဲညစ်ခဲ့တာတွေ၊ ကြိုတင်မဲတွေက ဘယ်သူတွေက ပေးပြီး ဘယ်လိုလုပ် ဘယ်က ပေါ်လာတာလဲ၊ ဘာတွေမှန်းလဲ မသိဘူး၊ ဘယ်လိုဖြစ်ကုန်တာလဲ ဆိုတဲ့ ဘ ငါးလုံး မေးခွန်းတွေ ဘယ်သူက ဖြေလို့လဲ။
၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အားမတန်လို့ မာန်လျှော့ခဲ့ကြတယ် မဟုတ်လား။ ထောင်ကျမှာ ကြောက်ကြသလို အဖမ်းဆီး အချုပ်အနှောင်ခံပြီး ဂျပန်ကင်ပေတိုင် လူဆိုးတွေလို နှိပ်စက်တာ မခံနိုင်ဘူးလေ။ နောက်ပြီး အခန့်မသင့်ရင် သေနတ်နဲ့ အပစ်ခံရမှာက ရှိသေး။ အရေးအခင်းဖြစ်ပြီဆိုရင် စာရင်းမရှိ အင်းမရှိ သေခဲ့ကြတာ မျက်မြင်ကိုယ်တွေ့လို မြင်တွေ့ထားတော့လည်း ကြောက်ကြတာပေါ့၊ လောကမှာ မိုက်တယ်ဆိုတာ လွယ်ပေမယ့် သံဃာတော်တွေပါ ချမ်းသာမပေးတဲ့ စစ်အစိုးရကိုတော့ ပိုမိုက်တယ်ဆိုပြီး သတိထားကြရတာပေါ့။
ဒါကြောင့် ... ဒါ့ကြောင့် မလွှဲသာလို့ ရေငုံနှုတ်ပိတ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းမှူးအဆင့်ကအစ အာဏာပိုင်အဆင့်ဆင့်က ခြိမ်းခြောက်ပြီး မက်လုံးတွေပေးပြီး ကြံ့ဖွံ့ ကို မဲထည့်ခိုင်းတာတွေ၊ ရန်ကုန်မြို့တော်မှာ မြို့တော်ဝန် အောင်သိန်းလင်းက ရပ်ကွက်တွေမှာ နိုင်ငံတော်စရိတ်နဲ့ နှစ်ပေါက်တပေါက် ရိုက်၊ ကြံ့ဖွံ့တွေ လုပ်အားနဲ့ မင်္ဂလာယူ၊ ကျောက်စာတိုင်မှာ ကြံ့ဖွံ့တံဆိပ် ကပ်ပြီး သူတို့စားရိတ်နဲ့ ခင်းသလိုလို လိမ်လှည်လှည့်ဖြားခဲ့တယ်။ အစိုးရပိုင် ငွေကြေး၊ အစိုးရပိုင် စက်ယန္တရားတွေ သုံးပြီး ကြံ့ဖွံ့က လုပ်အားလေး မဖြစ်စလောက် စိုက်ထုတ်ခဲ့တာကို သူတို့ကြောင့် လမ်းကောင်းသွားသလိုလို လုပ်ခဲ့တာ၊ ပိုဆိုးတာက ရပ်ကွက်မှာ တံတားဆောက်တာ၊ လမ်းဖောက်တာ ရွေးကောက်ပွဲ နီးမှ လုပ်တာပဲ။ ရပ်ကွက်ထဲက လူတွေကတော့ ရွေးကောက်ပွဲတွေ ခဏခဏ လုပ်ပေးစေချင်တယ်။ ဒါမှ လမ်းတွေ ကောင်းမှာလေ ...။
အဲဒီကြံ့ဖွံ့တွေက သူတို့ကို မဲမပေးတဲ့ ရပ်ကွက်ဆို မှတ်ထားတာ၊ သူတို့ ရှုံးခဲ့တဲ့နေရာတွေကို လမ်းဆက်မခင်းပေးတော့ဘူး။ တန်းလန်းကြီး ထားခဲ့တာပဲ။ စည်ပင်ကို သွားပြောတော့ တခြားစီမံကိန်းတွေ ရှိနေလို့ ခဏစောင့်ပါတဲ့။ သူတို့ခဏကတော့ သိကြတဲ့အတိုင်း သိပ်ကြောက်စရာကောင်းတယ်။ နိုင်ငံရေးလုပ်တဲ့လူကို အိမ်က ခဏဆိုပြီး ခေါ်သွားတာ ၁၀ နှစ်၊ ၁၅ နှစ်၊ ၂၀ နှစ်ကျော်မှ အိမ်ကို ပြန်ရောက်ခဲ့ကြတယ်လေ။ ဒီတော့ သူတို့ရဲ့ ခဏဆိုတာကြီးက ကြောက်စရာမကောင်းပေဘူးလား။
ထားပါတော့ ... ထားပါတော့။ အခုတဖန် ပြန်ရောက်လာပြန်ပြီ။ ကြားဖြတ်ရွေးကောက်ပွဲတဲ့။ ဧပြီ ၁ ရက်နေ့ ၂၀၁၂ မှာ လုပ်မယ်။ အော်တောင် အော်လိုက်ချင်တယ်။ “နောက်တခါ လာပြန်ပြီဟေ့” လို့။ ဟုတ်တယ်လေ ... ၂၀၁၀ တုန်းကလိုပဲ အနိုင်ကျင့်ခံရဦးမှာပဲလို့ ထင်မိနေတာကို ဒီတခါ အာဏာသုံးပြီး အနိုင်မကျင့်တော့ဘူးလို့ ပြောလည်း ဘယ်သူက ယုံမှာလဲ၊ ဘယ်သူက တာဝန်ယူမှာမို့လဲ။
ကြံ့ဖွံ့ရဲ့ အဓိကပြိုင်ဘက် NLD ပါတီရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ နှောက်ယှက်ပိတ်ဆို့ခြင်းနဲ့ ခြိမ်းခြောက်မှု၊ မတရားမှု၊ အနိုင်ကျင့်မှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေ တနေ့ထက်တနေ့ ဆိုးဆိုးလာတာကို မြင်နေရတယ်။ တည့်တည့်တမျိုး၊ သွယ်ဝိုက်ခြင်းတဖုံ ညစ်နည်းမျိုးစုံတွေ တွေ့မြင်ကြားသိလာရတော့လည်း လွတ်လပ်မျှတ သန့်ရှင်းတဲ့ ရွေးကောက်ပွဲဆိုတာကြီး ဖြစ်လာပါ့မလားလို့ စိုးရိမ်မိတယ်။ ယုံကြည်ရမှာတော့ ခပ်ခက်ခက်ပဲ။
ဖြစ်စဉ်တွေကို လေ့လာကြည့်တော့ မြိတ်မှာ ရှပ်ပြေးရေယာဉ် ငှားမရအောင် အာဏာပိုင်တွေက ရှပ်ပြေးရေယာဉ်ပိုင်ရှင်တွေကို ပြောင်ပြောင်တင်းတင်း တားမြစ်ခဲ့တယ်ဆိုတာ အဆိုးဆုံးပဲ။ မလုပ်သင့် မလုပ်ထိုက်ဘူးဆိုတာ မူလတန်းကျောင်းသားလေးတွေတောင် သိတယ်။ မိုက်တွင်းနက်လိုက်ပုံများ၊ NLD ဆိုတာ ပါတီတခုပါ။ ခွဲခြားခွဲခြား တားမြစ်လို့မှ မရတာ။ ဒါက ၂၀၁၂ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကို ကျူးလွန်တာလေ။ ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း (၁၃) မှာ ပြစ်မှု ၂၀ ပြဋ္ဌာန်းထားတယ်။
အဲဒီပြဋ္ဌာန်းချက်ရဲ့ အပိုဒ် (၁) မှာ ပုဂ္ဂိုလ်တဦးရဲ့ ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ အပိုဒ် (၃) မှာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးဦးကိုလည်းကောင်း၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တဦးဦးကို ခြိမ်းခြောက်ခြင်း။
အပိုဒ် (၅) မှာ - ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန် ရွေးကောက်ပွဲ ပျက်ပြားစေရန် စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်းတနည်းဖြင့် အားထုတ်ခြင်း (ဥပမာ - ငါးမင်းဆွေဆိုလား၊ နွားမင်းဆွေဆိုလား တိရစ္ဆာန်နာမည်နဲ့ သတ္တ၀ါက ပါတီဥက္ကဌတဦးကို အပုတ်ချတဲ့ စော်ကားတဲ့ စာတွေ ဖြန့်ဝေနေတာကို သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ဖမ်းဆီးခြင်းမရှိဘူး။ ရှင်းရှင်းလေးပါ၊ စေ့စေ့တွေး ရေးရေးပေါ် ဆိုတာလိုပေါ့)။
အပိုဒ် (၁၆) မှာ - ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဦးဦးကို ဆန္ဒမဲပေးခြင်း၊ မပြုနိုင်စေရန် နှောက်ယှက်ခြင်း၊ ယင်းပြုလုပ်မှုကို အားပေးကူညီခြင်း။
အဲဒီပြဋ္ဌာန်းချက်များဟာ ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မည်သူမဆို အာဏာပိုင် အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ရဲအရေးယူတဲ့ ပြစ်မှုဖြစ်လို့ ပြစ်မှုကျူးလွန်ပါက ပြစ်မှုကြောင်းအရ အရေးယူခံရမှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း တရားဥပဒေစိုးမိုးရေးကို လိုလားကြောင်း မတ် ၁ ရက် မိန့်ခွန်းမှာ ပြောသွားခဲ့ပြီးဖြစ်လို့ အခုလို အတင့်ရဲနေတဲ့ အာဏာပိုင်တွေကို ဘာကြောင့် အရေးမယူတာလဲလို့ မေးစရာရှိပါတယ်။
နေပြည်တော်လို နေရာမှာတောင် ခဲနဲ့ ပေါက်၊ လောက်လေးခွနဲ့ ပစ်တဲ့ ပြစ်မှုတွေ ကျူးလွန်နေတာ ဟန့်တားခြင်း၊ အရေးယူခြင်း၊ နောက်ကို ဒီလိုလုပ်ရင် ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေး ကြေညာခြင်းတွေ မတွေ့ရတာလည်း ထူးပေဆန်းပေသည်လို့ပဲ ပြောရမှာပဲ ဖြစ်တယ်လေ။ လူမှုရေးကပဲ ကြည့်ကြည့် မသင့်တော်တာ။ ဘာသာရေးအရလည်း မလျော်ကန်တာတွေ ရှိနေတယ်။ ဖမ်းမိတဲ့ လူတွေကို ဘယ်လိုအရေးယူတယ်ဆိုတာ မကြားရသေးတာမို့ ဖမ်းပို့တဲ့ လူတွေကတော့ ဥပဒေစိုးမိုးရေးကို ဘယ်လိုယုံကြမှာလဲ။
ပြဋ္ဌာန်းချက် အပိုဒ် (၄) မှာ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြုပြီး (မဲပေးရန် - မဲ မပေးရန်) ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း၊ ယင်းသို့ပြုရန် အားပေးလှုံ့ဆော်ခြင်းတွေကို တားမြစ်ထားခဲ့ပေမယ့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ကျောက်ခဲအင်းကျေးရွာက ကျောင်းထိုင်ဘုန်းကြီးကို ကြံ့ဖွံ့က လူတွေလာပြီး မီးစက်တလုံးနဲ့ ငွေ ၁၅ သိန်း လှူလိုက်တယ်၊ အဲဒီနောက်မှာတော့ အဲဒီဘုန်းကြီးက လော်စပီကာတပ်ပြီး NLD ကို ပုတ်ခတ်ဝေဖန်သတဲ့။ ရက်သတ္တတပတ်လုံး အော်နေတာကို တားမယ့်လူမရှိ ဖြစ်နေတာ၊ NLD က ဘာမှ လုပ်မပေးဘူးဆိုပြီး ရွာသားတွေကို စည်းရုံးနေတယ်။ ဒါမျိုးကျတော့ မဟန က မတားဘူး ခေါ်ပြီး အာဏာမပြဘူးနော်။
မြန်မာနိုင်ငံရဲ့ ပါတီစုံရွေးကောက်ပွဲတွေကို (၁) ၁၉၄၇ (၂) ၁၉၅၂ (၃) ၁၉၅၆ (၄) ၁၉၆၀ (၅) ၁၉၉၀ (၆) ၂၀၁၀ တွေမှာ ကျင်းပခဲ့တယ်။ အဲဒီလို ကျင်းပခဲ့တဲ့အထဲမှာ ကော်မရှင်ဥက္ကဌ ဦးဘဌေးနဲ့ အတွင်းရေးမှူး ဦးအေးမောင်တို့ ဦးဆောင်တဲ့ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေကို လွတ်လပ်တရားမျှတတယ်လို့ ကမ္ဘာက သုံးသပ်ခဲ့ကြပါတယ်။ သူတို့က နိုင်ငံရေးလောကကို ရှေ့မီနောက်မီ ကျင်လည်ဖြတ်သန်းခဲ့သူများဖြစ်လို့ ဆင်ခြင်မှု၊ သတိထားမှု၊ ဆောင်ရွက်မှုတွေ ကောင်းခဲ့ကြတာပေါ့။
ခုတော့ ရွေးကောက်ပွဲ နီးလာလေ ကောက်ကျစ်မှုတွေ များလာလေမို့ စိုးရိမ်မိတာ အမှန်ပါပဲ။ လွတ်လပ် သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တာ အမှန်ပါ။ လစ်လပ်တဲ့ နေရာက ၄၈ နေရာထဲပါ။ နေရာနည်းပေမယ့် လွတ်လပ်တယ်၊ သန့်ရှင်းတယ်၊ မျှတတယ်ဆိုတဲ့ သိက္ခာပိုင်းဆိုင်ရာလုပ်ရပ်ကို ကမ္ဘာက စောင့်ကြည့်နေတယ်။ အခုလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာလေးတောင် လွတ်လပ်ခြင်း၊ သန့်ရှင်းခြင်း၊ မျှတခြင်း မရှိဘူးဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲကျရင်လည်း လက်ရဲဇက်ရဲနဲ့ ပျော်ပျော်ကြီး ဆက်ညစ်ကြပေမှာ မလွဲမသွေပါပဲ။
၂၀၁၀ တုန်းက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အားလုံးအတွက် ၁,၁၅၄ နေရာ ရွေးချယ်ခဲ့ကြတယ်။ ကြံ့ဖွံ့က ၈၈၂ ဦး အနိုင်ရခဲ့တယ်။ အဲဒီ ၈၈၂ ဦးစလုံးက ရိုးသားမှု၊ မှန်ကန်မှုတွေနဲ့ အနိုင်ရခဲ့တာ ဟုတ်ရဲ့လားလို့ မေးလာရင် ဘယ်လိုဖြေမလဲ၊ ကဲ ... ဖြေရဲရင် ဖြေကြပေတော့။
အခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲစာရင်းတွေက ၂၀၁၀ မဲစာရင်းတွေကို အခြေခံတာတဲ့။ ခုချိန်မှာ နေရာတော်တော်များများ မဲစာရင်း မမှန်ကန်တာတွေ တွေ့လာရတယ်။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ဆို မှတ်ပုံတင် နံပါတ်တခုထဲနဲ့ လူ ၁,၀၀၀ ဖြစ်နေတယ်။ ရက်စက်ပါပေ့ကွယ် လုပ်ရက်လှချည်လား၊ တကယ့်မဖွယ်မရာကြီးပဲ။
ကျန်တဲ့ မြို့နယ်တွေမှာတော့ ရပ်ကွက်ထဲမှာ မနေသူတွေ၊ သေသွားတဲ့လူတွေ၊ အသက်မပြည့်သေးတဲ့လူတွေ မဲစာရင်းထဲ ပါနေပြီးတော့ ကြံ့ဖွံ့ စိတ်မချတဲ့လူတွေ ၁၈ နှစ်ပြည့်ပြီး စာရင်းမရှိ ဖြစ်နေတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိတယ်တဲ့။ ဒါပေမယ့် မဲစာရင်းမှာ မပါရင်တော့ အသက် ၈၀ ပြည့်တဲ့အထိ စောင့်ပေတော့။ ဘယ်နိုင်ငံမှာမှ မရှိဘူးတဲ့။ ဖြစ်ရပ်မျိုးစုံ ညစ်နည်းမျိုးပေါင်းစုံ၊ ကောက်ကျစ်မှုမျိုးစုံနဲ့ ကျော်ကြားနေတဲ့ ၂၀၁၂ ရွေးကောက်ပွဲကြီးကို သိကြားမင်း လေးခွကိုင်ပြီး သင်္ကြန်မတိုင်ခင် ဧပြီ ၁ ရက်မှာ ဆင်းစောင့်ပေးရင်တော့ ကောင်းမှာပေါ့နော်။ သန့်ရှင်းတဲ့ အစိုးရဆိုတာလည်း မမေ့ကြနဲ့ ...။
စိန်သံလုံး
2 comments:
မွန်လိုက်လေ ကိုစိန်သံလုံးရေ
ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသလိုပ
အလီဘာဘာအုပ်စုတွေသူငယ်တန်းစာမကျေခဲ့ဘူးထင်တယ်
ငယ်ငယ်ကသင်ရတာလေးတစ်ခု သတိရလိုက်လို့ပါ
ဘာတဲ့..... လဲနေသူ ထူပေးပါ... အားငယ်သူအားပေးပါ
ရေထဲကလူဆယ်ယူပါ..ဆိုတာလေးဘယ်လောက်ကောင်းသလဲ
ုအမှန်တွေပါပဲ... ဒီလို..အရှက်မရှိ..သိက်ခါမရှိ..တရားလက်လွတ်..ပြုမူနေကြတဲ့..လူတွေနဲ့...ဘယ်လို..တရားနည်းလမ်းကျကျ..ပြိုင်ကြမလဲ... (အရင်လူ..အရင်အကျင့်..တွေပဲ..လုပ်မှာပဲလေ..
ထပ်ပြီး..သွားယုံတာက..ကိုယ့်အပြစ်ပဲ..)
Post a Comment