ငြိမ်းချမ်းရေးလက်ဆောင် မန်းငြိမ်းမောင် မဲဆောက်သို့ ပြန်လည်ရောက်ရှိ
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်
နိုင်ငံတော်ပုန်ကန်မှုဖြင့် တသက်တကျွန်းပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသော KNU ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်သည် ယနေ့တွင် မိခင်အဖွဲ့အစည်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ယခုလ ၁၉ နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ နှစ်ကျွန်းပြန် ပဒိုမန်းငြိမ်းမောင်ကို ယနေ့တွင် မြန်မာအစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မိခင်အဖွဲ့အစည်းထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံ ကူးမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းခံရသည့် KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ယခုလ ၁၃ ရက်နေ့က မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နောက် ရက်သတ္တပတ်အတွင်း သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။
သိုက်ထွန်း (ခ) ပဒိုမန်းငြိမ်းမောင်သည် သားထူးဇော် အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် M073525 ကိုင်ဆောင်ပြီး ယမန်နှစ် ဇူလိုင်လကုန်ပိုင်းက တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှတဆင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာရာ လေဆိပ်တာဝန်ရှိသူများ၏ စစ်ဆေးမှုအရ ၎င်းကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်သည် လေဆိပ် လ၀က အထွက်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ကို တွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူ၍ မင်္ဂလာဒုံတရားရုံးသို့ တင်ပို့ခဲ့ရာ အပြစ်ရှိသည့်အတွက် တရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ် ၆ လ၊ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် ၆ လ၊ စုစုပေါင်း ၁ နှစ်ကို ယမန်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။
၎င်းကို ထပ်မံစစ်ဆေးချက်များအရ ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အဖွဲ့ဝင်နှင့် ခေါင်းဆောင်တဦးဖြစ်သောကြောင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ၊ နိုင်ငံတော်ပုံကန်မှုပုဒ်မ ... စသည့် စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ်ကို အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးက ယခုလ ၁၃ ရက် နေ့က ချမှတ်ခဲ့ပြီးနောက် ၁၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
မြန်မာအစိုးရနှင့် KNU တို့အကြား လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အထောက်အကူ ဖြစ်စေရန်အတွက် ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရခြင်းဖြစ်သည်ဟု ဦးအောင်မင်း ခေါင်းဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ပြောသည်။
ယနေ့ မဲဆောက်သို့ ပြန်လည်ရောက်ရှိလာသည့် ပဒိုမန်းငြိမ်းမောင် (ဓာတ်ပုံ - STT)
မြန်မာပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျနော်တို့ပေးထားတဲ့ ကတိအတိုင်း ပဒိုမန်းငြိမ်းမောင်ကို လာရောက်ပို့ဆောင်ပေးတာဖြစ်တယ်” ဟု သတင်းထောက်များကို မဲဆောက်တွင် ပြောကြားခဲ့ပြီး ယနေ့ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးခင်ရီ အပါအ၀င် အဖွဲ့ဝင် ၇ ဦး ပါရှိသည်။
KNU အဖွဲ့သည် လာမည့် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ခရီးစဉ်ရှိပြီး ယနေ့တွင် ဆွေးနွေးပွဲမတိုင်မီ အချို့အချက်အလက်များကို ကြိုတင်ညှိနှိုင်းရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ လာရောက်သည့်ခရီးစဉ်အတွင်း ပဒိုမန်းငြိမ်းမောင်ကို တပါတည်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် KNU အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ၉ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ လာမည့် ဧပြီလဆန်း ၂ ရက်နေ့တွင် စတင်ထွက်ခွာပြီး ၁၀ ရက်နေ့တွင် နယ်စပ်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကာ ၎င်းခရီးစဉ်အတွင်း ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သွားရောက်တွေ့ဆုံမည်ဖြစ်သည်။
ယနေ့ မိခင်အဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိလာသည့် ပဒိုမန်းငြိမ်းမောင်သည် မဆလခေတ် ၁၉၆၉ ခုနှစ်က နိုင်ငံရေးလှုပ်ရှားမှုကြောင့် တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်းခံရသူလည်းဖြစ်သည်။
ကိုကိုးကျွန်းအကျဉ်းစခန်းမှ အခြားအကျဉ်းသားနှစ်ဦးနှင့်အတူ လက်လုပ်လှေဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ကျွန်းနှင့် မိုင် ၂၅၀ အကွာရှိ မွန်ပြည်နယ် ရေးမြို့နယ် ကမ်းခြေရှိ ဒူးယားရွာသို့ ရောက်ရှိသွားသော်လည်း ဒူးယားရွာသူကြီးက နယ်မြေခံစစ်တပ်ကို အကြောင်းကြားခဲ့သဖြင့် အဖမ်းခံရကာ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီး ၁၉၇၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
အသက် ၇၀ အရွယ်ရှိ ပဒိုမန်းငြိမ်းမောင်သည် ဘ၀တသက်တာတွင် တသက်တကျွန်းပြစ်ဒဏ်ကို ၁၉၆၉ ခုနှစ်တွင် တကြိမ်၊၂၀၁၂ ခုနှစ် မတ် ၁၃ ရက်နေ့တွင် တကြိမ် ချမှတ်ခံရသူလည်းဖြစ်သည်။
2 comments:
မန်းငြိမ်းမောင်ကို ခင်ရီနဲ့အောင်မင်းလာပို့တာမြင်ရတော့ ဟောလီးဝုဒ်ကောင်းဘွိုင်ဇာတ်ကားလို မြင်ယောင်နေတယ်။
ခင်ရီ အောင်မင်းအဖွဲ့က မြင်းကိုယ်စီနဲ့ ဒုန်းစိုင်းပြီး တရားခံ မန်းငြိမ်းမောင်ကို စီးတဲ့မြင်းကို ညှပ်ပီး နယ်စပ်ဖြတ်လာ။ ကွင်းပြင်ရဲ့တဘက်မှာ ကေအန်ယူခေါင်းဆောင်တွေက မြင်းကိုယ်စီနဲ့ စောင့်နေ။ ၀ါး၂ရိုက်အကွာရောက်မှ ခင်ရီက မန်းငြိမ်းမောင်စီးတဲ့မြင်းကို တင်ပါးရိုက်ပီး ကေအန်ယူဘက် ကန်လွှတ်။ မန်းငြိမ်းမောင်က မြင်းပေါ်မှာ ခေါင်းငိုက်စိုက်နဲ့ပါသွား။ ကေအန်ယူကလဲ ပြုံရမလား-သေနတ်နဲ့ပစ်ရမလား မဝေခွဲနိုင်။….
တရားခံ မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်ဆိုရင် သူလာတဲ့ လေယာဉ်ပျံလမ်းကြောင်းနဲ့သာ ပြန်ပို့သင့်တာပေါ့။
ခုတော့ သူခိုးဂျပိုးတွေဖြတ်တဲ့ နောက်ဖေးဂိတ်ကနေ မန်းငြိမ်းမောင်ကို ပေါချောင်ကောင်း ပြန်ပို့သတဲ့။ ထားတော့။ ပြဿနာက ကေအန်ယူ။
ပြည်ထောင်စုအဆင့်ကို လက်မှတ်ထိုးရင် ကေအန်ယူကို စီးပွားရေးလုပ်ခွင့်လေးတွေနဲနဲ အီးနံပေးပီး နိုင်ငံရေးပါတီဖွဲ့ဘို့ သဘောတူရတော့မယ်။ နိုင်ငံရေးပါတီဖွဲ့ဘို့ သဘောတူရင် လက်နက်စွန့်ရတော့မယ်။ သိန်းစိန်အစိုးရလိုချင်တာ အဲလို လက်နက်စွန့်ပီး လွှတ်တော်ထဲရောက်မှာ ဘီလူးဆိုင်းတီးပီး နှိပ်စက်လို့ရမှာ။ တကဲ့ ဘေးကျပ်နံကျပ်။
နော်စီဖိုးရာစိန်အဖွဲ့ ရန်ကုန်သွားအုံးမတဲ့။ ရန်ကုန်ရောက်ရင် ဗိုလ်ထိန်မောင်အဖွဲ့လို အားကျမခံ ဒေါ်စုနဲ့တွေ့မယ်။ ပီးရင် ခရစ္စမတ်ကာလ ဆန်တာကလော့နဲ့တွဲ ဓါတ်ပုံအရိုက်ခံသလို ဒေါ်စုနဲ့ အရိုက်ခံမယ်။ အင်တာနက်တွေတင်မယ်။ ပီးရင်ပြန်။ ဒေါ်စုလဲ လေပဲအားပေးနိုင်။ ခရစ္စမတ်ကျော်ရင် ဆန်တာကလော့လဲမရှိတော့။ ကေအန်ယူဘာလုပ်မလဲ။
သိန်းစိန်အစိုးရနဲ့ ငြိမ်းလက်မှတ်ထိုးထားတဲ့အတွက် မဲဆောက်နိုင်ငံရေးကို လုပ်နေမယ်ဆိုရင်လဲ ကေအန်ယူသိက္ခာ နှစ်ပြားတောင်မရှိ။ လုပ်စရာနိုင်ငံရေးလဲ မဲဆောက်မှာမရှိတော့။
မြင်းပေါ်က ခင်ရီနဲ့အောင်မင်းကတော့ ဆေးပြင်းလိပ်တွေကိုယ်စီခဲ ဦးထုတ်ခပ်ငိုက်ငိုက်ဆောင်းထားရင်း မျက်လုံးတွေ စွေကြည့်နေလေရဲ့xxxxxxx
ရီတော့လဲရီရတယ်။
ဟိုတုံးကတော့ စစ်အစိုးရရန် ကြောက်လို့ မဲဆောက်ထွက်ပြေးလာကြသတဲ့။ ခုတော့ အောင်မင်းတို့ ခင်ရီတို့ မဲဆောက်ကို ချောင်းပေါက်အောင် အချိန်မရွေးလာနေသတဲ့။ ကြိုက်တဲ့ မြန်မာအတိုက်အခံအိမ်ကိုတောင် တံခါးခေါက်လာတွေ့နိုင်သလို ဖြစ်နေတယ်။ တွေ့နိုင်အောင်လဲ ကင်ပေတိုင်သတင်းပေးကောင်တွေက ဖန်တီးနေတယ်။
Post a Comment