Thursday, March 8, 2012

ဆင်းရဲတွင်းက တကယ်လွတ်စေချင်တာလား

ဆင်းရဲတွင်းက တကယ်လွတ်စေချင်တာလား
ဦးစိန်ကျော်လှိုင်

ပြီးခဲ့တဲ့ မေလထဲက အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် တင်ပြခဲ့တဲ့ စာတမ်းအမည်က မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး - လမ်းပြစာတမ်း ဖြစ်ပါတယ်။ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းပါ အကြံပေးချက်တွေနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

ဒီစာတမ်းဟာ ဦးမြင့် သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးဖြစ်လာပြီး ပထမဆုံးအကြိမ် တင်ပြတဲ့ စာတမ်းဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှာ စိတ်ဝင်တစား ဝေဖန်ဖတ်ရှုကြပါတယ်။

မြန်မာပြည်သူတွေ ဆင်းရဲတွင်းက လွတ်စေချင်ရင် ဘာတွေလုပ်ရမယ်ဆိုတဲ့ ဒေါက်တာဦးမြင့် အကြံပေးချက် အတော်များများက သမ္မတ အကြံပေးမဖြစ်ခင်က မြန်မာနိုင်ငံ စီးပွားရေး ဘယ်လိုပြုပြင်သင့်တယ်ဆိုတဲ့ ဦးမြင့်ရဲ့ အကြံပေးချက်စာတမ်းတွေထက် ပိုပြီး ပျော့ပြောင်းနေတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

ဆင်းရဲမှုလျော့ပါးရေး ကမ္ဘာ့ဘဏ်ရဲ့ သီဝရီကို ပြန်ကြည့်ရင် စီးပွားရေးတိုးတက်မှ ဆင်းရဲမှုလျော့ကျမယ်၊ စီးပွားရေးတိုးတက်မှုဆိုတာလည်း ဈေးကွက်စီးပွားရေးစစ်စစ်ဖြစ်မှသာ စီးပွားရေးတိုးတက်မှု ရနိုင်မယ် ဒါမှသာ ဆင်းရဲမှုလျော့ကျမယ် ဆိုတာကို စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန်က ထောက်ပြပါတယ်။

ဒေါက်တာမျိုးညွန့် ပြောတဲ့ ကမ္ဘာ့ဘဏ်သီဝရီအရဆိုရင် မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစစ်စစ် ဖြစ်ပလား ဆိုတာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး လက္ခဏာတွေနဲ့ တချက်မှ မကိုက်ညီတဲ့ပြင် ပုဂ္ဂလိကကဏ္ဍ ထွန်းကားပလားဆိုတော့လည်း အစိုးရနဲ့ ရင်းနှီးသူတွေသာ လက်သင့်ရာ စားတော်ခေါ်တဲ့ စီးပွားရေးအဆင့်သာ ရှိတယ်လို့ ဒေါက်တာမျိုးညွန့်က မြင်ပါတယ်။

“တဘက်က ဒေါက်တာဦးမြင့်လို စီးပွားရေးပညာရှင်တွေကို အကြံပေးရုံလောက်သာ ခန့်ထားပြီး တကယ်အကောင်အထည်ဖော်မယ့် စီးပွားရေးဝန်ကြီးဌာနတွေကျတော့ ဘာစီးပွားရေးမှ မတတ်တဲ့ စစ်ဗိုလ်လူထွက်တွေက ချုပ်ကိုင်ထားတဲ့ ဦးသိန်းစိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေ ဆင်းရဲတွင်းက လွတ်အောင် လုပ်ချင်စိတ် တကယ်ရှိသလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းပါခင်ဗျား။”

ဒါပေမယ့် ဒေါက်တာဦးမြင့် စာတမ်းမှာ ဆင်းရဲမှုလျော့ကျဖို့အတွက် ဈေးကွက်စီးပွားရေး စစ်စစ်ဖြစ်အောင် လုပ်ဖို့လိုတယ်၊ အဲသလို ဈေးကွက်စီးပွားရေးမျိုးဖြစ်ဖို့ ဘာတွေ လုပ်ဖို့လိုတယ်လို့ ဦးမြင့် ထောက်ပြရင် သမ္မတဦးသိန်းစိန်က လက်ခံပါ့မလား ဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဆင်းရဲမှုလျော့ကျရေး မဟာဗျူဟာအတွေးအမြင်ကဏ္ဍမှာ ကောင်းမွန်တဲ့ နိုင်ငံအဆင့် စီးပွားရေးစီမံခန့်ခွဲမှုမျိုး လိုတယ် ဆိုတာလောက်သာ ဒေါက်တာဦးမြင့်က ခံသာတဲ့ စကားလုံးမျိုးနဲ့ ထောက်ပြထားတာ တွေ့ရပါတယ်။

နောက်အရေးကြီးတဲ့အချက်က ဆင်းရဲမှုလျော့ကျရေးအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး လိုတယ်ဆိုတာကို ဦးမြင့်က သူစာတမ်းမှာ အသေးစိတ် အကြံပေးထားပေးထားပေမယ့် သမ္မတဦးသိန်းစိန် မိန့်ခွန်းပါ Good Governance ဆိုတဲ့ စကားအရာ စကားပမာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးမျိုးကို ဆိုလိုတာမဟုတ်ကြောင်း ပေါ်လွင်အောင် ရှင်းပြချင်ပုံရပေမယ့် ပညာရှင်စကားဆန်နေပါတယ်။ နိုင်ငံရေးပြောင်းဖို့လိုတယ် နိုင်ငံရေးတည်ငြိမ်ဖို့ အရေးကြီးတယ် ဆိုတဲ့အချက်ကို ရဲရဲတင်းတင်း အကြံပေးထားတာ မတွေ့ရပါဘူး။

ဒေါက်တာဦးမြင့် အကြံပေးချက်တွေထဲမှာ စစ်အစိုးရလက်ထက်ကရော ဦးသိန်းစိန်အစိုးရလက်ထက်ထိ အမွေခံထားတဲ့ အထူးစီမံကိန်းတွေကို ဆင်းရဲမှုလျာ့ကျရေးအတွက် အဓိက လုပ်ဆောင်ချက်များကဏ္ဍမှာ ဝေဖန်ထားတဲ့ စာပုဒ်တခုကတော့ အတော့်ကို စွန့်စားပြီး ဝေဖန်ထောက်ပြခဲ့တာဖြစ်ပါတယ်။ အခန့်မသင့်ရင် မင်းဒဏ်ပါ သင့်နိုင်တာမို့ ခုလောက် ထောက်ပြတာကို ချီးကျုးစရာဖြစ်ပါတယ်။


ဆည်မြောင်းတွေ ဘယ်နှစ်ခု ဖောက်ထားတာ ပြောနေသလို ကျေးလက်က ဆင်းရဲသားလယ်သမားဆီ ဆည်ရေတွေ ဘယ်လောက် ရောက်သလဲဆိုတာလဲ သိဖို့လိုပါတယ်။ ရေအားလျှပ်စစ်စက်ရုံတွေ ဘယ်နှစ်လုံးဆောက်ထားတယ် မဂ္ဂါဝပ်ဘယ်လောက်ထုတ်နိုင်တယ်ဆိုတဲ့ ကိန်းဂဏန်းတွေ ပြောနေသလို ဆင်းရဲသား အိမ်ထောင်စုဘယ်လောက် လျှပ်စစ်သုံးနိုင်ပြီ၊ လျှပ်စစ်ကြောင့် ကျေးရွာအသေးစားလုပ်ငန်းတွေ ဘယ်လောက်ထူထောင်နိုင်ပြီ ဆိုတာလည်း ဖော်ပြသင့်တယ်။ လမ်းတံတားတွေ ဘယ်လောက်ဖောက်ပြီးပြီ ဆိုတဲ့ သတင်းအပြင် ဒီလမ်းတံတားတွေဟာ နိုင်ငံထဲက ဆင်းရဲသားပြည်သူတွေဆီ ဘယ်လောက် အတိုင်းအတာ ထိရောက်သလဲဆိုတာ ဖော်ပြသင့်တယ်။ ဆေးရုံနဲ့ ကျောင်းတွေ ဘယ်လောက် ဆောက်ထားပြီးပြီ ဆိုတဲ့ သတင်းအပြင် ဒီဆေးရုံတွေ၊ ကျောင်းတွေကို ဆင်းရဲသားဘယ်လောက် ချဉ်းကပ်ခွင့်ရပြီလဲ ဆိုတာပါ ဖော်ပြသင့်တယ် ဆိုတဲ့ အချက်တွေကို ဒေါက်တာမောင်မြင့်က ရဲရဲဝံ့ဝံ့ ထောက်ပြထားပါတယ်။

တကယ်တော့ စစ်အစိုးရလက်ထက်ကနေ ဦးသိနိးစိန်အစိုးရထိ လက်ကိုင်ထားတဲ့ ပေါ်လစီက လမ်းတံတားတွေ ဘယ်နှစ်ခုပြီးသွားပြီ၊ ဆည်တွေ ဘယ်နှစ်ခုပြီးသွားပြီ ... စတဲ့ အချက်တွေသာ ဇောင်းပေးထားပြီး ဦးမြင့် အကြံပေးသလို ဒီလုပ်ငန်းတွေကို မြန်မာနိုင်ငံက ဆင်းရဲသူ ဘယ်လောက် အသုံးချခွင့်ရသလဲ ဆိုတဲ့အချက်ကို လစ်လျူရှုထားတာမို့ ဦးမြင့် အကြံပေးချက်နဲ့ အစိုးရပေါ်လစီက ပြဒါးတလမ်း သံတလမ်းလို ဖြစ်နေပါတယ်။

အစိုးရတည်ဆောက်ပြုပြင်လုပ်ငန်းတွေကို ဆင်းရဲသားဘယ်လောက် အသုံးချနိုင်သလဲ ဆိုတဲ့ ပေတံနဲ့ တိုင်းရင် အစိုးရ ဖုံးကွယ်ထားတဲ့ ပြည်သူတွေ လျှပ်စစ် လုံလုံလောက်လောက် မရတာတို့ ကျန်းမားရေး၊ ပညာရေးကို လစ်လျူရှုထားတာတို့ ဘူးပေါ်သလို ပေါ်တော့မှာမို့ ဦးမြင့် အကြံပေးချက်ကို ဦးသိန်းစိန်အစိုးရ လိုက်နာပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒါတွေ မလိုက်နာနိုင်ရင်လည်း ဆင်းရဲမှုလျော့ကျရေးလုပ်ငန်းမှာ နှောင့်နှေးသွားမှာ သေချာနေတာမို့ ဘယ်လိုပဲ အကြံပေးပေး အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာ မငြင်းနိုင်တဲ့အချက် ဖြစ်ပါတယ်။

ဆင်းရဲမှုလျောချရေးမှာ အရေးပါတဲ့ ကျန်းမာရေး၊ ပညာရေးကို စစ်အစိုးရ ဘယ်လောက် ပစ်ပယ်ထားခဲ့သလဲ ဆိုတာကိုလည်း ဒေါက်တာမျိုးညွန့်က ရှင်းပြပါတယ်။

မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့က ကောက်ယူတဲ့ ၂၀၀၂ ခု စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ သာမန်မိသားစု တခုအနေနဲ့ စုစုပေါင်းသုံးစွဲမှုစရိတ်ရဲ့ ၇၀ % ကျော်ကို အစားအစာအတွက် သုံးနေရတယ်၊ အစားအစာအတွက် သုံးတဲ့စရိတ်ရဲ့ ၅ ပုံတပုံကို ဆန်အတွက် သုံးနေရတယ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အစားအစာအတွက် သုံးရတဲ့ စရိတ်အချိုးအစား မြန်မာက အများဆုံးဖြစ်နေတာဟာ ၀င်ငွေနည်းတာ ပြနေတယ်။ ဒါကြောင့် ဆန်ကို အဓိက တင်ပို့တဲ့နိုင်ငံဖြစ်အောင် ပြန်လုပ်သင့်တယ်လို့ အသေးစိတ် အကြံပေးထားပါတယ်။

တဘက်က ဒေါက်တာဦးမြင့်လို စီးပွားရေးပညာရှင်တွေကို အကြံပေးရုံလောက်သာ ခန့်ထားပြီး တကယ်အကောင်အထည်ဖော်မယ့် စီးပွားရေးဝန်ကြီးဌာနတွေကျတော့ ဘာစီးပွားရေးမှ မတတ်တဲ့ စစ်ဗိုလ်လူထွက်တွေက ချုပ်ကိုင်ထားတဲ့ ဦးသိန်းစိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေ ဆင်းရဲတွင်းက လွတ်အောင် လုပ်ချင်စိတ် တကယ်ရှိသလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းပါခင်ဗျား။

(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင် သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

(Vicky Mandra's Facebook မှ ...)

No comments: