Saturday, March 3, 2012

အုန်းဖျန်ဒုက္ခသည်စခန်းမှ မီးဘေးဒုက္ခသည်တွေ အကူအညီ လုံလောက်စွာ မရ

အုန်းဖျန်ဒုက္ခသည်စခန်းမှ မီးဘေးဒုက္ခသည်တွေ အကူအညီ လုံလောက်စွာ မရ
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း(အင်းစိန်)
မတ်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်

လွန်ခဲ့တဲ့ ၁၀ ရက်က လောင်တဲ့ မီးကြောင့် မီးဘေးဒုက္ခသည်တွေဖြစ်နေရတဲ့ ထိုင်း-မြန်မာနယ်စပ် ဖို့ဖတ်မြို့နယ် အုန်းဖျန်ဒုက္ခသည်စခန်းက ထပ်ဆင့်ဒုက္ခသည် ၄,၀၀၀ လောက်ဟာ ဒီနေ့အထိ လိုအပ်တဲ့ အကူအညီတွေ အနည်းအကျဉ်းသာ ရရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေက ပြောနေကြပါတယ်။

အမြဲတမ်းအေးတဲ့ အရပ်မို့ အအေးဒဏ်နဲ့ လေဒဏ်ကို ရင်ဆိုင်နေရပါတယ်။ UNHCR နဲ့ အခြားအစိုးရမဟုတ်တဲ့ အဖွဲ့တွေက စားနပ်ရိက္ခာတွေ ပေးပေမယ့် နေရာထိုင်ခင်းနဲ့ အမိုးအကာမရှိတဲ့အတွက် ဖြစ်သလို နေကြရပါတယ်။ လက်ရှိမှာ UNHCR က တအိမ်ထောင်ကို မိုးရောကာဖျင် တခုပဲပေးတဲ့အတွက် မိသားစုအလိုက် ဖြစ်သလိုပဲ အိပ်ကြရလို့ အခု နေထိုင်မကောင်းဖြစ်တဲ့လူတွေ များလာတယ်လို့လည်း ပြောကြပါတယ်။

မနေ့ကတော့ မြန်မာနိုင်ငံသားဒုက္ခသည်တွေအတွက်ဆိုပြီး ကရင်ပြည်နယ်အစိုးရ၀န်ကြီးချုပ် ဦးဇော်မင်းက (ပြည်နယ်အစိုးရကိုယ်စား) မြန်မာကျပ်ငွေသိန်း ၃၀ နဲ့ ဆန်အိတ် ၁၀၀ ပေးပို့ခဲ့တယ်လို့ ဒေသခံ ထိုင်းအုပ်ချုပ်ရေးအဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကတော့ ဓာတ်ပုံထဲကအတိုင်းပဲလို့ ဒုက္ခသည်တွေက ရင်ဖွင့်နေကြပါတယ်။

ဒုက္ခသည်အများစု ပြောတာကတော့ အရင်ကဆိုရင် မြန်မာဘက်က ဒုက္ခသည်စခန်းတွေကို လာရောက် ပစ်ခတ်မီးရှို့မှုတွေ လုပ်နေရာကနေ နှစ် ၃၀ ကျော် ဒုက္ခသည်သမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ အခုလို အကူအညီပေးတဲ့အတွက် မြန်မာဘက်က အကျိုးလိုလို့ ညောင်ရေလောင်းတာလို့ပဲ ယူဆနေကြပြီး မကြာခင်မှာ မြန်မာနဲ့ထိုင်း ပေါင်းပြီး မြန်မာဒုက္ခသည်တွေကို အတင်းအကျပ် ပြန်ပို့နိုင်တယ်လို့လည်း ဒုက္ခသည်တွေက စိုးရိမ်နေကြပါတယ်။

No comments: