ကိုယ်လို ကိုယ်လုပ်
မောင်မောင်ဘု
၂၀၁၂ မတ်လ ၁၄ ရက်နေ့တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌမှ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်မှ NLD ပါတီရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်နဲ့ သဘောထားများကို ဟောပြောခဲ့ပါတယ်။ ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရပါမယ်ဆိုပြီး နိုင်ငံငြိမ်းချမ်းရေးအတွက် တင်ပြသွားပါတယ်။
ပြည်ထောင်စုစစ်စစ် ဆိုသည်ကို လူတိုင်း နားလည်လိမ့်မယ်လို့မထင်။ အခုလို နှစ်ပေါင်းများစွာ နိုင်ငံရေးနဲ့ ကင်းကွာပြီး ထမင်းနပ်မှန်အောင်ကြိုးစားနေရတဲ့ လူတန်းစားတွေက ပိုများနေတဲ့အတွက် ဒီလောက် ကြီးမားတဲ့အရေးကို နားမလည်တာ အပြစ်လို့မထင်ပါ။ အခုချိန်ဟာ ကံကောင်းထောက်မစွာနဲ့ Myanmarnization ပြိုကွဲပြီး တိုင်းရင်းသားအရေးကို ဦးစားပေးလာတဲ့ အနေအထားရောက်လာပါပြီ။ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ရမယ်ဆိုတော့ အခု ပြည်ထောင်စုက မစစ်တာ သေချာနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မဲပေးလိုက်တာနဲ့ ကိစ္စတွေ ပြီးသွားတာမဟုတ်ဘဲ ရှေ့ဆက်ရမယ့်ခရီးက အများကြီး ရှိသေးတယ်ဆိုတာ ပြည်သူတွေ သိလာကြပါပြီ။
ဘုံဦးတည်ချက်ကို လူတိုင်း လက်ခံနိုင်မယ် ထင်ပါသလား။ တိုင်းရင်းသားတွေ စုစည်းပြီးမှ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်တယ်ဆိုတာ နိုင်ငံသားတိုင်း လက်ခံလာမှသာ ဘုံဦးတည်ချက်က ပေါ်ထွန်းလာမှာပါ။
အရေးကြီးတာက လွှတ်တော်မှာ အခြေခံဥပဒေအရဆိုပြီး ၀င်ထိုင်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကော ဘုံဦးတည်ချက်ကို သဘောတူမည်လော။ တပ်မတော်က ဗီတို (Veto) အာဏာလို ပိုင်ဆိုင်ထားတဲ့ ၂၅ ရာခိုင်နှုန်းကြောင့် အခြေခံဥပဒေကို ပြင်ဆင်လို့ ဖြစ်နိုင်ပါမည်လော။ ၁၉၆၂ မှ အခုအချိန်အထိ တပ်မတော်မှ နိုင်ငံနဲ့ ပြည်သူအပေါ် သဘောထားကြီးမားစွာ ထားခဲ့တဲ့ သာဓကတွေ ရှားခဲ့တဲ့အတွက် အတော်ခက်ခဲမယ့် အနေအထားလို့ ဆိုရပါမယ်။
အနာဂတ် နိုင်ငံရေးဦးဆောင်မှုကို ပိုင်ဆိုင်ထားတဲ့ တပ်မတော်က အလျှော့ပေး ဆက်ဆံလာပါမှ အခြေအနေကောင်းတွေ ပေါ်ထွက်လာနိုင်မယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကိုကော စစ်မှန်တဲ့ ဒီမိုကရေစီအဖြစ် သူတို့် ပြောင်းလဲပေးနိုင်မည်လော။
ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ စောင့်ကြည့်နေတယ်။ ငြိမ်နေတယ်။ အတော်ကောင်းတဲ့ အနေအထားလို့ ဆိုရမယ်။ အချိန်တန်လို့ လှုပ်ရှားမှုတွေဖြစ်လာရင် တပ်မတော်မှ အာဏာသိမ်းတဲ့ စနစ်ဆိုးဆီ ပြန်မရောက်ဖို့သာ ဆုတောင်းရလိမ့်မယ်။
ရတဲ့နေရာလေးတွေကနေ စတင်လှုပ်ရှားလာတဲ့ ၉၀ ရွေးကောက်ပွဲနိုင် တကျော့ပြန် NLD က တပ်မတော်ကို စည်းရုံးနိုင်မလား။ တပ်မတော်ကပဲ သဘောထားကြီးစွာနဲ့ မိမိ မူလတာဝန်များကို ပြန်ယူပြီး ဦးဆောင်မှုအနေအထားမှ ဆုတ်ခွာပေးမလားဆိုတာ စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။
နိုင်ငံရေးကစားကွက်တွေကို ကစားနေကြတဲ့ ဦးဆောင်သူတွေမှ ဘုံဦးတည်ချက် တူသွားတဲ့ နေ့မှာတော့ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းလာမယ်လို့ ထင်ကြပါသလား။ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသားတွေ စုစည်းပြီး လက်ရှိအစိုးရကိုရော နောင်အစိုးရများကိုပါ ဖိအားပေး ဆန္ဒပြကြမှသာလျှင် အောင်မြင်မယ်လို့ ထင်ပါတယ်။
ဒါကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံးမှ ဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေးအခြေအနေများကို မျက်ခြည်ပြတ်မခံဘဲ နိုင်ငံရေးရာများကို လူတစုလက်ထဲ လွှဲအပ်မထားဘဲ မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြပါမှ အောင်ပွဲကြီးရပါလိမ့်မယ်။
သို့မဟုတ်ပါက ...
လစာလေး တိုးလိုက် ပျော်လိုက်။
ဖုန်းကြေးလေး ချပေးလိုက် ၀ယ်လိုက်။
ပါတီတွေက အာဘောင်အာရင်းသန်သန် ပြောနေတာကို ငေးပြီး နားထောင်လိုက်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး ရပြီဆိုပြီး ပျော်လိုက်။
ခဏနေရင် တဒိုင်းဒိုင်းအသံတွေ ကြားပြီး ဒုက္ခသည် ပြန်ဖြစ်လိုက်။
ဒေါ်အောင်ဆန်းစုကြည်ကို တန်ခိုးရှင်ကြီးလို ထင်ပြီး အားကိုးလိုက်။
သမ္မတကြီးက အရမ်းတော်တယ်ဆိုပြီး ချီးမွမ်းလိုက်။
ဒီလို ဒီလိုနဲ့ လုံးပါးပါးသွားမယ်။
ကလေးအမေ အရူးမတယောက်ကို တွေ့ဖူးတယ်။ ကလေးလေး ပေးမလားဆိုပြီး လူတွေက စကြတာပေါ့။ သူ ဘာပြန်ပြောလဲ သိလား။ “ကိုယ်လို ကိုယ်လုပ်” တဲ့။
ဒါပါပဲ။ ကိုယ်ရောက်ချင်တဲ့ အနေအထားတွေကို ကိုယ်သာ ဖန်တီးရပါမယ်။ တပ်မတော်လည်း အားမကိုးနဲ့။ ဖွဲ့စည်းပုံထဲမှ အကျဉ်းကျခံနေရပြီ။ ပါတီတွေလည်း အားမကိုးနဲ့။ သူတို့မှာ လှုပ်သာလူးသာတောင် မရှိကြ။
ဒါကြောင့် အားလုံးကို ပိတ်လှောင်ထားတဲ့ ယခု အခြေခံဥပဒေကြီးကို ဘုံဦးတည်ချက်ဆိုတဲ့ လက်နက်နဲ့သာ ပြောင်းလဲနိုင်ပြီး အမြန်ဆုံးနောက် ၁၀ နှစ်လောက် ကြာပြီးမှသာ တိုင်းရင်းသားပြည်သူတွေ အားလုံး ပြုံးပျော်နိုင်လိမ့်မယ်။
အေးလေ ... ကိုယ့်အချုပ်အနှောင်ကို ကိုယ်တောင် မဖြည်နိုင်ရင်တော့ သမိုင်းအမှားထဲမှာ တ၀ဲလည်လည် ဖြစ်နေပြီး လမ်းပျောက်နေကြမှာပဲ။ အားလုံးပေါင်းပြီး ကြိုးစားပါမှ မှန်ကန်တဲ့သမိုင်း ရေးနိုင်ကြလိမ့်မယ်။ နိုင်ငံသားအားလုံး နိုင်ငံရေး လေ့လာကြပါလို့ ဆန္ဒပြုရင်း ...။
မောင်မောင်ဘု
၁၉-၃-၂၀၁၂
2 comments:
အင်း...ဆရာကြီးလေသံနဲ့, သောက်ရူး.. ဟီး..နောက်တာပါ။ ရေးချင်တာရေး....ရေးချင်တာရေး
ဟိုလိုလုပ်ပါလား ... ဒီလိုလုပ်ပါလား
Post a Comment