Tuesday, March 20, 2012

ချောင်းသာနှစ်ခေါက် ... ရေဝေးနှစ်ခေါက်

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၈)
ချောင်းသာနှစ်ခေါက် ... ရေဝေးနှစ်ခေါက်
ဒေါက်တာလွဏ်းဆွေ

အစီအစဉ်မရှိပါဘဲ မတ်လ ၁၅ ရက် စနေနေ့ မနက်က အတန်းတူ ဆရာဝန်သူငယ်ချင်းရဲ့ ဖိတ်ခေါ်မှုနဲ့ သူနေထိုင်ရာ မြောင်းမြမြို့ကို အလည်အပတ် လိုက်သွားဖြစ်တယ်။ အလုပ်အားလို့ရယ်မဟုတ်၊ အလုပ်တွေကို ခဏထားခဲ့ပြီး လိုက်သွားခဲ့တာပါ။ ဘင်ကားတစီးနဲ့ ကျနော်တို့သူငယ်ချင်းနှစ်ယောက် ခရီးထွက်ခဲ့ကြတာပါ။ သူက မောင်း၊ ကျနော်က ဘေးက ထိုင် …။ ပြောမနာဆိုမနာ သူငယ်ချင်းအရင်းခေါက်ခေါက်တွေမို့ နှစ်ယောက်သား ပြောချင်ရာပြော၊ ဆိုချင်ရာဆို။ သူက စာမရေးသော်လည်း စာပေ၀ါသနာပါပြီး စာဖတ်နာသူမို့ ပြောစရာစကားတွေက မကုန်နိုင်မခန်းနိုင်။ အဲဒီလိုနဲ့ ကားလေး တငြိမ့်ငြိမ့်မှာ စိတ်တွေ လွတ်လပ်ပေါ့ပါးနေမိတယ်။ ပျော်ရွှင်လန်းဆန်းနေမိတယ်။

ညနေစောင်း မြောင်းမြကို ရောက်တော့ သူက အချိန်ရသေးလားတဲ့၊ ရသေးရင် မနက်ဖြန် ချောင်းသာကို အပန်းဖြေသွားရအောင်တဲ့၊ အဖော်ထပ်ညှိတယ်။ မတ်လ ၁၇ ရက် တနင်္လာနေ့က တပေါင်းလပြည့်နေ့ အလုပ်ပိတ်ရက်ဖြစ်တာကို စဉ်းစားမိပြီး ချောင်းသာကို မရောက်ဖူးသေးတဲ့ ကျနော် ခေါင်းညိတ်လိုက်မိတယ်။ ဒါနဲ့ပဲ မတ်လ ၁၆ ရက် တနင်္ဂနွေနေ့ မနက်မှာ အစီအစဉ်မရှိပါဘဲ သူငယ်ချင်းရဲ့ ကောင်းမှုနဲ့ ချောင်းသာကို အပန်းဖြေခရီးထွက်ဖြစ်ခဲ့ပြန်တယ်။

ကျနော်တို့နှစ်ယောက် ချောင်းသာကို ရောက်တော့ ညနေစောင်းပြီ။ ပိတ်ရက်မို့ ဟိုတယ်တွေမှာ ဧည့်သည်တွေ အပြည့်၊ တည်းခိုခန်းတခုကိုပဲ မရမက ရှာပြီး တည်းလိုက်ရတယ်။ အခန်းရရချင်းပဲ အိတ်တွေထားခဲ့ကြပြီး ကျနော်တို့နှစ်ယောက် ကားနဲ့ သောင်ပြင်ဆီ လာခဲ့ကြတယ်။ သောင်ပြင်ပေါ် ခြေချချချင်းမှာပဲ ပင်လယ်ပြင်ကို မျက်နှာမူပြီး အသက်ကို ၀၀ရှူလိုက်ကြတယ်။ ပေါ့ပါးလန်းဆန်းသွားတယ်။ ကမ်းစပ်ကို လှိုင်းခေါင်းဖြူတွေ ရိုက်ခတ်သံက တ၀ုန်းဝုန်း …၊ လှိုင်းခေါင်းဖြူတွေကြားထဲ ရေချိုး၊ လှိုင်းစီးနေသူတွေက တရုန်းရုန်း …။ သောင်ပြင်ကျယ်ကြီးပေါ်မှာတော့ စက်ဘီးစီးသူ၊ နွားလှည်းစီးသူ၊ မြင်းစီးသူ၊ ဘောလုံးကန်သူ၊ ပင်လယ်လေ ထိုင်ရှူနေသူ၊ နေ၀င်ချိန်ကို ငေးကြည့်သူ၊ အုန်းရည်သောက်သူ၊ ယမကာမှီဝဲသူ … စသည်ဖြင့် အပန်းဖြေနည်းအဖုံဖုံ၊ လူတွေက အရောင်စုံ …။

ကျနော်တို့နှစ်ယောက်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်လွတ်လပ်လပ် အပန်းဖြေလိုက်ကြတယ်။ လွတ်လပ်ပေါ့ပါးမှု၊ ပျော်ရွှင်လန်းဆန်းမှုတွေနဲ့အတူ တနင်္လာနေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ ချောင်းသာကနေ ပြန်ထွက်လာခဲ့ကြတယ်။ ရွှေမြင်တင် ဇက်ဆိပ်ရောက်တော့ ဟိုဘက်ကမ်းကူးဖို့ စောင့်နေတဲ့ ကားတန်းကြီးက တမျှော်တခေါ် …၊ ဇက်က တစင်းတည်း …။ စုံစမ်းကြည့်တော့ ကျနော်တို့ကားက ညနေမိုးချုပ်ခါနီးလောက်မှ ကူးရဖို့ရှိတယ်။ သူငယ်ချင်းက စောင့်ရမှာကို စိတ်မရှည်။ ချောင်းသာကို ပြန်မောင်းသွားပြီး မနက်စောစောမှ ထပြန်ရအောင်လို့ ပြောတယ်။ ကျနော်က ခေါင်းအညိတ်၊ ကားကို ပြန်ကွေ့ပြီး ချောင်းသာကမ်းခြေဆီ ပြန်မောင်းခဲ့တယ်။ ဒီလိုနဲ့ ချောင်းသာကို ဒုတိယအခေါက် ပြန်ရောက်ပြီး ဒုတိယအကြိမ် အပန်းဖြေလိုက်ကြပြန်တယ်။ ကျနော့်အနေနဲ့ အစီအစဉ်မရှိဘဲ ခရီးထွက်ဖြစ်ခဲ့ခြင်းဖြစ်ပြီး တရက်အတိုင်းအတာ ၂၄ နာရီအတွင်း ချောင်းသာကို အပန်းဖြေခရီး နှစ်ခေါက် ရောက်ဖြစ်ခဲ့တာဟာ ပျော်ရွှင်ကျေနပ်စရာပါပဲ။

*******

ချောင်းသာက ပြန်ရောက်ပြီး ၅ ရက်အကြာ စနေနေ့ နေ့လည်မှာ သူငယ်ချင်းဆရာဝန်တယောက်က နာရေးသတင်းတခုကို ဖုန်းဆက်ပြောပြီး လိုက်ပို့မယ်ဆိုရင် သူ့ကုမ္ပဏီရုံးခန်းကို ညနေ ၃ နာရီ အရောက်လာဖို့ မှာတယ်။ နာရေးရှင်က လူရင်းတွေဖြစ်နေတာမို့ ကျနော်က လိုက်ပို့ချင်မိတယ်။ အဲဒါနဲ့ စီစဉ်ထားတဲ့ အလုပ်တွေ ခဏထားခဲ့ပြီး ရေဝေးကို လိုက်ပို့ဖြစ်ခဲ့တယ်။ ကာယကံရှင်တွေရဲ့ ပူဆွေးသောကဖြစ်မှုတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ရေဝေးက ပြန်ရောက်တော့ ညနေ ၅ နာရီ …။

နောက်တနေ့ တနင်္ဂနွေနေ့ မနက်မှာတော့ ပထမ စီစဉ်ထားတာက လှည်းကူးနားက မရမ်းချောင်း အနာကြီးရောဂါသည်စခန်းရဲ့ စုပေါင်းရှင်ပြုပွဲကို သွားဖို့ပါ။ ဒါပေမယ့် မမျှော်လင့်ဘဲ သတင်းစာမှာ နွယ်နီမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာနတ်နွယ်ရဲ့သမီး ဆုံးပါးသွားတဲ့ နာရေးသတင်းကို ဖတ်လိုက်ရတယ်။ ဆရာနတ်နွယ်က ကျနော်တို့ ကြည်ညိုလေးစားရတဲ့သူ။ မနှစ်တုန်းကလည်း ဆရာ့ရဲ့သားတယောက်နဲ့ ချွေးမ ဆုံးပါးခဲ့ရတယ်။ ဆရာနတ်နွယ်ရဲ့အပူကို ကိုယ့်အပူလိုပင် မျှဝေခံစားလိုက်ရတယ်။ နာရေးက တနင်္ဂနွေနေ့ မနက် ၉ နာရီခွဲမှာ ရေဝေးကိုပဲ လိုက်ပို့ရမှာပါ။ အဲဒါနဲ့ မရမ်းချောင်း သာရေးခရီးသွားဖို့ အစီအစဉ်ကို ဖျက်ပြီး နာရေးကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်မိတယ်။

တနင်္ဂနွေနေ့ မနက် ၇ နာရီလောက်ကျတော့ ဖုန်းတခု ၀င်လာတယ်။ ဆရာချစ်စံဝင်းရဲ့အသံ။ ဆရာတို့ (ကျနော်၊ ဆရာအောင်ဝေးနဲ့ ဆရာဝင်းသူရ) မရမ်းချောင်းကို လိုက်ဦးမလားတဲ့။ ကားမှာ လူစုံနေပြီ။ လိုက်မယ်ဆို စောင့်နေပါမယ်တဲ့။ ကားထွက်တော့မယ့်ဆဲဆဲ ဖုန်းလှမ်းဆက်တာဖြစ်တယ်။ ကျနော်က ဆရာနတ်နွယ်ရဲ့ သမီးနာရေးကို သွားပို့ချင်လို့ မလိုက်ဖြစ်တော့တာ အားနာတဲ့အကြောင်း ပြန်ပြောမိတယ်။ ဆရာမောင်သွေးသစ်ကပါ ဖုန်းဝင်ကိုင်ပြီး ထပ်မေးတယ်။ ဘာလို့ မလိုက်ဖြစ်ကြတာလဲတဲ့။ အောင်ဝေးရောတဲ့။ ကျနော်က ကျနော်နဲ့ ဆရာအောင်ဝေးတို့ ဆရာနတ်နွယ်ရဲ့ သမီးနာရေးကို လိုက်ပို့ချင်လို့ မလိုက်ဖြစ်တော့တာဖြစ်ကြောင်း အားနာနာနဲ့ ပြန်ဖြေလိုက်မိတယ်။ ဆရာချစ်စံဝင်းနဲ့ ဆရာမောင်သွေးသစ်တို့လည်း စီစဉ်ပြီးသား ခရီးစဉ်ဖြစ်လို့ လိုက်စေချင်လို့ မကျန်ခဲ့အောင် တကူးတက ဖုန်းဆက်မေးတာဖြစ်မယ်။ ဒါပေမယ့် ကျနော်တို့စိတ်ကလည်း နာရေးကိုပဲ လိုက်ပို့ဖို့ အားသန်နေမိတယ်။

အဲဒါနဲ့ မြောက်ဥက္ကလာကားစီးပြီး မနက် ၉ နာရီခွဲလောက်မှာ ဆရာနတ်နွယ်ရဲ့အိမ်ကို ရောက်သွားတယ်။ ဆရာနတ်နွယ်အိမ်က ထွက်တဲ့ ကားတွေနဲ့ ရေဝေးကို လိုက်ခဲ့တယ်။ ရေဝေးရောက်တော့ ဆရာနတ်နွယ်နဲ့ မိသားစုတွေရဲ့ အပူသောကတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ဆရာက ကျနော်တို့ စာပေသမားတွေရှိရာဆီ လာပြီး နှုတ်ဆက်တယ်။ ကျေးဇူးတင်ကြောင်း ပြောတယ်။ အေးစက်ပျော့ပျောင်းတဲ့ ဆရာ့လက်ကို ဆုပ်ကိုင်အားပေးရင်း အဖြစ်အပျက်ကို ဆရာက ကြေကြေကွဲကွဲ ပြောပြတာ နားထောင်နေမိတယ်။ ရေဝေးက အပြန်မှာ အစီအစဉ်မရှိဘဲ တရက်အတိုင်းအတာ ၂၄ နာရီအတွင်း နာရေးနှစ်ခုကို လိုက်ပို့ဖြစ်တာအပေါ် ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်ဖြစ်မိတယ်။ နာရေးလိုက်ပို့တာဟာ ကျန်ရစ်သူမိသားစုနဲ့ ဆွေမျိုးသားချင်းတွေအပေါ် စိတ်ဓာတ်ရေးရာအရ အားပေးခွင့်ရတာပဲမဟုတ်လား။

*******

အစီအစဉ်မရှိဘဲ ချောင်းသာနှစ်ခေါက်၊ ရေဝေးနှစ်ခေါက် ရောက်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘ၀မှာ တခါတခါ စီစဉ်ပြီး လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တာတွေ ရှိသလို စီစဉ်မထားတာတွေလည်း မမျှော်လင့်ဘဲ ဖြစ်ချင်ဖြစ်လာတတ်တဲ့ သဘောသဘာဝတွေကို တွေးနေမိတယ်။ ၂၄ နာရီဆိုတဲ့ တရက်အတိုင်းအတာ အချိန်ကာလနှစ်ခုအတွင်းမှာ အပန်းဖြေခရီးဖြစ်တဲ့ ချောင်းသာကို နှစ်ခေါက်ရောက်ခဲ့ရလို့ ပျော်ရွှင်ကျေနပ်ရသလို နာရေးခရီးဖြစ်တဲ့ ရေဝေးကို နှစ်ခေါက်လိုက်ပို့လိုက်ရတဲ့အတွက်လည်း အားရကျေနပ်မှုဖြစ်ရတယ်။ အဓိက,ကတော့ ဘ၀မှာ စီစဉ်ထားတာတွေကိုပဲ လုပ်ရလုပ်ရ၊ မစီစဉ်ဘဲ ဖြစ်လာတာတွေကိုပဲ လုပ်ရလုပ်ရ ကိုယ်လုပ်ဖြစ်လိုက်တဲ့ အရာတွေအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုရဖို့ပါပဲ။ အဲဒီလို ပျော်ရွှင်တခါ၊ ၀မ်းနည်းတလှည့် ခရီးတွေကို နောင်တမရ၊ နောက်ဆံမတင်းဘဲ ကျေနပ်မှုရအောင် ဖြတ်သန်းခွင့်ရတာဟာ ဘ၀ရဲ့အရသာပဲလို့လည်း မှတ်ယူနေမိတော့တယ်။ ။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၂၀၀၃ ခုနှစ်)

No comments: