Saturday, March 10, 2012

တက်ကျမ်းနှင့် လက်တွေ့

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၇)
တက်ကျမ်းနှင့် လက်တွေ့
ဒေါက်တာလွဏ်းဆွေ

လူအဖြစ် အသက်ရှင်ခွင့်ရတုန်းရခိုက်တွင် မည်သူမဆို ဒုက္ခဆိုးကျိုးနှင့် မကြုံတွေ့လိုဘဲ သုခချမ်းသာကိုသာ ခံစား၊ စံစားလိုကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ကြီးပွားချမ်းသာလိုသည်၊ အောင်မြင်ကျော်ကြားလိုသည်၊ ဂုဏ်အရှိန်အ၀ါ မြင့်သည်ထက်မြင့်မားလိုသည် … စသည့် လိုအင်ဆန္ဒများသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ လူသားအားလုံး၏ စိတ်ထဲတွင် တညီတညွတ်တည်း ရှိနေကြမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လူတဦးနှင့်တဦး ဘ၀ပေးအခြေအနေ၊ ကြီးပြင်းရာ ၀န်းကျင်အသိုင်းအ၀ိုင်း၊ ပညာအရည်အချင်း၊ အတွေးအခေါ် စိတ်ကူးစိတ်သန်းတို့ မတူညီကြသည့်အတွက် ဆင်းရဲချမ်းသာ၊ ဂုဏ်ရှိန်နိမ့်မြင့်၊ အောင်မြင်ကျရှုံးမှုများကိုလည်း ကွဲပြားခြားနားစွာ ရရှိနေကြမည်သာ ဖြစ်ပေသည်။

ထိုသို့ အခြေအနေအမျိုးမျိုး ကွဲပြားခြားနားစွာ ဖြစ်တည်နေလင့်ကစား လူတိုင်းလူတိုင်းသည် မိမိတို့၏ဘ၀ တနေ့ထက်တနေ့ တိုးတက်မြင့်မားအောင်ကား အစဉ်အမြဲ ကြံဆောင်နေကြသည်ချည်းပင်ဖြစ်သည်။ အနည်းစုသော ဘ၀အကျိုးပေး ကောင်းကြသူများက ပညာရေးနှင့် စီးပွားရေးတွင် ရေကန်အသင့် ကြာအသင့် ရှိနေကြမှုများကြောင့် ခက်ခက်ခဲခဲ မကြိုးစားရဘဲ တိုးတက်အောင်မြင်မှုများကို သက်သောင့်သက်သာ ရရှိခံစားကြရလေသည်။ များရာစုဖြစ်သော လူတွေမှာမူ မိမိတို့ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ခက်ခက်ခဲခဲ ကြိုးစားလျှောက်လှမ်းရင်းဖြင့်သာ တိုးတက်မှုကို ရှာဖွေကြရလေသည်။

ထိုအထဲမှ အချို့သောလူများမှာ ပုံမှန်ခြေလှမ်းများဖြင့် တဆင့်ချင်း ကြိုးစားရသည်ကို စိတ်မရှည်ဘဲ ဖြတ်လမ်းနည်းဖြင့် ကြီးပွားချမ်းသာမှု၊ အောင်မြင်ကျော်ကြားမှုကို ရှာဖွေလိုကြသည်။ ထိုအခါ တချို့က ကံကိုယုံ၍ ဆူးပုံနင်းကြ၏။ တချို့က ဗေဒင် ယတြာ ဂမ္ဘီရပညာရပ်များကို အားကိုးအားထားပြုကြ၏။ တချို့က ယခုအခေါ်အဝေါ် ‘တက်ကျမ်း’ ဆိုသော ကြီးပွားချမ်းသာရေး၊ ဘ၀အောင်မြင်တိုးတက်ရေး လမ်းညွှန်စာပေများကို ဖတ်ရှုပြီး လုပ်ဆောင်ကြည့်ဖို့ ကြိုးစားကြ၏။

သို့သော် ကံကိုယုံပြီး ဆူးပုံနင်းရမည့်အလုပ်နှင့် ဗေဒင် ယတြာ ဂမ္ဘီရပညာရပ်များကို အားကိုး၍ လုပ်ရမည့် အလုပ်များကိုမူ လက်တွေ့သမားများက မယုံကြည်ကြ၊ လိုက်မလုပ်ကြ။ ထိုသို့ လက်တွေ့ကို အားသန်သူများက တက်ကျမ်းဆိုသော စာအုပ်များကို ဖတ်ရှုလေ့လာ၍ လုပ်ဆောင်ကြည့်လိုကြ၏။ ထိုစာအုပ်များကလည်း ကြီးပွားချမ်းသာခဲ့သူများ၊ အောင်မြင်ကျော်ကြားခဲ့သူများ၊ ဂုဏ်ရှိန်ကြီးမားခဲ့သူများ၏ အဆိုအမိန့်များ၊ ဘ၀အခြေအနေများနှင့် ကြိုးစားခဲ့ရပုံများကို အခြေခံပြီး ရေးသားထားသော စာအုပ်များဖြစ်၍ လက်တွေ့ဘ၀နှင့် နီးစပ်သည်ထင်ကာ လက်တွေ့ကို အားသန်သူများက အားကျအတုယူပြီး လုပ်ဆောင်ကြည့်ကြခြင်းဖြစ်၏။

ကွန်ပျူတာဆော့ဖ်ဝဲ ထုတ်လုပ်သူ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်အကြောင်းကို ဖတ်ရှုကြ၏။ အားကျကြ၏။ ဒေ၀ူးကုမ္ပဏီဥက္ကဌ ကင်ဝူချွန်း၏ ဘ၀ကို လေ့လာကြ၏။ ချုံကြားမှ ဘုံဖျားသို့ ရောက်ခဲ့ကြသူများ၏ အခြေအနေကို စူးစမ်းကြ၏။ သူဌေးအမြန်ဖြစ်နည်း၊ အချိန်တိုဖြင့် အောင်မြင်နည်း … စသည့် စသည့် တက်ကျမ်းစာအုပ်ပေါင်းစုံကို အာဂုံဆောင်ကြ၏။ သို့သော် လက်တွေ့တွင်ကား ဘီလ်ဂိတ်လိုလည်း ဘီလျံနာသူဌေးကြီး ဖြစ်မလာ၊ ကင်ဝူချွန်းလိုလည်း ကုမ္ပဏီဥက္ကဌမဖြစ်၊ ဘုံဖျားသို့လည်း ရောက်မလာဘဲ ထိုစာအုပ်များထဲမှ စာသားအချို့ကို အလွတ်ရွတ်ဆိုရင်း လူတချို့ စိတ်ရောဂါဝေဒနာသည်အဖြစ်နှင့် ဆေးကုသမှု ခံယူနေကြရသည်ကို ကျနော် ဆေးကျောင်းသားဘ၀က စိတ်ရောဂါကုဆေးရုံကြီးတွင် တွေ့ခဲ့ရဖူး၏။ အမှန်အားဖြင့် ထိုသို့ စိတ်ရောဂါဝေဒနာသည် ဖြစ်ကြရသူများသည် မိမိတို့၏ လက်ရှိဘ၀ အခြေအနေနှင့် ချိန်ထိုးစဉ်းစားခြင်းမပြုဘဲ တက်ကျမ်းစာအုပ်များထဲကအတိုင်း ပုံတူကူးချကာ တက်ကြွမှုလွန်ကဲပြီး ဆေးရုံသို့ ရောက်လာကြခြင်းဖြစ်သည်။

စိတ်ကြွဆေးများသည် စိတ်အနေအထား ပုံမှန်မဟုတ်သော စိတ်ဓာတ်ကျဆင်းနေသူများအတွက် ယာယီကုစားသော ဆေးများသာဖြစ်၍ ပုံမှန်လူများ အမြဲသုံးစွဲပါက တက်ကြွမှုလွန်ကဲပြီး ဆေးရုံရောက်ကြရမည်ဖြစ်သကဲ့သို့ တက်ကျမ်းစာအုပ်များသည်လည်း စိတ်ဓာတ်တက်ကြွပြီး အတုယူဖွယ်ဖြစ်အောင် အရေးအသားကောင်းကောင်းနှင့် သာသာထိုးထိုး ရေးသားထားကြသည်ဖြစ်ရာ ထိုစာအုပ်များထဲက ညွှန်ကြားသည့်အတိုင်း တသဝေမတိမ်း လိုက်လုပ်ကြသူများသည်လည်း သူတို့၏ ဘ၀ပေးအခြေအနေနှင့် လိုက်လျောညီထွေ မဖြစ်ရကား စိတ်ကြွဆေး အလွန်အကျွံ သုံးစွဲကြသူများကဲ့သို့ ကြုံတွေ့ကြရမည်ပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် စိတ်ဓာတ်ရေးရာ ပုံမှန်အနေအထားနှင့် ကိုယ့်ပညာအရည်အချင်းကို ပြည့်သည်ထက်ပြည့်အောင် ဖြည့်ဆည်းပြီး ကိုယ်ဘ၀အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် အလုပ်ကို တဆင့်ချင်း မှန်မှန်လုပ်ဆောင်နေကြသူတိုင်းသည် တနေ့တွင် ကိုယ်လုပ်ကိုင်ရာ နယ်ပယ်အသီးသီး၌ ထိပ်ဆုံးသို့ ရောက်ရှိလာကြမည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်သည်လည်းကောင်း၊ ဒေ၀ူးကုမ္ပဏီဥက္ကဌ ကင်ဝူချွန်းသည်လည်းကောင်း၊ အခြားသော အောင်မြင်ကြီးပွားမှုကို အရှည်သဖြင့် ပိုင်ဆိုင်ထားကြသူတိုင်းသည်လည်းကောင်း၊ ထိုသူအားလုံးသည် တက်ကျမ်းစာအုပ်များကို ဖတ်ခဲ့ကြပြီး စာအုပ်ပါအတိုင်း တသဝေမတိမ်း လုပ်ဆောင်ရင်း ဆေးမြီးတိုနည်းဖြင့် ထိုနေရာများသို့ အလျင်စလို ရောက်ခဲ့ကြသည်မဟုတ်ဘဲ သူတို့ဘ၀၊ သူတို့အခြေအနေ၊ သူတို့အရည်အချင်းနှင့် ကြိုးစားလုပ်ဆောင်ကာ တဆင့်ချင်း ပုံမှန်တက်လှမ်းခြင်းနည်းဖြင့် အောင်မြင်ကြီးပွားမှုတွေကို ပိုင်ဆိုင်ခဲ့ကြသည်မှာ သေချာသောကြောင့်ပင်ဖြစ်ပါသည်။ ။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၂ ခုနှစ်)

3 comments:

yoo said...

ဒီက ကုလားချွတ်ပရား နော်..
တက်ကျမ်း တွေနဲ့ လူထုခေါင်းဆောင် ဖြစ်အောင်ကို
လုပ်မှာ။

ဟိုဆရာလေး ကိုထိုက် က...
(ကျွမ်းကျင်တဲ့ သူတွေက ခေါင်မိုး ဖာနေကြကို..
ပုခုးံပြောင်း တာဝန်ယူတတ်ပါစေ၊
ဝိုင်းကူတဲ့ အနေနဲ့ ..
ကြမ်းပြင်ပေါ် ကျတဲ့ ရေ
တစ်ယောက်တစ်လက် ၀ိုင်းသုတ်ကြ)..လို့ ပြောတယ်နော်။

ချွတ်ပရား ကတော့...
ခေါင်မိုးပေါက် ဖာမှာ မဟုတ်လို့ 
ခေါင်မိုး ပေါ်မှာ လဲ မနေဘူး..။
ကြမ်းပြင်က ရေ သုတ်ဖို့  လဲ
ကြမ်းပြင်မှာ မရှိဘူး။

ဟို မရောက်၊ဒီ မရောက်..
ခေါင် မိုး ထုတ်တန်း ပေါ် မှာပဲ နေ...
တက်ကျမ်း စာအုပ်တွေ ဖတ်၊
တက်ကျမ်း ကဗျာတွေ
စပ် ပြီး ၀ိုင်းကူပေးနေမှာ...။

" ပွင့် လင်း ကြ၊ ပါးစပ် ကလဲ အိုးဝေ လို့ 
တွန်ပြီး ဖာကြ၊သုတ်ကြ.."

yoo said...

(အမျိုးသမီးလှုပ်ရှားသူကမြန်မာနိုင်ငံကိုကြက်သွန်နီနဲ့ 
တင်စား)

မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ ချုပ်မှ ခင်ဥမ္မာ။ ။
" မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ပြင်ပကမ္ဘာက
ကြည့် ရင် အနီရောင်အခွံလေးနဲ့ ကြက်သွန်နီလိုပဲ၊
တကယ်တမ်းအခွံနွာကြည့် လိုက်ရင်တော့..
မျက်ရည်ကျရလိမ့်မယ်..ဒေါက်တာရဲ့ ..."

ဒေါက်တာလွှတ်ဆွ ။ ။
" အနီရောင်အခွံလေးနဲ့ ကြက်သွန်နီလိုပဲ..လို့ ပြော
မနေနဲ့ အုန်း..၊
နောက်ကျ.. ဟိုက ခေါ်ပြီး...
အနီရောင် ကိုင်း မျက်မှန်လေးလဲ ချွတ်လိုက်ရော..
ဘာ ဘာ ဘာမှ မမြင်ဘူးဖြစ်သွားလိမ့်မယ်.. "

ခင်ဥမ္မာ။ ။ " မမြင်ရတော့လဲ ကောင်းတာပေါ့ ..၊
ကိုင်မိ ကိုင်ရာ ဖမ်းကိုင်လိုက်.."

ဒေါက်တာလွှတ်ဆွ ။ ။ " တော်..တော်.တော် "
(ဘယ်နဲ့ ..
အဝေးကနေ ဖမ်း ကြူ နေရတယ်လို့ ..၊
ယပက်လက်က မြန်မာအမျိုးသမီးကိစ္စတွေပဲ
အရင် လှုပ် ပါအုန်း...)

mgleekyee said...

Hey yoo or fool, a yu: