Sunday, March 11, 2012

ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု (ဒုတိယပိုင်း)

ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု (ဒုတိယပိုင်း)
မောင်ဆောက် (ကျောက်ကာ) စုဆောင်းတင်ဆက်သည်

ရွေးကောက်ပွဲလွန် အောင်သောင်း

ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော်ကနေ ၀န်ကြီးအမည်စာရင်း ၃၀ ကို ကြေညာလိုက်ပေမယ့် မူလ စစ်အစိုးရ၀န်ကြီးအဖွဲ့ထဲက ၀န်ကြီးဟောင်း ၁၃ ဦး ပြန်ပါမလာတာ တွေ့ရပါတယ်။ စာရင်းချုပ်တဲ့အခါ ၀န်ကြီးလစာနဲ့ မကာမိအောင် စစ်အစိုးရလက်ထက် ၀န်ကြီးဟောင်းတချို့ ချမ်းသာသူတွေ ချမ်းသာသွားပေမယ့် ၀န်ကြီးဌာနတချို့လည်း အရှုံးများစွာနဲ့ ကျန်ခဲ့ပါတယ်။

ဝန်ကြီးသစ်အဖွဲ့မှာ ပြန်ပါမလာတဲ့ ၀န်ကြီးဟောင်း ၁၃ ဦးထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်၊ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း၊ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး၊ လယ်/ဆည်ဝန်ကြီး ဦးဌေးဦး၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်၊ မွေးမျြရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်း၊ သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့်၊ သစ်တောဝန်ကြီး ဦးသိန်းအောင်၊ အမျိုးသားစီမံကိန်းဝန်ကြီး ဦးစိုးသာ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီနဲ့ သိပ္ပံနည်းပညာဝန်ကြီး ဦးသောင်းနဲ့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းတို့ ဖြစ်ပါတယ်။

ဝန်ကြီးသစ်တွေ တိုင်းပြည်စီးပွားရေးကို ဘယ်လိုစီမံခန့်ခွဲမလဲ မသိရသေးပေမယ့် စစ်အစိုးရ ၀န်ကြီးဟောင်းတွေထဲမှာ စစ်အစိုးရလက်ထက်တလျှောက်လုံး သက်ဆိုင်ရာဝန်ကြီးဌာနက ခွက်ခွက်လန် အရှုံးပေါ်နေပေမယ့် ဒီဝန်ကြီးဌာနကိုင်ခဲ့တဲ့ ၀န်ကြီးတချို့ကတော့ ရတဲ့ ၀န်ကြီးလစာနဲ့ မမျှအောင် ချမ်းသာခဲ့ပါတယ်။ ပိုပြီး ထူးခြားတာက ဒီလိုနည်းနဲ့ မတရားချမ်းသာလာတဲ့ ၀န်ကြီးမျိုးတွေကို ဘယ်အဖွဲ့အစည်းကမှ စစ်ဆေးခွင့်မရှိဘဲ အေးအေးဆေးဆေး အနားယူခွင့်ပေးတဲ့အချက် ဖြစ်ပါတယ်။

ဒီလို ၀န်ကြီးအမျိုးအစားတွေထဲမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလည်း ပါဝင်တာ တွေ့ရပါတယ်။

ဝန်ကြီးဦးအောင်သောင်း ကိုင်ခဲ့တဲ့ စက်မှု (၁) ၀န်ကြီးဌာနကို အရပ်သားအစိုးရသစ်ထံ မလွှဲပြောင်းခင် ရင်ဆိုင်နေရတဲ့ ပြဿနာက စက်မှု (၁) ၀န်ကြီးဌာနအောက် လုပ်ငန်းကြီး ၆ ခုမှာ အရှုံးပေါ် အလျော့တွက်ပြနေတဲ့ တန်ဘိုးက ကျပ်ငွေ ၃ ဘီလီယံနီးပါးကနေ ဘီလီယံ ၄၀ ကျော်ထိ ရှိနေပါတယ်။

ဥပမာ - ဦးအောင်သောင်း လက်အောက်က ကြွေထည်မြေထည်လုပ်ငန်းဆိုရင် ကျပ်ငွေ ၂.၆ ဘီလီယံထိ အလျော့တွက်ပြနေသလို အထည်အလိပ်လုပ်ငန်းဆိုရင်လည်း ကျပ်ငွေ ဘီလီယံ ၄၀ ထိ အလျော့တွက် ပြနေတယ်လို့ စုံစမ်းသိရပါတယ်။

ဟုတ်ပါတယ်။ ၀င်းသူဇာဂိုဒေါင်တွေမှာလည်း ကုန်ချောလက်ကျန်တွေ ပျက်စီးကုန်တဲ့အတွက် ဆုံးရှုံးတဲ့ တန်ဘိုးက ဂိုဒေါင်တလုံးကို ကျပ်ငွေ သိန်း ၄၀၀ ထိ အလျော့တွက်ပြနေတာမို့ ဂိုဒေါင် ၃၀၀ နီးပါးအတွက် ကျပ်ငွေ ကုဋေ ၁,၂၀၀ ကျော် အလျော့တွက်ပြနေတယ်။

နေပြည်တော်ပိုင်ဆိုင်မှုတွေ

စက်မှု (၁) ၀န်ကြီးဌာနမှာ အလျော့တွက်တွေ ခုလို ဘီလီယံနဲ့ချီပြီး အရှုံးပြနေတာကို ၀န်ကြီးဦးအောင်သောင်း တာဝန်ယူစရာမလိုဘဲ အလွယ်တကူ ကျောခိုင်းတော့မယ့် အခြေအနေမှာ ဦးအောင်သောင်းရဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုက အံ့မခန်းဖြစ်ပါတယ်။

နေပြည်တော်က ဥတ္တရသီရိရပ်ကွက်က ၀န်ကြီးဦးအောင်သောင်းပိုင် ကိုယ်ပိုင်အိမ်ကြီးရဲ့ ခမ်းနားကြွယ်ဝမှုကို နေပြည်တော်အရာထမ်းတွေက သံသယရှိပါတယ်။ စက်မှု (၁) ၀န်ကြီးဌာန ပြင်ထိန်းခေါ် အထွေထွေ ပြုပြင်ထိမ်းသိမ်းရေးဌာနကို ကိုယ်ပိုင်အိမ်ဆောက်ရာမှာ အသုံးချထားတယ်။

ဒီအိမ်ကြီးကို ဦးအောင်သောင်းဟာ မနှစ်က အောက်တိုဘာ ၁၇ ရက်က ပြောင်းခဲ့တာဖြစ်ပြီး အိမ်ကြီးတခုလုံးကို နေရောင်ခြည်သုံး လျှပ်စစ်ထုတ်ပြားတွေနဲ့ လျှပ်စစ်ဓာတ်ပေးထားပါတယ်။

ဒါတင်မက နေပြည်တော် မင်းကုန်း အုတ်စက်နားက ၃၈ ဧကရှိတဲ့ ဦးအောင်သောင်းပိုင် ခြံကြီးကိုလည်း စက်မှု (၁) ၀န်ကြီးဌာနလက်အောက် ပြင်ထိန်းခေါ် အထွေထွေပြုပြင်ထိမ်းသိမ်းရေးဌာနကို အသုံးချပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေပါတယ်။

ဝန်ကြီးဦးအောင်သောင်းနဲ့မိသားစု ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရ ပေးထားတဲ့ ဝန်ကြီးလစာငွေ တလ ကျပ်ငွေ ၄ သိန်းနဲ့ မကာမိအောင် အဆမတန် များပြားနေတာ တွေ့ရမှာဖြစ်ပါတယ်။ ခုတော့ ဒီငွေတွေ ဘယ်ကရသလဲဆိုတာ ဘယ်သူမှ မမေးနိုင်ခင် ဦးအောင်သောင်း အနားယူတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ၀န်ကြီးအောင်သောင်း ၀န်ကြီးရာထူးက အနားယူတော့မှာမို့ စက်မှု (၁) ၀န်ကြီးဌာန ၀န်ထမ်းတွေကို ဒန်ပေါက်ကျွေးပြီး တရားဝင် နှုတ်ဆက်ပွဲ လုပ်ပါတယ်။ ဒါပေမယ့် ကားတွေ ရပ်တဲ့ အုပ်တမံတလင်းကွင်းပြင်မှာ ညနေ ၄ နာရီ နေကျစ်ကျစ်တောက်ပူနေချိန် ၀န်ထမ်းတွေကို ပဆစ်တုပ် ဒူးတုပ်ပုံစံနဲ့ ၀န်ကြီးဦးအောင်သောင်းကို ကန်တော့ခိုင်းခဲ့လို့ ၀န်ထမ်းတွေ မကျေမနပ်ဖြစ်တဲ့အကြောင်းလည်း စုံစမ်းသိရပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ငါ့ဆွေမျိုးအားလုံး ကောင်းစားအောင် လုပ်ပေးပြီးမှ ဝန်ကြီးရာထူးက ထွက်မယ်လို့ တချိန်က ၀န်ကြီးဌာန အီးစီအစည်းအဝေးမှာ တရားဝင် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံပိုင်တွေ ခွဲယူကြပြီ

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံပိုင်လုပ်ငန်းကြီးတွေကို စစ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေက ခွဲယူအပြီးမှာ နေပြည်တော်မှာလည်း ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေ မြေကွက်တွေ အမြန်ခွဲဝေယူနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအနိုင်ရရေး တဘက်က ကြိုးပမ်းနေချိန်မှာ နေပြည်တော်မှာလည်း စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ရသမျှကို သိမ်းကျုံးပြီး အိတ်ထဲထည့်နေတယ်လို့ နေပြည်တော်မှာ ပြောစမှတ် ဖြစ်နေပါတယ်။

နေပြည်တော်ကွင်းကြီးဘက်မှာ ၀န်ကြီးတဦးကို ဧက ၁၀၀ စီ ခွဲတမ်းချပေးနေပြီး ဥတ္တရသီရီမြို့နယ် ဘက်မှာလည်း ပေ ၁၀၀ ပတ်လည် မြေတကွက်ကို သိန်း ၃၀ နဲ့ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေကို ရောင်းပေးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲ နေပြည်တော်မှာ ကျင်းပမှာကို မျှော်ကိုးပြီး ဟော်တယ်ဆောက်ချင်သူတွေက ၀န်ကြီးတွေကို ပေးတဲ့ သိန်း ၃၀ တန် မြေကွက်တွေကို သိန်း ၃၀၀ ချက်ချင်း ပေးဝယ်နေတယ်လို့ပါ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

နေပြည်တော် သပြေကုန်းဈေး ကျောက်မျက်ပြတိုက်နားမှာလည်း ဧရာမ ဆေးပလာဇာ ကွန်ဒိုကြီး ဆောက်နေပါတယ်။ တပြည်လုံးအတွက် အင်္ဂလိပ်ဆေးဝါးတွေကို ဒီဆေးပလာဇာကြီးက ဒိုင်ကိုင် ဖြန့်ဝေတော့မှာ ဖြစ်ပါတယ်။ ဆေးပလာဇာ ကွန်ဒိုမှာပါတဲ့ အခန်း ၅၆ ခန်းကိုလည်း ဆေးလုပ်ငန်း ကျွမ်းကျင်တဲ့ စီးပွားရေးသမားတွေကို မပေးဘဲ ၀န်ကြီး ၃၀ ကျော်န့ တိုင်းမှူး၊ တပ်မမှူး ၂၀ ကျော်ကို ချပေးလိုက်တယ်။

ဘိလပ်မြေအောင်သောင်း

ရွေးကောက်ပွဲမတိုင်ခင် ခေတ်စားနေတဲ့ နောက်စီးပွားရေးလုပ်ငန်းတခုက တောထဲက ထုံးကျောက်တောင်တွေကို ဘိလပ်မြေထုတ်နိုင်တဲ့အဆင့် စမ်းသပ်ပြီးပါပြီဆိုပြီး စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဆီက ခွင့်ပြုချက်ပါမစ်ရအောင် လုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။

ဘိလပ်မြေထုတ်ချင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုဟာ မြန်မာပြည် တောတောင်တခုခုထဲက ထုံးကျောက်တောင်ကို ဘိလပ်မြေထုတ်လို့ ရအောင် စမ်းပြီးပါပြီဆိုပြီး အရင်ဆုံး ၀န်ကြီးဦးအောင်သောင်းဆီ လျှောက်လွှာတင်ရပါတယ်။ ၀န်ကြီးဦးအောင်သောင်းကို ဘာမှမပေးတဲ့ လျှောက်လွှာရှင်တွေကို မြို့နဲ့ နီးသလား ဝေးသလား သဘာ၀၀န်းကျင်ကို ထိခိုက်နိုင်သလား စတဲ့အချက်တွေနဲ့ ဦးအောင်သောင်းက မှတ်ချက်ရေး ထစ်လိုက်တာနဲ့ ရန်ကုန်မြို့က အိမ်မှာ ၀န်ကြီးဦးအောင်သောင်း လာတဲ့အချိန် သွားပြီး ကန်တော့ကြရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဘိလပ်မြေထုတ်မယ့် ထုံးကျောက်တောင်တခုကို လုပ်ပိုင်ခွင့်ရဖို့အတွက် ၀န်ကြီးဦးအောင်သောင်းကို အနည်းဆုံး ကျပ်ငွေ သိန်း ၅၀၀ ထိ ပေးရတယ်လို့ စုံစမ်းသိရပါတယ်။ ထုံးကျောက်တောင် လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရှိတဲ့အတွက် ဒီလုပ်ငန်းတခုထဲကတင် ကျပ်ငွေ သိန်းပေါင်း ၂ သောင်းနီးပါး ၀န်ကြီး ဦးအောင်သောင်း ရလိုက်တယ် ဆိုတဲ့သဘောဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းအတွင်း နေပြည်တော်မှာ ဖွင့်တဲ့ ဘဏ်လုပ်ငန်းအသစ်တွေထဲမှာ ၀န်ကြီးဦးအောင်သောင်းရဲ့သား ပိုင်တဲ့ United Amara ဘဏ်လုပ်ငန်းလည်း ပါဝင်ပါတယ်။ ၀န်ကြီး ပိုင်တဲ့ ဘဏ်ဖြစ်တဲ့အတွက် စက်မှု (၁) ၀န်ကြီးဌာန အဆင့်မြင့်အရာရှိတွေဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေ အားလုံးကို မစုမနေရ ငွေစုဖို့ ဦးအောင်သောင်းက ဖိအားပေးလို့ တချို့အရာရှိတွေဆိုရင် သိန်းရာနဲ့ချီပြီး ငွေထည့်ခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဦးအောင်သောင်းရဲ့သားပိုင် အမရာဘဏ်

အထူးသဖြင့် ဦးအောင်သောာင်း လက်အောက်က ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေထဲက တချို့ဆိုရင် သူတို့တသက် အိမ်မက်ထဲတောင် စိတ်မကူးနိုင်တဲ့ ငွေကြေးချမ်းသာမှုမျိုးတွေ ရစေမယ့် လုပ်ပိုင်ခွင့်မျိုးတွေကို ဦးအောင်သောင်းက ဖန်တီးပေးထားတာ ဖြစ်တယ်။ ဒါကြောင့်လည်း ခုလို သားဖြစ်သူရဲ့ဘဏ်မှာ ငွေအတင်းစုအောင် ဦးအောင်သောင်းက ဒီပုဂ္ဂိုလ်တွေကို အနိုင်ကျင့်တာ သဘောဝကျပါတယ်လို့ ဦးအောင်သောင်းရဲ့ လက်ထောက်အရာရှိတဦးက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရရဲ့ အဓိက ပြဿနာတွေထဲမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပြဿနာမရှိ စာရင်းပိတ်ပြီး ရွေးကောက်ပွဲအပြီး တက်လာမယ့် နောက်အရပ်သားအစိုးရသစ်ကို လွှဲပေးနိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် နောက်အစိုးရသစ်မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကသာမက တခြားပါတီတွေက လူသစ်တွေပါ ပါဝင်လာမှာဖြစ်တဲ့အတွက် နောက်ကြောင်းပြန် တရားစွဲတာတွေ၊ အရေးယူတာတွေ ရှောင်ရှားဖို့ ရည်ရွယ်တာလို့ အရာထမ်းတွေက ယူဆပါတယ်။

စက်မှု (၁) အရှုံးပြပြီ

အများဆုံး အရှုံးပေါ်ပြီး ကုန်ချောလက်ကျန် ကျပ်ငွေ ဘီလီယံနဲ့ချီ လက်ကျန်ပြနေတဲ့ စက်မှု (၁) ၀န်ကြီးဌာနက လုပ်ငန်းတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ၀န်ကြီးဦးအောင်သောင်းအတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။ ဒီမှာတင် စက်မှု (၁) ၀န်ကြီးဌာန လုပ်ငန်းတွေ စက်ရုံတွေ အရှုံးပေါ်နေတာဟာ သူထုတ်ထားတဲ့ ညွှန်ကြားချက်တွေကို လက်အောက်အရာရှိတွေက မလိုက်နာလို့ ဖြစ်တယ်ဆိုပြီး မကြာခင်ကပဲ ဦးအောင်သောင်းက စွဲချက်တင်ပါတယ်။

ဝန်ကြီး ထုတ်ပြန်ထားတဲ့ ရာနဲ့ ထောင်နဲ့ချီတဲ့ ညွှန်ကြားချက်တွေကို နားလည်မလည် စမ်းသပ်ဖို့ အဖွဲ့တွေ ခွဲပြီး မန်နေဂျာနဲ့ ဒု-မန်နေဂျာတွေ မေးမယ်၊ မဖြေနိုင်သူတွေကို ရာထူးချ နေရာပြောင်းမယ်ဆိုပြီး အမိန့်ထုတ်ထားလို့ အရာထမ်းတွေ မကျေမနပ် ဖြစ်နေပါတယ်။ သဘောကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ လူစတေးမယ့် တရားခံရှာပွဲအတွက် စာမေးပွဲစစ်ပြီး ရာထူးချဖို့ လုပ်ကိုင်နေတဲ့သဘော ဖြစ်နေပါတယ်။

ဒါဖြင့်ရင် စက်မှု (၁) လုပ်ငန်းတွေ ဘာကြောင့် အရှုံးပေါ်သလဲလို့ အာရ်အက်ဖ်အေက မေးတဲ့အခါ ၀န်ကြီးဦးအောင်သောင်းရဲ့ ပေါ်လစီအမှားအပြင် အကောင်အထည်ဖော်မရတဲ့ ညွှန်ကြားချက်တွေကြောင့်လို့ လက်အောက်ခံဝန်ထမ်းတွေက ထောက်ပြပါတယ်။

ဥပမာ - ချည်မျှင်နဲ့အထည်လုပ်ငန်း အရှုံးပေါ်နေတာ ကြည့်ရင် မကောင်းတဲ့ဝါတွေ ၀ယ်ခိုင်းတာလည်း ဦးအောင်သောင်း ဖြစ်တယ်။ အရည်အသွေးညံ့တဲ့ တရုတ်စက်တွေနဲ့ လည်ခိုင်းလို့ ခဏနဲ့ စက်ပျက်ပြီး ကုန်မထွက်တာလည်း ဦးအောင်သောင်းကြောင့် ဖြစ်တယ်။

ဒီလို တရုတ်စက်တွေ မကောင်းတာ ၀ယ်မှ ဦးအောင်သောင်းအတွက် ကော်မရှင်မျက်မျက် စားရမှာဖြစ်လို့ စက်မှု (၁) တခုလုံး အရှုံးပေါ်တာအတွက် ၀န်ကြီးဦးအောင်သောင်းဟာ တာဝန်အရှိဆုံး ဖြစ်တယ်လို့ စက်ရုံမှူးအများစုက မြင်ကြပါတယ်။

အီးယူဒဏ်ခတ်စာရင်း

အီးယူဒဏ်ခတ်စာရင်းကို ပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေ ပါသလို စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းအပြင် သူ့မိသားစုဝင်တွေ၊ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါ ဒဏ်ခတ်စာရင်းမှာ ထည့်ထားတာ တွေ့ရပါတယ်။

ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလည်းဖြစ် အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာလည်းဖြစ်၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမက်လည်းဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်းမိသားစုပိုင်တဲ့ အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်။

ဦးအောင်သောင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယုံကြည်အသုံးချတဲ့ အကြောင်းရင်းတွေကို ချုပ်ကြည့်ရင် ...

- စက်မှု (၁) ၀န်ကြီးဌာနက ရသမျှ ခိုးဝှက်ပြီး ကြံ့ဖွံအသင်း ပါတီထောင်တဲ့အချိန် ရန်ပုံငွေရအောင် လုပ်ပေးခဲ့တဲ့အချက် (ဥပမာ - ကျောက်ဆည်ဘက်မှာ ကြံ့ဖွံပါတီပိုင် ဘိလပ်မြေစက်ရုံတွေ တည်ပေးထား)

- စက်မှု (၁) က ခိုးဝှက်ရသမျှနဲ့ သန်းရွှေမိသားစုအတွက် ဖြည့်တင်းပေးသလို သူ့အတွက်လည်း ချမ်းသာအောင် ခိုးတဲ့အချက်

- ခေတ်ပညာတတ် ဘွဲ့ရ စစ်ဗိုလ်လူထွက်ဖြစ်ပေမယ့် ကောက်ကျစ်တဲ့ဉာဏ်အရာမှာ ထူးချွန်တဲ့အချက် (၂၀၁၀ ရွေးကောက်ပွဲ နိုင်အောင် ကလိမ်ကကျစ်နည်းတွေ သုံးပေးခဲ့၊ ဒီပယင်းအရေးအခင်းကို ကြိုးကိုင်ခဲ့ စသည် ...)

ဒီအချက်တွေက အဓိကျတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ကနေ့ထိ ကြံ့ဖွံ့ပါတီအတွင်းရေးမှူးအဖွဲ့မှာ ပါဝင်နေသလို လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးပြောဆိုတဲ့ (ကလိမ်ကကျစ်လုပ်ရမယ့်) အလုပ်တွေကို ခေါင်းဆောင်ခိုင်းထားတာ ဖြစ်ပါတယ်။ ။

Rederences:
1. http://photayokeking.org/hot-news/897-aung-thaung-corruption
2. ဒီပဲယင်း တရားခံ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း (http://www.demowaiyan.co.cc/2010/07/generals-and-their-relatives-watchers.html
3. ပြည်ပအသံလွှင့်ဌာနဆောင်းပါးများ

(Swe Swe Kyi's Facebook မှ ...)

6 comments:

alex said...

Don't worry, one day they have to be nationalized, and send to prison like Khin Nyunt.

Sandi said...

တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပက်ပက်စက်စက် ခိုးဆိုးတိုက်
သွားတဲ့ ပို့ ဆောင်ရေး“သိန်းဆွေ” ကျန်သေးတယ်။

KO KO said...

စစ်ဗိုလ်ချုပ်တွေ တိုင်းပြည်ရဲ့ဘဏ္ဍာတွေနဲ့ မတရားကြီးပွား ချမ်းသာနေကြတဲ့အထဲမှာ ကျနော်သိတဲ့ ဗိုလ်ချုပ်တယောက်လည်းပါပါတယ်။
သူ့နာမည်ကတော့ ဦးစိုးသိန်းပါ -
ဦးခင်ညွန့် မပြုတ်ခင်တုန်းက (၂၀၀၀ - ၂၀၀၅ ခုနှစ်ဝန်းကျင်လောက်က) အာရှပတ်လမ်း မုံရွာ-ကလေး အဝေးပြေးလမ်းမကြီး ဖောက်တဲ့အချိန်တုန်းက လမ်းအင်ဂျင်နီယာတာဝန်ကို ထမ်းဆောင်ခဲ့သူပါ။ မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းမှ အင်ဂျင်နီယာကျောင်းအုပ်လို့လဲ သိရပါတယ်။
သူဆိုရင် မေမြို့မှာ လိမ်မော်ခြံကျယ်ကြီးတွေ၊ မြစ်သားနဲ့ ပလိပ်နားက သရက်ခြံကျယ်ကြီးတွေ နောက်ပြီး မော်လမြိုင်ဘက်မှာ ဒူးရင်းခြံကျယ်ကြီးတွေကို ပိုင်ဆိုင်ထားပါတယ်။ အဲဒါတွေကတော့ ကျနော့်ကိုယ်တွေ့တွေပါ။ တခြားနေရာတွေမှာလည်း ရှိကောင်းရှိနိုင်ပါတယ်။
သူ့သားသမီးတွေဆိုရင်လည်း ဦးအောင်သောင်းရဲ့ သားသမီးတွေလို ပိုင်ဆိုင်မူကြီးကြီးမားမားတွေ ရှိလား မရှိလား မသိရပေမဲ့ နိုင်ငံခြားက ကားသွင်းခွင့်ပါမစ်တွေနဲ့ တခြားသွင်းကုန်တွေ လုပ်ကိုင်ခွင့် ရထားတယ်လို့ သိရပါတယ်။
အဲဒီ ဦးစိုးသိန်းဆိုသူဟာ အရက်သေစာကို နှစ်ခြိုက်သူတဦးပီပီ၊ မိန်းမလည်း လိုက်စားသူဖြစ်ပါတယ်။ သူ့မှာ မယားနဲ့ သားသမီးနဲ့ ရှိပေမဲ့ ကိုယ့်မြေးအရွယ်၊ သမီးအရွယ် မိန်းကလေးတွေကို အာဏာနဲ့တမျိုး ငွေကြေးနဲ့တဖုံ ဖျားယောင်းမြှူဆွယ်ပြီး ဟိုတယ်တွေမှာ ခေါ်ယူအိပ်လေ့ရှိပါတယ်။ တရားဝင်လက်ထပ်ယူခြင်းတော့ မလုပ်ပါ။

ကျနော် သိသလောက် မျှဝေတာပါ။ ဦးစိုးသိန်းဆိုတာ ဘယ်သူလဲဆိုတာတော့ စာဖတ်သူကိုယ်တိုင်သာ ဆက်ပြီး စုံစမ်းပါလို့ ပြောပါရစေ -

Unknown said...

အင်း ပြောမယ် ဆိုရင် တော့ စစ်အစိုးရလက်ထက် မှာ ဘယ်သူမှ ကျန်မှာမဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် ရွာ တစ်ရွာ က ရဲတပ်ဆွယ် က တာဝန်ခံ ရဲတပ်ကြပ်၊ နယ်မြေတစ်နယ်မြေကိုတာဝန်ယူထားရတဲ့ လဝက နယ်မြေမှူးစသည်ဖြင့် အကုန်လုံးစားကြတာချည်းပါပဲ။
ဒီတော့ အရင်က လုပ်ခဲ့သူတွေ အတွက် ဘောင်မြင့်မြင့် တစ်ခုတော့သတ်မှတ်ဖို့လိုပါ့မယ်။ ဘာလို့လဲဆိုတော့ လာဘ်စားသူတိုင်းကို အကုန်အရေးယူပစ်မယ်လို့ ပြောလို့ကတော့ စိတ်ချ အကုန်လုံး တစ်ညီတစ်ညွတ်ထဲ ဆန့်ကျင်ကြလို့ နောက်ကြောင်းပြန်လှည့်သွားပါ့မယ်။
အခု ဦးအောင်သောင်းလိုမျိုး သားတွေက အစ အကုန်လက်ဝါးကြီးအုပ် ခိုးတာကတော့ ဘောင် ကျော်တာမှ ၁၀မိုင်လောက်တောင်ကျော်နေပါသေးတယ်။ ဒါပေမဲ့ အပေါ်က KO KO ပြောတဲ့ အင်ဂျင်နီယာဗိုလ်ချုပ် ကိစ္စ လောက်ကတော့ တကယ့် clean government ဖြစ်ပြီးရင် လက်ခံနိုင်စရာ မရှိပေမဲ့ အရင်က ဖြစ်ခဲ့ ပြီးတာဖြစ်လို့ လွှတ်ပေးသင့်ရင် လွှတ်ပေးရမှာပါ။
မတရား စားပို့နင့်အောင် နိုင်ငံဘဏာတွေ ခွတုပ်ထားတဲ့ လူတစ်စုကတော့ သင့်သလို အရေးယူသင့်ပါတယ်။

Anonymous said...

ဟောင်လွန်းသောခွေး လူမလေး တဲ့..

လူပြောမသန်..လူသန်မပြော..တဲ့


၂၀၀၈ ဖွဲ့ စည်းပုံ ရောဖတ်ကြည့်ပြီးပီလား...

ဘယ်သူက..ဘာဥပဒေနဲ့ ဘယ်တရားရုံးမှာ..
အရေးယူမှာလဲ...သက်သေကရော..

အောင်ဆန်းစုကြည်ကရော...၀န်ကြီးချုပ်နေရာ
ပေးကြည့်လိုက်...

Unknown said...

Our country is almost BUDDHISTISM.လုပ်သမျ ခံကြရ။