ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၆)
နွေးထွေးသော ပွင့်လင်းမှု
ဒေါက်တာလွဏ်းဆွေ
လူတိုင်း လူတိုင်း မိမိဘက်က ပွင့်ပွင့်လင်းလင်း ပြောချင် ဆိုချင်ကြသည်မှာ ဓမ္မတာပင်။ သို့သော်လည်း တဘက်သားက မိမိဘက်သို့ ပြန်လည် ပွင့်လင်းလာမှာကိုမူ မိုးကြိုးအပစ်ခံရမှာကဲ့သို့ ကြောက်ရွံ့စိုးရိမ်တတ်ကြသည်။ ထိုသို့ ပွင့်လင်းလာလျှင်လည်း စိတ်ဆိုးမာန်ဆိုးဖြင့် ဒေါသတကြီး တုံ့ပြန်တတ်ကြသည်။ ဤသည်ကား အများစုဖြစ်သည်။
ဤသို့ဖြစ်ရခြင်းမှာလည်း တဘက်သားက မိမိ၏ အားနည်းချက်များအား ဖွင့်ချတိုက်ခိုက်လာမည်ကို စိုးသောကြောင့်ပင်ဖြစ်သည်။ တနည်းအားဖြင့် မိမိ၏ အမှားကို ၀န်မခံလိုခြင်း (၀ါ) အမှန်တရားကို ရင်မဆိုင်ရဲခြင်းနှင့် ကိုယ်သာမှန်သည်ဟူသော အတ္တစိတ်က ကြီးစိုးနေခြင်းကြောင့်ဖြစ်သည်။
စင်စစ်မူကား လူတိုင်း အမှားနှင့် မကင်းနိုင်ပါ။ လုပ်သမျှ အားလုံးလည်း မကောင်းနိုင်ပါ။ “အားလုံးကောင်းပါသည်” ဆိုတာလည်း မရှိနိုင်ပါ။ ထိုသို့ နှလုံးသွင်းနိုင်ပါက လိုအပ်ချက်များကို တဘက်သားက စေတနာဖြင့် ထောက်ပြပွင့်လင်းလာလျှင် လက်ခံပြင်ဆင်နိုင်မည်ဖြစ်သည်။ မှားမှန်းသိလျက်နှင့် ကြိတ်မှိတ်တင်းခံနေလျှင် အမှားပေါ် အမှားထပ်ဆင့်ဖို့သာ ရှိပေသည်။ ထိုအခါ တိုးတက်မှု နှေးကွေးနေပေမည်။
ထို့ကြောင့် အပြန်အလှန် ပွင့်လင်းနွေးထွေးမှုသည် တိုးတက်ဖွံ့ဖြိုးလိုသော လူ့အဖွဲ့အစည်းအတွင်း၌ အမှန်တကယ် လိုအပ်ပေသည်။ ထိုပွင့်လင်းနွေးထွေးမှုသည်လည်း တဦးနှင့်တဦး အပြန်အလှန် မေတ္တာ၊ စေတနာထားရှိခြင်းအပေါ်၌သာ အခြေခံရမည်ဖြစ်သည်။
ထိုသို့ မေတ္တာ၊ စေတနာ အရင်းခံသော အပြန်အလှန် ပွင့်လင်းသည့် လူ့အဖွဲ့အစည်းအတွင်း၌ တရားမျှတသော အဖြေတို့ ထာဝစဉ် ဖြစ်တည်ထွန်းကားနေမည်။ အပြာရောင် မိုးကောင်းကင်တခု အစဉ်အမြဲ ပေါ်ထွန်းနေမည်။ စိမ်းလန်းသော အိပ်မက်တို့ ကမ္ဘာဆုံးတိုင် လူးလွန့်ရှင်သန်နေမည် ဖြစ်ပေသည်။
ထို့အတွက် ကျနော်တို့ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် “ပွင့်ပွင့်လင်းလင်း” ပေးစာကဏ္ဍကို လှပစွာ ဖွင့်လှစ် ထည့်သွင်းထားခြင်းဖြစ်ပါသည်။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၉၇ ခုနှစ်)
1 comment:
ဆရာခင်ဗျား
ဘာကြောင့် ချီးခြောက်ရေနူးနေရတာပါလဲ။
Post a Comment