၃၁-၁-၂၀၁၂ ညနေ ၅ နာရီမှ ၉ နာရီအထိ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများ မိတ်ဆုံစားပွဲကို ရန်ကုန်မြို့ အင်းလျားလမ်း အင်းလျားကန်နံဘေးရှိ “စိမ်းလန်းစိုပြေ” တွင် ပြုလုပ်ခဲ့ကြသည်။ ကိုမျိုးကြီးနှင့် သူငယ်ချင်းများက တေးဂီတဖြင့် ပျော်ရွှင်နွေးထွေးစွာ တီးခတ်ပေးခဲ့ကြသည်။ မကြာမီက လွတ်မြောက်လာကြသော ဂီတမှူး ကိုဝင်းမော် (ရွှေသံစဉ်) နှင့် ကိုရဲခေါင်ထွဋ် တို့ကလည်း ၀င်ရောက်အားဖြည့် ကူညီတီးခတ်ပေးခဲ့သည်။ မဇ္ဈိမလှိုင်းမှ ကိုရဲလွင် (Bass) ကလည်း ‘ပန်းခရမ်းပြာ’ သီချင်းဖြင့် သီဆိုပေးခဲ့ပါသည်။ တေးသံရှင် လင်းလင်းကလည်း သူ၏ ကိုယ်ပိုင်သံစဉ် သီချင်းများဖြင့် ကူညီသီဆိုပေးခဲ့သည်။
တယောကိုတင်ရီ၊ ကိုနေ၀င်း (မဇ္ဈိမလှိုင်း) တို့လည်း လာရောက်အားပေးခဲ့ကြသည်။ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများလည်း တတ်ရောက်ကြသည်။ ထိုင်ခုံများမပါဘဲ မိသားစုပုံစံဖြင့် မြက်ခင်းတွင် စုဝေးကာ အားပေးကြသည်။ သတင်းမီဒီယာများမှလည်း စုံလင်စွာ လာရောက် သတင်းယူကြသည်ကို တွေ့ရသည်။ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ စုံညီစွာ တက်ရောက်ကြပြီး ကိုမင်းကိုနိုင်မှ “ယခင်က အိမ်မက်ပင် မမက်နိုင်ခဲ့သော ရောင်စုံမီးများကြားမှ နွေးထွေးသောတွေ့ဆုံမှု” ဟု ပြောကြားခဲ့သည်။ ထောင်များထဲတွင် ကျန်ရစ်ခဲ့သော ရဲဘော်များ မလွတ်မြောက်သေးသဖြင့် လွတ်လပ်စွာ မပျော်နိုင်သေးကြောင်း ဆို့နင့်ကြေကွဲစွာ ပြောကြားခဲ့သည်။ ဂီတမှူး ကိုဝင်းမော် (ရွှေသံစဉ်) က အကျဉ်းသူဟောင်းတယောက်ဖြစ်သည့် မဇင်မာအောင် သီဆိုသော ကိုမွန်းအောင်၏ ၃/၈၈ သီချင်းနှင့် ကိုမင်းကိုနိုင်နှင့် သူငယ်ချင်းများ သီဆိုသော စုပေါင်းသီချင်းတပုဒ်တို့ကို ကူညီတီးခတ်ပေးခဲ့သည်။
ထို့နောက် သံတိုင်နှင့် အုတ်နံရံများဖြင့် ပုံဖော်ထားသော ကိတ်မုန့်ကြီးတွင် ဖယောင်းတိုင်များ ထွန်းညှိကာ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ပါစေဟု ဆုတောင်းကြသည်။ ထို့နောက် ဖယောင်းတိုင်များကို ကိုင်ကာ လွတ်မြောက်ရေးတေးသီချင်းတပုဒ် စုပေါင်းသီဆိုကြပြီး ယင်းဖယောင်းတိုင်များကို အင်းလျားကန်ရေပြင်တွင် ရေမျှောကာ ဆုတောင်းခဲ့ကြသည်။
Wednesday, February 1, 2012
လွတ်မြောက်လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများ မိတ်ဆုံစားပွဲ “We Are Flying To Be Free” အခမ်းအနား
(ဓာတ်ပုံ - မက်စင်ဂျာဂျာနယ်နှင့် ၀င်းမော်ဖေ့စ်ဘွတ်ခ်၊ သတင်း - ၀င်းမော်ဖေ့စ်ဘွတ်ခ်မှ ...)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment