ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၃)
အီတလီအတွက် ကျတဲ့မျက်ရည်
ဒေါက်တာလွဏ်းဆွေ
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းဟာ ဘောလုံးနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မဂ္ဂဇင်းဖြစ်ပေမယ့် ကျနော်က ဘောလုံးဝါသနာအိုးတဦး ဖြစ်နေတာမို့ ကျင်းပပြီးစီးခဲ့တဲ့ (Euro-2000) ယူရို-၂၀၀၀ ဘောလုံးပြိုင်ပွဲကြီးက မြစ်ဖျားခံလာတဲ့ အကြောင်းအရာလေးတခုကို ပြောပြချင်လာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အီတလီအသင်းနဲ့ ပြင်သစ်အသင်း ကန်တဲ့ နောက်ဆုံးဗိုလ်လုပွဲနေ့က ပွဲအပြီးမှာ ယောက်ျားတန်မဲ့ မျက်ရည်ကျခဲ့ရတဲ့ ဖြစ်ရပ်ကလေးကို သတိရနေမိလို့ပါပဲ။
အဲဒီနေ့က နောက်ဆုံးဗိုလ်လုပွဲကို ဗိုလ်ချုပ်လမ်းပေါ်က စင်ထရယ်ဟိုတယ် (Central Hotel) အပေါ်ထပ်မှာ ကြည့်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်မှန်းမသိ၊ ပွဲစကတည်းက ကျနော့်စိတ်က အီတလီအသင်းဘက်ကို အလိုလို အားပေးမိလျက်သား ဖြစ်နေပါတယ်။ ပွဲက ပထမပိုင်းမှာ ဂိုးမရှိ သရေဖြစ်နေပါတယ်။ ဒုတိယပိုင်း ပွဲပြန်စပြီး ၅၆ မိနစ်လောက်မှာ အီတလီရှေ့တန်းလူ ဒီဗက်ချီယိုက ဘယ်ခြေနဲ့ အသာလေး ပိတ်ပြီး ပြင်သစ်ဘက်ကို ပထမဂိုးလည်း စသွင်းရော ကျနော် ပျော်ပြီး ဘေးက ပရိသတ်တွေနဲ့အတူ ထခုန်မိပါတယ်။ ပြင်သစ်ဘက် အားပေးသူ အနည်းငယ်ကလွဲပြီး အကုန်လုံးနီးပါး ထခုန်ကြတာပါပဲ။ အီတလီအသင်းသားတွေ ပျော်နေကြတာကို ကြည့်ပြီး စိတ်ထဲကလည်း အရမ်းကြည်နူးနေမိတယ်။ ဒါပေမယ့် ပြင်သစ်အသင်းက ဂိုးသွင်းခံရပြီးနောက်ပိုင်း တရကြမ်း တိုက်စစ်ဆင်လာတဲ့အခါ အီတလီအသင်းအတွက် အစိုးရိမ်ကြီးစွာနဲ့ ရင်တမမ ကြည့်နေရပါတော့တယ်။ မိနစ် ၉၀ ကျော်လို့ ဒဏ်ရာရ အချိန်ပို (Injury Time) ထဲ ၀င်လာတော့မှ အီတလီ သေချာပေါက်နိုင်ပြီဆိုပြီး သက်ပြင်းချမိပါတော့တယ်။ ကွင်းအပြင်က အီတလီအသင်းသားတွေ တယောက်ပခုံး တယောက်ဖက်ခါ ပွဲသိမ်းခရာမှုတ်ရင် ကွင်းထဲပြေးဝင်ပြီး အောင်ပွဲခံကြဖို့ ပြင်ဆင်နေကြတာကို ကြည့်ပြီးတော့လည်း သဘောအကျကြီး ကျနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ လုံးဝ မျှော်လင့်မထားတော့တဲ့ အဖြစ်အပျက်တခုက ကျနော့်ရဲ့ အပျော်စိတ်တွေအားလုံးကို အရုပ်ကြိုးပြတ် ပြုတ်ကျသွားစေပါတော့တယ်။ ပွဲသိမ်းခရာမှုတ်ဖို့ စက္ကန့်ပိုင်းအလိုမှာ ပြင်သစ်အသင်းက မထင်မှတ်တဲ့ ချေပဂိုးကို အီတလီဂိုးပေါက်ထဲ ကန်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။ ပြင်သစ်ကို အားပေးသူ အနည်းငယ် ထက,ထခုန်တာကလွဲပြီး ကျန်ပရိသတ်အားလုံးလည်း ငြိမ်သက်တိတ်ဆိတ်သွားပါတော့တယ်။ အချိန်ပိုကန်ရတော့မယ့် အီတလီအသင်းအတွက်လည်း စိတ်ထင့်နေမိတော့တယ်။ အဲဒီလိုနဲ့ အချိန်ပို ပထမပိုင်းကို စိတ်တထင့်ထင့်နဲ့ ကြည့်နေစဉ်မှာပဲ ပြင်သစ်အသင်းက အနိုင်ဂိုး (ရွှေဂိုး) ကိုလည်း သွင်းလိုက်ရော ကျနော့်မျက်လုံးအိမ်မှာ မျက်ရည်တွေ အလိုလို ၀ိုင်းလာပါတော့တယ်။
ပွဲအပြီးမှာ ဆုပေးပွဲကို မကြည့်ချင်တော့လို့ ထိုင်ခုံကအထ တီဗွီဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ အီတလီအသင်းသားတွေထဲက နံပါတ် ၄ အယ်လ်ဘာတီနီနဲ့ နံပါတ် ၅ ကန်နာဗာရိုတို့ ယူကျုံးမရ ငိုကြွေးနေတာကိုလည်း တွေ့ရော ကျနော် စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်တွေက အလိုလို စီးကျလာပါတော့တယ်။
အပြန်လမ်းတလျှောက် ယောက်ျားတန်မဲ့ မျက်ရည်ကျရတဲ့အဖြစ်ကို ခပ်ရှက်ရှက်နဲ့ပဲ ပြန်တွေးရင်း လမ်းလျှောက်ပြီး ပြန်လာခဲ့တယ်။ လောင်းကြေးထပ်ထားခြင်းလည်း မရှိ၊ ကိုယ့်နိုင်ငံအသင်းလည်း မဟုတ်တဲ့ အီတလီအသင်းကို ဘာဖြစ်လို့ တဖက်သတ် အားပေးမိပြီး မျက်ရည်ကျခဲ့ရတာပါလိမ့်လို့ တွေးနေမိတယ်။ ရှေ့က ဆီမီးဖိုင်နယ်ပွဲစဉ်တွေအကြောင်း ပြန်တွေးလာမိတော့မှ အီတလီအတွက် မျက်ရည်ကျရတဲ့အကြောင်းကို အဖြေရှာလို့ရသလို ရှိလာပါတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆီမီးဖိုင်နယ်ပွဲမှာ ပေါ်တူဂီနဲ့ ပြင်သစ် ကန်ကြတုန်းက ပြင်သစ်အသင်း အနိုင်ရခဲ့ပုံကို စိတ်ထဲက မကြေလည်ခဲ့လို့ ဗိုလ်လုပွဲမှာ ပြင်သစ်ဘက်က အားပေးချင်တဲ့စိတ် မရှိခဲ့တာပဲ ဆိုတာကို ပြန်တွေးမိတယ်။ အဲဒီနေ့က ပြင်သစ်အသင်းက ပေါ်တူဂီကို ချေပဂိုးသွင်းရာမှာ ရှေ့တန်းလူ အနယ်လ်ကာ လူကျွံနေလျက်နဲ့ ဒိုင်က အနိုင်ဂိုး ပေးလိုက်တာကို မကြေလည်တာက တချက်၊ ပြင်သစ်ကို ပင်နယ်တီ ကန်ခိုင်းပြီး (ကျနော့်အထင်တော့ ပေါ်တူဂီနောက်တန်းလူ ခေါင်းဖြူကြီး ဇေဗီးယားရဲ့ လက်နဲ့ ဘောလုံးထိတာဟာ မတော်တဆလို့ပဲ ယူဆလို့ပါ) အနိုင်ဂိုး ပေးခဲ့တာကို မကြေလည်တာက တချက်၊ အဲဒီနှစ်ချက်ကြောင့် ပြင်သစ်အသင်း ဗိုလ်လုပွဲကို တက်လာတာဟာ တရားမျှတတဲ့ ယှဉ်ပြိုင်မှု (Fair Play) နဲ့ တက်လာတာ မဟုတ်ဘူးလို့ ယုံကြည်နေလို့ မတရားမှုကို စိတ်က အလိုလို ဆန့်ကျင်နေမိတာပဲဆိုတာ ပြန်တွေးမိတယ်။
အီတလီအသင်းကို စိတ်ထဲက အလိုလို အားပေးခဲ့မိတာကတော့ ဆီမီးဖိုင်နယ်ပွဲမှာ အီတလီအသင်းဟာ အိမ်ရှင် ဟော်လန်အသင်းကို ပထမပိုင်းကတည်းက တယောက်အထုတ်ခံရပြီး ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါလျက်နဲ့ ဇွဲကောင်းကောင်းနဲ့ အချိန်ပြည့် ခုခံပြီး ထိုက်ထိုက်တန်တန် အနိုင်ယူကစားခဲ့တာကို သဘောကျခဲ့လို့ပဲဆိုတာ ပြန်တွေးမိတယ် (အီတလီ ဂိုးသမား တော်လ်ဒို တော်လွန်းတာလည်း ပါတာပေါ့)။
တကယ်ဆို နောက်ဆုံးဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်းက တရားသဖြင့် အနိုင်ရ ဗိုလ်စွဲသွားတာပါပဲ။ ဒါပေမယ့် ပြင်သစ်ကို ကျနော့်မသိစိတ်က ခွင့်မလွှတ်နိုင်တာက ဆီမီးဖိုင်နယ်ကနေ တရားသော အနိုင်ရမှုနဲ့ တက်လာတဲ့အသင်း မဟုတ်ဘူးဆိုတဲ့ ထင်မြင်ချက်ကြောင့်ပါပဲ။ အဲဒါကြောင့် တရားသော ယှဉ်ပြိုင်မှုနဲ့ သန့်သန့်ရှင်းရှင်း ဗိုလ်လုပွဲကို တက်လာတဲ့ အီတလီအသင်းကိုပဲ စိတ်က အနိုင်ရစေချင်တာဖြစ်မယ်လို့ ရှင်းရှင်းလင်းလင်း တွေးမိတော့တယ်။
အဲဒီတော့ အီတလီအတွက် ကျတဲ့မျက်ရည်ဟာ တရားမျှတတဲ့ ယှဉ်ပြိုင်မှုနဲ့ တက်လာတဲ့အသင်း (သန့်ရှင်းတဲ့အသင်း) ရှုံးနိမ့်သွားရတာကို ၀မ်းနည်းလို့ ကျတဲ့မျက်ရည်ပါဆိုရင် အရှက်ပြေပြောတယ်လို့ မထင်စေချင်ပါ။ တဆက်တည်းမှာ တွေးမိတာက လူတွေဟာ တရားမျှတမှု မရှိတာကို မြင်ရ တွေ့ရရင် မသိစိတ်ထဲကကို အလိုလို ဆန့်ကျင်ကြပြီးသားပါလား ဆိုတာကိုပါပဲ။ အဲဒါကြောင့် ကျနော့်မျက်ရည်ဟာ တရားမျှတတဲ့ ဘက်တော်သားတွေအတွက် ကျခဲ့တဲ့ မျက်ရည်ပါလို့ ပြောရင်းနဲ့ပဲ နိဂုံးချုပ်ပါရစေလား … ။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၀ ခုနှစ်)
ဖြည့်စွက်ချက် ။ ။ မဂ္ဂဇင်းထွက်ရှိပြီးနောက် ‘တာဝန်ခံအယ်ဒီတာစကား’ နှင့် ပတ်သက်၍ ကျနော် ပေးချင်သော ဆင့်ပွားဆိုလိုရင်းကို အမိအရ ဖမ်းဆုပ်မိကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် စာဖတ်ပရိသတ်အချို့က သက်ဆိုင်ရာ မြို့နယ်စည်းတံဆိပ်များဖြင့် ပွင့်ပွင့်လင်းလင်းကဏ္ဍသို့ ပေးစာများ ရေးသားပေးပို့ခဲ့ကြသော်လည်း ထိုစဉ်အချိန်က စာပေစိစစ်ရေး၏ ဆင်ဆာတင်းကျပ်မှု အနေအထားအရ မဂ္ဂဇင်းစာမျက်နှာပေါ်တွင် တင်ဆက်ပေးနိုင်ခြင်းမရှိခဲ့မှုအပေါ် လေးစားစွာ တောင်းပန်အပ်ပါကြောင်း ယခုအခါ ဘလော့ဂ်စာမျက်နှာမှနေ၍ ပြောကြားလိုက်ရပါသည်။ ပွင့်ပွင့်လင်းလင်း ပေးစာများ ရေးသားပေးပို့ခဲ့ကြသည့် NLD ပါတီဝင်များကို အထူးကျေးဇူးတင်ရှိပါကြောင်းလည်း မမေ့မလျော့ ပြောကြားလိုပါသည်။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
1 comment:
ကိုလွဏ်းဆွေ
ကိုလွဏ်းဆွေနဲ့ဦးဇင်း စတွေ့တွေ့ချင်း ပြောဖြစ်တဲ့စကား ကိုမှတ်မိလား ။ အီတလီ အတွက်ကျတဲ့မျက်ရည် ကို ထောင်ထဲဖတ်ခဲ့ရတာတွေ ထဲက မှတ်မှတ်ရရ အဖြစ်ဆုံးဆိုတာကိုပြောခဲ့တာမှတ်မိလိမ့်မယ်။ထောင်ထဲမှာ
မြားနတ်မောင် မဂ္ဂဇင်း ကို အဓိကထားဖတ်ခဲ့ရတယ်။ မြားနတ်မောင်မှာ ပါတဲ့စာတွေက စာပေသမားတစ်ယောက်ရဲ့ တာဝန်ကျေကျေ လုပ်ဆောင်ခဲ့တာတွေပါ။ လက်ရှိနိုင်ငံ ရဲ့အရေးကိစ္စမှာစီစစ်ရေးရဲ့ သံမဏိတံခါးကြားက မရ ရအောင် ထိုးဖောက်ထွက်ရတဲ့ကိစ္စကိုပါအလေးနက် တန်ဖိုးထားပါတယ်။ ထောင်ထဲ မှာဖတ်ခဲ့ရတဲ့ မြားနတ်မောင် မဂ္ဂဇင်း အပေါ်ခံစားချက်တွေကို စာရေးပါလို့ အကြိမ်ကြိမ်ပြောပေမယ့် မရေးဖြစ်ခဲ့တာကိုလဲတောင်းပန်ပါတယ်။ ခုလိုရေးဖြစ်ခဲ့တာတွေကိုပြန်လည်ဖေါ်ပြပေးနေတာ ကိုလဲကျေးဇူးပါ။
ဦးဇဝန
နယ်သာလန်
Post a Comment