Sunday, February 19, 2012

ဘယ်ဒီမိုကရေစီ သွားနေကြတာလဲ

ဘယ်ဒီမိုကရေစီ သွားနေကြတာလဲ
မောင်မောင်ဘု

ဒီမိုကရေစီလှိုင်းကြီး ၃ လှိုင်း ရှိတယ်

- ပထမလှိုင်းကတော့ ၁၉ ရာစုနဲ့ ၂၀ ရာစုအစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိသျှ၊ ပြင်သစ်၊ ကနေဒါ ... စတဲ့ နိုင်ငံတွေမှာ ပေါ်တဲ့လှိုင်း။

- ဒုတိယကမ္ဘာစစ်အပြီး နယ်ချဲ့အင်ပါယာတွေ၊ အကြမ်းဖက် ဖက်စစ်စနစ်တွေ ပြိုကွဲပျက်စီးပြီးတဲ့နောက် ပေါ်လာတာက ဒုတိယလှိုင်း။

- တတိယလှိုင်းကတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ကွန်မြူနစ်စနစ် ပြိုကွဲကျဆုံးတဲ့အချိန် (၁၉၇၀ မှ ၁၉၉၀ ကာလအတွင်း)။

တတိယလှိုင်းကိုတော့ မြန်မာပြည်မှာ ၁၉၈၈ မှာ စီးခဲ့ကြတယ်။ အခု နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့ အချိန်အထိ ဒီမိုကရေစီ လှိုင်းထန်တဲ့ခရီးကို ဖြတ်သန်းနေရဆဲ။ စစ်တပ်က ပြင်ဆင်ပေးတဲ့ ဒီမိုကရေစီကို မြည်းစမ်းနေရတဲ့ အချိန်။

ဒီမိုကရေစီအကူးအပြောင်း ဘယ်အချိန်မှာ ဖြစ်လာနိုင်သလဲ

စစ်မှန်တဲ့ ဒီမိုကရေစီ တနည်း ခိုင်မာတဲ့ ဒီမိုကရေစီ ဖြစ်လာနိုင်ရန် တင်ကူးအခြေအနေတွေ လိုအပ်ပါတယ်။

(၁) လူထုအဖွဲ့အစည်းများ (လူမှုအဖွဲ့အစည်းမဟုတ်)၊
(၂) နိုင်ငံရေးအဖွဲ့အစည်းများ၊
(၃) ဥပဒေစိုးမိုးမှု၊
(၄) နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်မှု မရှိတဲ့ ဗြူရိုကရက်များနဲ့ စစ်တပ်၊
(၅) စီးပွားရေးအဖွဲ့အစည်းများ (ကန့်သတ်ချက်များ ရှိပေမယ့် လွတ်လပ်မှု ရှိရမယ်)။

“ပြည်သူလူထုအနေဖြင့် မိမိတိုင်းပြည် ဘယ်ဒီမိုကရေစီ သွားနေသလဲ ဆိုတာ သိထားသင့်ပါတယ်။ စဉ်းစားကြည့်ကြပါ။ ရေမရောထားတဲ့ နွားနို့ကိုပဲ သောက်ချင်ကြမှာပါ။ ဒါပေမယ့် ကိုယ်ရွေးတာပဲ ကိုယ်ရမယ်ဆိုတာ ...”

မိမိတို့ဆ်ီမှာ တင်ကူးအခြေအနေတွေ ရှိပြီလား

ဒီမိုကရေစီရဲ့ အခင်းအကျင်း ၅ မျိုးကိုလည်း သိထားသင့်ပါတယ်။

(၁) လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲများ၊
(၂) နိုင်ငံရေးဆိုင်ရာ စုဝေးဆွေးနွေးခွင့်များ လွတ်လပ်မှုရှိခြင်း၊
(၃) လက်ရှိ အုပ်စိုးသူများရဲ့ လူတိုင်း သိခွင့်ရှိပြီး ပွင့်လင်းမြင်သာတဲ့ လုပ်ဆောင်မှုများ၊
(၄) ပြည်သူလူထုအခွင့်အရေုးနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ရှိခြင်း၊
(၅) အစိုးရအပေါ် မှီခိုမှုမရှိတဲ့ တရားစီရင်ရေးစနစ်။

ဒီအခင်းအကျင်းတွေကော ရောက်နေပြီလား

ခေတ်မီမီ ကမ္ဘာကြည့်ကော ကြည့်မြင်နိုင်ကြပြီလော။ စီးပွားရေးတိုးတက်မှုတွေနဲ့အတူ ခေတ်မီလာခြင်းရှိမှ ဒီမိုကရေစီအကူးအပြောင်း လွယ်ကူပါတယ်။ ခေတ်မီအောင် ဘာတွေရှိရမလဲ။ ဒါတွေရှိမှ ဖြစ်မယ်။

(၁) ပညာရေးဝန်းကျင်ကောင်း၊
(၂) သတင်းစာမီဒီယာများ အနှံ့အပြားရှိခြင်း၊
(၃) သတင်းအချက်အလက်များနဲ့ ပို့ဆောင်ဆက်သွယ်ရေးများအတွက် တိုးတက်တဲ့ အခြေခံအဆောက်အဦများ၊
(၄) လူထုအဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်းနဲ့ လူနေမှုအဆင့်အတန်းများ မြင့်တက်လာခြင်း။

နောက် အပြည်ပြည်ဆိုင်ရာနဲ့ ဒေသဆိုင်ရာ ပတ်ဝန်းကျင်တွေကလည်း ဒီမိုကရေစီကို ပြောင်းလဲစေပါတယ်။ ကမ္ဘာ၊ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒီမိုကရေစီ အလိုရှိမှ မိမိတိုင်းပြည် ဒီမိုကရေစီ ပြောင်းလဲနိုင်ဖို့ ဖိအားကောင်းတွေ ရနိုင်တယ်။

ဒီမိုကရေစီဆိုတိုင်း ဒိမိုကရေစီလို့ မထင်ကြစေလို။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးအစားတွေ ကွဲနေတတ်တော့ ထင်ယောင်မှားနိုင်တယ်။

ဒီမိုကရေစီ အမျိုးအစားတွေကတော့ ...

(၁) စစ်မှန်တဲ့ ဒီမိုကရေစီ
(၂) မွေးကင်းစ ဒီမိုကရေစီ
(၃) အယောင်ပြ ဒီမိုကရေစီ
(၄) မျက်နှာဖုံးတပ် ဒီမိုကရေစီ

ပြန်ရှင်းရရင်တော့ ...

(၁) ဒီမိုကရေစီစစ်စစ်ဆိုတာ အထက်က ဖော်ပြထားတဲ့ တင်ကူးအခြေအနေတွေ၊ အခင်းအကျင်းတွေ ရှိရင် ဖြစ်နိုင်တယ် ဆိုရမယ်။

(၂) မွေးကင်းစ ဒီမိုကရေစီမှာ အခြေအနေကောင်းလေးတွေတော့ ရှိလေရဲ့။ ဘယ်အချိန်မှ ရင့်မှည့်လာမယ်ဆိုတာ မသိ။ စမ်းတ၀ါးဝါး လမ်းသွားနေရပုံ။

(၃) အယောင်ပြ ဒီမိုကရေစီကတော့ ဒီမိုကရေစီ ပုံစံပေါက်နေပေမယ့် အခြေအနေကောင်းများ ပြည့်ပြည့်၀၀ မရှိတာ။

(၄) မျက်နှာဖုံးတပ် ဒီမိုကရေစီမှာ ဒီမိုကရေစီ လုံးဝမဟုတ်ဘဲ ရွေးကောက်ပွဲနဲ့ အာဏာယူတဲ့ စနစ်ဖြစ်တယ်။

ပြည်သူလူထုအနေဖြင့် မိမိတိုင်းပြည် ဘယ်ဒီမိုကရေစီ သွားနေသလဲ ဆိုတာ သိထားသင့်ပါတယ်။ စဉ်းစားကြည့်ကြပါ။ ရေမရောထားတဲ့ နွားနို့ကိုပဲ သောက်ချင်ကြမှာပါ။ ဒါပေမယ့် ကိုယ်ရွေးတာပဲ ကိုယ်ရမယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

မောင်မောင်ဘု
၁၅-၂-၂၀၁၂

* လူမှုအဖွဲ့အစည်း - ဥပမာ နာရေးကူညီမှုအသင်း။ လူမှုရေးပဲလုပ်တာ။
* လူထုအဖွဲ့အစည်း ဆိုတာ နိုင်ငံအရေးနဲ့ ဆိုင်တာ။ ပြည်သူတွေရဲ့အခွင့်အရေးတွေ တောင်းဆိုနိုင်တဲ့ အဖွဲ့အစည်းတွေကို ဆိုလိုပါတယ်။ (အမတ်တွေလောက်ပဲ အားကိုးနေရင် ငါးပါးမှောက်လိမ့်မယ်။)

မှတ်ချက် ။ ။ လူမှုရေးပဲ လုပ်မယ်ဆိုပြီး နောက်ပိုင်း ပါတီနိုင်ငံရေးတွေ လုပ်သွားတာတော့ ရှိပါတယ်။ အရုပ်နည်းနည်းဆိုးတဲ့ လူလိမ်တွေလို့ ပြောရင် စိတ်ဆိုးကြမယ်ထင်ပ (ကန်တော့ပါရဲ့)။

No comments: