ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၁)
အနုပညာ၊ အသပြာနှင့် ငြိမ်းချမ်းသာယာရေး
ဒေါက်တာလွဏ်းဆွေ
ဂျပန်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေမည့် မြန်မာဝတ္ထုတိုပေါင်းချုပ်တွင် ပါဝင်သည့် မြန်မာစာရေးဆရာများကို ၀တ္ထုတပုဒ်အတွက် စာမူခ အမေရိကန်ဒေါ်လာ ၇၀ (ဂျပန်ယန်းငွေ တသောင်း) စီ ချီးမြှင့်သည့် သတင်းကို မကြာမီက ဖတ်ရသည့်အခါ ၀မ်းသာဝမ်းနည်း ဖြစ်ရသည်။ ၀တ္ထုတပုဒ်အတွက် ချီးမြှင့်ငွေသည် မြန်မာငွေ နှစ်သောင်းငါးထောင်ကျပ်ခန့် ရှိသည်ဟု ကြားသိရသည်။ ၀မ်းသာရသည်က ယခုကဲ့သို့ မြန်မာစာရေးဆရာများ စာမူခ ထိုက်ထိုက်တန်တန် ချီးမြှင့်ခံရသည့်အတွက် ဖြစ်သည်။ ၀မ်းနည်းရသည်ကား ကျနော်တို့ဆီတွင် မဂ္ဂဇင်းပါ ၀တ္ထုတပုဒ်အတွက် စာရေးဆရာများကို ရာဂဏန်းလောက်သော ငွေကလေးသာ ချီးမြှင့်နိုင်သေးသည့်အတွက် ဖြစ်ပါသည်။
တကယ်တော့ အနုပညာဆိုသည်မှာ စိတ်ကူးဖြင့် ဖန်တီးရသော ရှားပါးပစ္စည်း ဖြစ်သည်။ စက်ရုံထွက် ကုန်ပစ္စည်းတခုလို ပေါပေါများများ ထုတ်လုပ်၍ ရသည့်အရာမဟုတ်။ ငွေကြေးအတွက် မျှော်ကိုးပြီး တရစပ် ထုတ်လုပ်မည်ဆိုပါက အရေအတွက်သာ များပြီး အနုပညာအရည်အသွေးကား ကျဆင်းလာမည်မှာ အမှန်ပင်။ ထိုသို့သော အနုပညာရှင်သည်လည်း ရေရှည်တည်တံ့နိုင်တော့မည် မဟုတ်ပေ။
ကျနော်တို့ဆီတွင် ၀ါသနာအရ အနုပညာကို ဖန်တီးသူနှင့် အနုပညာဖြင့် အသက်မွေးသော အနုပညာရှင်ဟူ၍ နှစ်မျိုးတွေ့ရပေသည်။ သို့သော် သူတို့ဖန်တီးသော အနုပညာအတွက်ကား ထိုက်ထိုက်တန်တန် ချီးမြှင့်မှုကို မခံစားရကြ (ထိုအထဲတွင်မှ စာနယ်ဇင်းများ၌ ရေးသားနေကြသော စာရေးဆရာများကား အဆိုးဝါးဆုံး ဖြစ်နေသည်ကို တွေ့ရသည်)။ ထိုသို့သော အခြေအနေတွင် ၀ါသနာအရ ဖန်တီးသူများက အသက်မွေးမှု ကျောထောက်နောက်ခံရှိ၍ အနုပညာကို စိတ်ကြိုက်ဖန်တီးခွင့် ရကြသော်လည်း အနုပညာဖြင့်သာ အသက်မွေးသူများကား ၀မ်းသမုဒ္ဒရာထဲတွင် အဆင်ပြေရုံ ကူးခတ်နိုင်ဖို့ အနုပညာတရပ်ကို တရစပ် ထုတ်လုပ်ရင်း ခြေကုန်လက်ပန်းကျကုန်ကြတော့သည်။ နှမြောစရာ အလွန်ကောင်းလှပေသည်။
ထိုသို့ အနုပညာဖြင့် အသက်မွေးသော အနုပညာရှင်များ စိတ်အေးသက်သာ ဖန်တီးခွင့် ရနိုင်ကြဖို့ အနုပညာနယ်ပယ်အသီးသီးမှ ထုတ်လုပ်သူများက စေတနာဖြင့် ၀ိုင်းဝန်းအဖြေရှာပေးကြစေလိုပါသည်။ အဖြေကို တွေ့ရှိထားပြီးသူများကလည်း အကျိုးအမြတ်ကို မိမိတဦးတည်းသာ မခံစားဘဲ အနုပညာရှင်များကိုပါ ထိုက်ထိုက်တန်တန် ခွဲဝေချီးမြှင့်ကြစေလိုပါသည်။ သို့မှသာ ထိုအနုပညာရှင်များ စိတ်အေးလက်အေး ဖန်တီးခွင့်ရကြပြီး သူတို့ ထုတ်လုပ်သည့် အနုပညာပစ္စည်းများသည်လည်း အရည်အသွေး ပိုမိုမြင့်မားလာမည် ဖြစ်ပေသည်။
အနုပညာအရည်အသွေး မြင့်တက်လာခြင်းသည် ထိုလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာခြင်းပင် ဖြစ်သည်။ ထိုသို့ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာခြင်းသည် ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတခု တည်ဆောက်ရေးအတွက် အခြေခံကောင်းတခု ပေါ်ထွန်းလာခြင်း ဖြစ်ပေမည်။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၁၉၉၈ ခုနှစ်)
No comments:
Post a Comment