Friday, February 24, 2012

စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအစိုးရ

စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအစိုးရ
ဟန်တင်အောင်
ကာတွန်း - ဘီရုမာ

ကနေ့ မြန်မာနိုင်ငံရဲ့ လွှတ်တော်နိုင်ငံရေးတခုလုံးကို ချုပ်ကိုင်ထားတာ အခြေခံဥပဒေ ၂၀၀၈ ဖြစ်တယ်။ လွှတ်တော်နိုင်ငံရေးထဲဝင်မယ်ဆိုတာ ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားချင်လို့သာ ဖြစ်တယ်။ ဒါကြောင့် အခြေခံဥပဒေ ၂၀၀၈ ဟာ ဒီမိုကရေစီရေးကို အာမခံတဲ့။ ဒီမိုကရေစီလမ်းကြောင်းကို ဖွင့်ပေးတဲ့ ကွန်စတီကျုးရှင်းဖြစ်သလားဆိုတာ အရေးကြီးတယ်။

ဒီအတောအတွင်း အခြေခံဥပဒေ ၂၀၀၈ ဟာ စစ်တပ်ကို အာဏာအလွန်အကျွံပေးထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Washington Post သတင်းစာနဲ့ အင်တာဗျူးမှာ ပြောလိုက်တယ်။ ဒါ့ပြင် ဒေါ်စု ဆက်ပြောတာက သမ္မတက နိုင်ငံအကြီးအကဲ ဆိုပေမယ့် အမြင့်ဆုံး အာဏာရထားသူ မဟုတ်ပါ။ လိုအပ်တယ်လို့ ယူဆရင် ကာကွယ်ရေးဦးစီးချုပ် (ကာချုပ်) က အချိန်မရွေး အာဏာသိမ်းခွင့်ရှိတယ်လို့ ပြောသွားတာပါ။ အန်အယ်ဒီက ပြင်မယ်လို့ ကြွေးကြော်ထားတဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီရေးကို အာမခံနိုင်ပါ့မလားဆိုတာ ပိုပြီး သံသယရှိစရာဖြစ်တယ်။

ဒေါ်စု ပြောစကားသာ မှန်ရင် ဦးသိန်းစိန်အစိုးရဟာ သူတို့ကြော်ငြာနေသလို အရပ်သားအစိုးရမဟုတ်ဘဲ စစ်တပ်ကြိုးကိုင်ထားတဲ့ အစိုးရလို့ သေချာပေါက်ပြောနိုင်တယ်။ ဒါကြောင့် ဒေါ်စု ပြောတာ မှန်မမှန် သက်သေထူကြည့်မယ်။

“ဒါကြောင့် အခြေခံဥပဒေ ၂၀၀၈ ကနေ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ဘယ်လိုဖယ်ရှားမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်။ ဒီအခြေခံဥပဒေမှာ ကပ်ပါးပိုးလို တွယ်ငြိနေတဲ့ စစ်တပ်သြဇာကို မဖယ်ရှားနိုင်ရင် ဒီမိုကရေစီလမ်းကြောင်း မရောက်နိုင်တာ ထင်ရှားတယ်။ စစ်တပ်သြဇာ ဖယ်ရှားဖို့ ကြိုးစားရင်လည်း စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ်။ ဒီအချက်ဟာ လွှတ်တော်နိုင်ငံရေးမှာ ဒေါ်စု မုချကြုံတွေ့ရမယ့် နိုင်ငံရေးအကျပ်အတည်းဖြစ်တယ်။”

စစ်တပ်အပေါ် သမ္မတ ဦးသိန်းစိန်သဘောထား

ဝါရှင်တန်ပို့စ်သတင်းစာက သမ္မတ ဦးသိန်းစိန်ကို အင်တာဗျူးချိန်မှာ စစ်တပ်နဲ့ ပတ်သက်ပြီး ခုလို မေးတယ်။ (ကောက်နှုတ်ချက် - မြန်မာအလင်း ဇန်န၀ါရီ ၂၀-၂၀၁၂)

Washington Post ။ ။ လွှတ်တော်ထဲမှာ ၂၅% ကို တပ်မတော်အတွက် လျာထားတယ်ဆိုတာ ဟုတ်ပါသလား။ ယခုပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ တပ်မတော်ဘက်ကလည်း ပါဝင်နေတာမျိုး ဖြစ်နေပါတယ်။ အကြောင်းကတော့ ဒီမိုကရေစီဆိုတာ ပြည်သူက အုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့ အစိုးရ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ဦးသိန်းစိန် ။ ။ တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှဝင်ရောက် စွက်ဖက်တာမရှိပါဘူး။ လွှတ်တော်ထဲမှာတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ တပ်မတော်အင်အားက ၄ ပုံတပုံ (၂၅%) ပါတယ်။ ကျနော်တို့လိုနိုင်ငံမှာ တပ်မတော်ကို ပစ်ပယ်ထားလို့ မရပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်တဲ့နေရာမှာ တပ်မတော်ကလည်း အစိတ်အပိုင်းတခုကနေ ၀င်အကူအညီပေးတာပဲ ဖြစ်ပါတယ်။ တပ်မတော်က ၀င်အုပ်ချုပ်တာ မဟုတ်ပါဘူး။

Washington Post ။ ။ တပ်မတော် ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဒါပေမယ့် ပြည်သူ့အာဏာက လွှမ်းမိုးရမယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေရဲ့အာဏာဟာ ဘယ်အရာပေါ်မှာမဆို လွှမ်းမိုးနိုင်မှုရှိရမယ်။ ကျွန်မတို့ အမေရိကန်မှာလည်း သမ္မတရဲ့အာဏာက တပ်မတော်အကြီးအကဲထက် ပိုပါတယ်။

ဦးသိန်းစိန် ။ ။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို ခင်ဗျားနည်းနည်း ပြန်လေ့လာပေးပါ။ အခြေခံဥပဒေအရ တပ်မတော်မှာ အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတကနေ ခန့်တာဖြစ်ပါတယ်။

စစ်တပ်နဲ့ပတ်သက်တဲ့ ၀ါရှင်တန်ပို့စ်အမေးကို ချုပ်ကြည့်ရင် ဒီမိုကရေစီဆိုတာ ပြည်သူက အုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့ အစိုးရမျိုး ဖြစ်ရမယ်။ ပြည်သူ့အာဏာကသာ လွှမ်းမိုးရမယ်။ ပြည်သူတွေရဲ့အာဏာဟာ ဘယ်အရာပေါ်မှာမဆို လွှမ်းမိုးနိုင်မှုရှိရမယ်။ အမေရိကန်မှာလည်း သမ္မတရဲ့အာဏာက တပ်မတော်အကြီးအကဲထက် ပိုတယ်လို့ ထောက်ပြသွားတာပါ။

စစ်တပ်နဲ့ပတ်သက်ပြီး ဦးသိန်းစိန် ပြောတာ ၂ ချက် ရှိတယ်။

ပထမအချက်က တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှ ၀င်ရောက်စွက်ဖက်တာမရှိပါဘူး ဆိုတဲ့အချက်နဲ့ ဒုတိယအချက်က ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်ထားပါတယ် ဆိုတဲ့အချက် ဖြစ်တယ်။ ဦးသိန်းစိန် ပြောစကား မှန်မမှန် ဆန်းစစ်ကြည့်မယ်။

စစ်တပ်ဟာ လွှတ်တော်အသီးသီးမှာ ၂၅% စစ်ဗိုလ်အမတ်တွေနဲ့ ဖြည့်ဆည်းထားတဲ့ပြင် ...

(က) ပြည်ထောင်စုဝန်ကြီးအဖွဲ့မှာလည်း စစ်ယူနီဖောင်းဝတ် ၀န်ကြီး ၃ ပါးကို တိုက်ရိုက်ခန့်ထားတယ်။ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကို ၃ ဦးဟာ စစ်ယူနီဖောင်းဝတ်ထားပြီး ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားသူတွေ ဖြစ်တယ်။

(ခ) အခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးရာထူးဆိုတာ သာမန်အားဖြင့် သမ္မတက တိုက်ရိုက်ခန့်ထားသူတွေဖြစ်တယ်။ ဒါပေမယ့် အထက်ပါ စစ်ယူနီဖောင်းဝတ် ၀န်ကြီး ၃ ဦးကတော့ သမ္မတက တိုက်ရိုက်ခန့်ထားခွင့်မရှိတဲ့ စစ်တပ်ရဲ့ အခွင့်ထူးခံ ၀န်ကြီး ၃ ပါး ဖြစ်နေတယ်။ ဒါကြောင့် ဒီစစ်ဗိုလ်ဝန်ကြီးတွေဟာ အုပ်ချုပ်ရေးယန္တရားမှာ တိုက်ရိုက်စွက်ဖက်နေသူတွေဖြစ်တယ်။

(ဂ) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲ။ ပြန်ကြည့်ရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးတို့ ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေဖြစ်တယ်။ တနည်းပြောရရင် ကာကွယ်ရေး၊ ပြည်တွင်းနိုင်ငံရေးနဲ့ နယ်စပ်တိုင်းရင်းသားရေးတွေမှာ အရပ်သားနိုင်ငံရေးသမား ရာသက်ပန် ၀င်စွက်ခွင့်မရအောင် အခြေခံဥပဒေသုံးပြီး စစ်တပ်က ပိတ်ထားလိုက်တာဖြစ်တယ်။

ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလည်း ကြံ့ဖွံ့အမတ်တွေက တင်မြှောက်တဲ့ ဒု-သမ္မတ မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒု-သမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘောဖြစ်တယ်။ တွက်ကြည့်ရင် ကာလုံရဲ့ ၅၅ % က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပြီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမယ့် ဒုတိယ ၅ နှစ်သက်တမ်း လွှတ်တော်၊ တတိယ ၅ နှစ်သက်တမ်း လွှတ်တော် ... စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလည်း ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတမ်း ၆ မဲ အသာစီးရနေဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒု-သမ္မတ စိုင်းမောက်ခမ်းကလွဲရင် လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်နေလို့ ဒီငါးဦးလုံးကို အရပ်သားလို့ ထားတွက်ကြတာ ဖြစ်တယ်။

ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ ဆိုပေမယ့် လက်တွေ့မှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့အတွက် တကယ့်ဆုံးဖြတ်ခွင့်အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထဲမှာသာ ရှိတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းလို့ နိုင်ငံတကာအဖွဲ့အစည်းတချို့က ယူဆတာဖြစ်တယ်။

အုပ်ချုပ်ရေးမှာ စစ်တပ်စွက်ဖက်သလား

ဒီမိုကရေစီဆိုတာ ပြည်သူကအုပ်ချုပ်တာဖြစ်ပြီး တပ်မတော်အပေါ် အာဏာသက်ရောက်တဲ့ အစို့ရဖြစ်တယ်လို့ ယုံကြည်တယ်ဆိုတဲ့ Washington Post ရဲ့အမေးကို ဦးသိန်းစိန်က ပြန်ဖြေရာမှာ တပ်မတော်ဟာ အုပ်ချုပ်ရေးအပိုင်းမှာ ဘာမှဝင်ရောက် စွက်ဖက်တာမရှိပါဘူးလို့ ပြောခဲ့တယ်။ ဒီစကား မမှန်ကြောင်း ဆက်ပြီး သက်သေပြမှာဖြစ်တယ်။

ထင်ရှားတဲ့ ဥပမာတခုကတော့ ကာကွယ်ရေးဝန်ကြီးဌာနကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို မကြာခင်က ပြောင်းရွှေ့ပေးလိုက်တဲ့ ရေတပ်နဲ့ လေတပ်က ဗိုလ်မှူးချုပ် ၂ ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်ကြီး ခန့်အပ်လိုက်တဲ့ကိစ္စ ဖြစ်တယ်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးကနေ ၁၂-၁-၂၀၁၂ နေ့စွဲပါ အမိန့်နဲ့ ရေ ၁၂၄၈ ဗိုလ်မှူးချုပ် မြင့်သန်းကို သံအမတ်ကြီး ရာထူးတနေရာအတွက် ၂၀၁၂ ခု ဇန်န၀ါရီ ၂၇ ရက်ကစပြီး ခန့်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက အမိန့်ထုတ်ထားတယ်။ အလားတူပဲ ကာကွယ်ရေးဝန်ကြီးဌာနကနေ ၁၆-၁-၂၀၁၂ အမိန့်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးတဲ့ လေ ၁၇၂၆ ဗိုလ်မှူးချုပ်ဇော်ထွန်းကိုလည်း သံအမတ်ကြီးရာထူးတနေရာအတွက် ၂၀၁၂ ခု ဇန်န၀ါရီ ၂၇ ရက်က စပြီး ခန့်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးက အမိန့်ထုတ်ထားတယ်။

ဒီအမိန့် ၂ ခုကို ကြည့်ရင် ကာကွယ်ရေးဝန်ကြီးဌာနက (ဘာကြောင့်မှန်းမသိဘဲ) အရပ်ဘက် ပြောင်းရွှေလာတဲ့ ဗိုလ်မှူးချုပ် ၂ ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ လစ်လပ်ရာထူးမရှိဘဲနဲ့ သံအမတ်ကြီး တန်းခန့်လိုက်ရတယ်။ စစ်အစိုးရလက်ထက်မှာ စစ်အုပ်ချုပ်ရေး ဘန်းပြပြီး ခုလိုမျိုး လုပ်ခဲ့ ဗိုလ်ကျခဲ့ခွင့်ရပေမယ့် အရပ်သားအစိုးရဆိုတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စစ်တပ်က ဘာကြောင့် ခုလို လူတန်းစားသစ် ဆက်ဖြစ်နေရသလဲဆိုတာ မေးစရာဖြစ်တယ်။

စစ်တပ် ဗိုလ်မှူးချုပ် ၂ ဦးကို ဘယ်နိုင်ငံမှာ သံအမတ်ခန့်မယ်ဆိုတဲ့ Posting မရှိဘဲ မိုးကျရွှေကိုယ် သံအမတ်ခန့်လိုက်တဲ့အတွက် လုပ်သက်ရှိတဲ့ အရပ်သား သံတမန်တွေ တက်လမ်း ပိတ်သွားတယ်။ ကျနော်တို့ မသိသေးတဲ့ ဒီလိုကိစ္စပေါင်း မြောက်မြားစွာရှိနိုင်ပေမယ့် သိတဲ့ကိစ္စ အနည်းအကျဉ်းသာ တင်ပြနိုင်ခြင်းဖြစ်တယ်။

စစ်အစိုးရလက်ထက်က နည်းတွေအတိုင်း စစ်တပ်က ဦးသိန်းစိန်ရဲ့ အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းထဲမှာ လာပြီး အဓမ္မ ဗိုလ်ကျနေဆဲဖြစ်နေတာ တွေ့ရတယ်။ စစ်တပ်ကို လူတန်းစားသစ်ဖြစ်အောင်လည်း သမ္မတဦးသိန်းစိန်အစိုးရက အကာအကွယ်ပေးထားတယ်။

အရပ်သားအစိုးရပါဆိုတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာန အထက်ရောက်နေတယ်။ တိတိကျကျ ပြောရရင် စစ်တပ်က အရပ်သားအုပ်ချုပ်ရေးထဲကို ၀င်စွက်နေတဲ့ အကောင်းဆုံး နမူနာဖြစ်တယ်။

ခုလိုမျိုး ကာကွယ်ရေးဝန်ကြီးဌာနက မလိုချင်တော့တဲ့ စစ်ဗိုလ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံအမတ်ကြီးရာထူးပေးရမယ်လို့ အခြေခံဥပဒေ ဘယ်ပုဒ်မနဲ့ ပြဌာန်းထားသလဲဆိုတာ မေးစရာဖြစ်တယ်။ စစ်တပ်က စစ်ဗိုလ်တွေကို အရပ်ဘက်ဝန်ကြီးဌာနတွေကို ကြိုက်သလို ပို့နေတာကို ဘယ်သူတွေက ခွင့်ပြုထားသလဲဆိုတာ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်သင့်တယ်။

အထက်ပါ အထောက်အထားတွေအရ အုပ်ချုပ်ရေးပိုင်းမှာ အခြေခံဥပဒေ ၂၀၀၈ အကာအကွယ်ယူပြီး စစ်တပ်က ၀င်ရောက်စွက်ဖက်နေတယ်ဆိုတာ ထင်ရှားတယ်။ သမ္မတ ဦးသိန်းစိန် Washington Post ကို ပြောတာတွေနဲ့ အလွဲကြီး လွဲနေတယ်။


ကာချုပ်ကို ဘယ်သူခန့်သလဲ

တခါ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတက ခန့်ထားတယ်လို့ ဦးသိန်းစိန်က Washington Post ကို ပြောပြန်တယ်။ ဒီစကား မှန်မမှန်လည်း အခြေခံဥပဒေနဲ့ ပြန်စစ်ကြည့်မယ်။

အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၄၂ မှာ ပြဌာန်းထားတာက နိုင်ငံတော်သမ္မတသည် ကာလုံ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်လို့သာ ရေးထားတယ်။ သမ္မတက တိုက်ရိုက်ခန့်ခွင့်ရှိသည်လို့ ဦးသိန်းစိန် ပြောသလို ရေးမထားပါ။

သဘောကတော့ ကာလုံရဲ့ထောက်ခံချက်မရဘဲ ကာချုပ်ကို သမ္မတက သူ့သဘောနဲ့ တိုက်ရိုက်ခန့်ထားခွင့်မရှိဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ကာလုံအဖွဲ့ဟာ ၁၁ မဲမှာ စစ်တပ်က ၆ မဲ ကိုင်ထားတာမို့ စစ်တပ်က ခန့်ချင်သူကိုသာ ကာချုပ်ခန့်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနားမယူခင် သူကြိုက်တဲ့သူ ခေါင်းခေါက် ခန့်ခဲ့တာဖြစ်တယ်။ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတက ခန့်ထားတယ်လို့ ဦးသိန်းစိန်က Washington Post ကိုပြောတာနဲ့ အခြေခံဥပဒေ ပုဒ်မ ၃၄၂ နဲ့ မကိုက်ညီဘူးဆိုတာ ရှင်းရှင်းကြီး ပေါ်လာတယ်။

စစ်တပ်ဟာ သမ္မတအထက်မှာ ရှိနေတဲ့အကြောင်း ပိုပြီးထင်ရှားတဲ့ ဥပမာပြရရင် မကြာခင်ကပဲ ကာချုပ်မင်းအောင်လှိုင်ကို ကာချုပ်အဖြစ် ပြန်လည်အတည်ပြု ခန့်အပ်ခြင်းဆိုတဲ့ အောက်ပါအမိန့်ကို သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြီး နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်ခဲ့တယ်။


ဒီအမိန့်ကို ကြည့်ရင် ...

- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းလို့ ခေါင်းစဉ်တပ်တာကိုက အစဉ်အလာမဟုတ်ဘဲ ထူးခြားနေတယ်။

- ပြန်လည်အတည်ပြု ခန့်အပ်တယ်ဆိုတဲ့ အမိန့်မျိုး အရင်က မရှိခဲ့ပါ။ သတင်းစာတွေမှာ ပါနေကျက ဥပမာ - ညွှန်ကြားရေးမှူးချုပ်တဦးကို အစမ်းခန့်ကာလ တနှစ်ပြည့်တဲ့အတွက် အတည်ပြုခန့်တယ်ဆိုတဲ့ အရေးအသား အမိန့်မျိုးသာ ရှိခဲ့ဖူးတယ်။

တဘက်က ကြည့်ရင် ကာချုပ်လိုရာထူးကို အစမ်းခန့်ဆိုတာ မရှိပါ။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ကာချုပ်ရာထူး ခန့်ခဲ့တာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်။ ဒီအမိန့်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးကနေ ၂၀၁၁ ခု မတ်လ ၃၀ ရက်နေ့စွဲနဲ့ အတည်ပြု ခန့်ခဲ့တာ ဖြစ်တယ်။ ၂၀၁၁ ခု မတ်လ ၃၀ ရက်ဆိုတာ ဦးသိန်းစိန်အစိုးရ စတင် အသက်ဝင်တဲ့နေ့ ဖြစ်တယ်။ အစိုးရသစ်တက်တဲ့နေ့မှာ (အနားယူပြီဆိုတဲ့) ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ကာချုပ် ခန့်ခဲ့တာက ရှေ့နောက်မညီ ဖြစ်နေတယ်။

အခြေခံဥပဒေအရဆိုရင် ကာချုပ်မင်းအောင်လှိုင်ကို ခန့်တဲ့ အမိန့်ရက်စွဲအရ လက်မှတ်ထိုးရမှာက သမ္မတဦးသိန်းစိန်သာ ဖြစ်သင့်တယ်။ ဒါပေမယ့် ဒီအမိန့်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်သူ လက်မှတ်ထိုး ခန့်ခဲ့သလဲဆိုတာ ပဟေဠိ ဖြစ်နေတယ်။ ဒီအချက်ဟာ ဦးသိန်းစိန် ၀ါရှင်တန်ပို့စ်ကို ပြောသလို ကာချုပ်ကို သမ္မတက ခန့်တာပါဆိုတာနဲ့ မကိုက်ညီဘဲ လွဲနေတယ်။

ဒီမှာတင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုး ခန့်ခဲ့တဲ့ ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အခြေခံဥပဒေနဲ့ အတင်းကိုက်ညီအောင်ဆိုပြီး ထုတ်ပြန်တဲ့သဘောနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်းဆိုတဲ့ ကိုယ့်ရို့ကားယား ခေါင်းစဉ်မျိုးတပ်ပြီး ဦးသိန်းစိန် ကတိုက်ကရိုက် လက်မှတ်ထိုးခဲ့ရတဲ့ပုံ ဖြစ်နေတယ်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့်ချုပ်ရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည် အတည်ပြုခန့်အပ်ခြင်းဆိုတဲ့ အမိန့်ကို သမ္မတဦးသိန်းစိန်က ပြန်လည်အတည်ပြုပါသည်လို့ ထပ်ဆင့် အမိန့်ထုတ်ရတာကို ကြည့်ရင် ...

- စစ်တပ်ဟာ သမ္မတအထက်မှာ ရှိနေတယ်

- ကာချုပ်ကို စစ်တပ်ကသာ ခန့်တာဖြစ်တယ်ဆိုတာ ထင်ရှားနေတဲ့အတွက် သမ္မတ ဦးသိန်းစိန် Washington Post ကို လက်လွတ်စပယ် ပြောတာနဲ့ ဆန့်ကျင်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျပ်အတည်း

ဖော်ပြခဲ့တဲ့ အထောက်အထားတွေအရ အခြေခံဥပဒေမှာ စစ်တပ်က သမ္မတထက် သြဇာကြီးလွန်းနေတယ်လို့ Washington Post သတင်းစာကို ဒေါ်အောင်ဆန်းစုကြည် ပြောတာ သွေးထွက်အောင် မှန်နေတယ်။ အဲသလို စစ်တပ်သြဇာကြီးလွန်းတဲ့ အခြေခံဥပဒေမျိုးနဲ့ ဒီမိုကရေစီ လမ်းကြောင်းရောက်အောင် သွားနိုင်ပါ့မလားဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်တယ်။

လွှတ်တော်နိုင်ငံရေးကို ၀င်ကတည်းက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြေခံဥပဒေ ၂၀၀၈ ကို လေးစားလိုက်နာပါမည်ဆိုတဲ့ ကတိကလည်း ရွေးကောက်ပွဲဥပဒေအရ အလိုလို ပေးထားပြီးဖြစ်တယ်။ နိုင်ငံရေးပါတီတွေဘက်က အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဖို့နေနေသာသာ ဝေဖန်မိရင်တောင် ဒီကတိချိုးဖောက်မှုနဲ့ အရေးယူခံရမယ့်ကိန်း။ လက်ရှိ လွှတ်တော်နိုင်ငံရေးအတိုင်း ဆက်လိုက်ရင်လည်း အခြေခံဥပဒေ ပုဒ်မ (၇) ပါ စည်းကမ်းပြည့်ဝတဲ့ ရွှေရည်စိမ် ဒီမိုကရေစီဆိုတာပဲရမယ်။

နိုင်ငံရေးစနစ်တခုရဲ့ အခြေခံဆိုတာ အစိုးရကွန်စတီးကျူးရှင်းတွေ ဖြစ်လာအောင်လုပ်ပေးဖို့ ဖြစ်လာတဲ့ ကွန်စတီကျူးရှင်းတွေကို ပြင်နိုင်ဖို့ဆိုတာတွေဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျော့ဝါရှင်တန် တချိန်က ပြောဖူးတယ်။

ဒါကြောင့် အခြေခံဥပဒေ ၂၀၀၈ ကနေ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ဘယ်လိုဖယ်ရှားမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်။ ဒီအခြေခံဥပဒေမှာ ကပ်ပါးပိုးလို တွယ်ငြိနေတဲ့ စစ်တပ်သြဇာကို မဖယ်ရှားနိုင်ရင် ဒီမိုကရေစီလမ်းကြောင်း မရောက်နိုင်တာ ထင်ရှားတယ်။ စစ်တပ်သြဇာ ဖယ်ရှားဖို့ ကြိုးစားရင်လည်း စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ်။ ဒီအချက်ဟာ လွှတ်တော်နိုင်ငံရေးမှာ ဒေါ်စု မုချကြုံတွေ့ရမယ့် နိုင်ငံရေးအကျပ်အတည်းဖြစ်တယ်။

တကယ်တော့ ဒေါ်စု တဦးတည်းသာမဟုတ်။ အစိုးရစပွန်ဆာလုပ်တဲ့ လွှတ်တော်နိုင်ငံရေးကို ဖြတ်သန်းနေတဲ့ နိုင်ငံရေးသမားတိုင်း အခြေခံဥပဒေထဲက (ပြင်လည်း ပြင်သင့်တဲ့) စစ်တပ်သြဇာဖယ်ရှားဖို့ ပြင်မယ်ဆိုရင် ဒီအကျပ်အတည်းကို ကြုံတွေ့ရမှာဖြစ်တယ်။ သူတို့ရွေးချယ်တဲ့ လမ်းကြောင်းဟာ တိုင်းပြည်ရဲ့ ကံကြမ္မာဖြစ်တယ်။

ဟန်တင်အောင်
(Swe Swe Kyi's Facebook မှ ...)

2 comments:

T-Aung said...

ဒေါ်စုပြင်မဲ့နည်းလမ်းတွေကို ခန့်မှန်းကြည့်ရရင်---လွတ်တော်ထဲကနေ ပြင်မယ်
ကွန်ယက်တွေ လူမူရေး အသင်းအဖွဲ့တွေ
ပြည်သူတွေကနေ ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးရေးဆင်းနေတယ် လို့ မြင်တယ်။

Mother said...

လက်ရှိမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့
ဥပဒေပြုရေး--
(လွှတ်တော်အဆင့်ဆင့်)တွေမှာ
အရပ်သားတစ်ပိုင်း-အငြိမ်းစား
တပ်မတော်သားများ၊
ယူနီဖေါင်းဝတ်တပ်မတော်သားများ၊
သူတို့နဲ့အဆင်ပြေနေတဲ့ကိုယ်စားလှယ်တွေ
အများစုပါဝင်နေတယ်ဆိုတာ..
ဒေါ်စုကော၊အခြားနိုင်ငံရေး
လှုပ်ရှားသူတွေကော၊
ပြည်သူလူထုကော၊ကလေးကော
အားလုံးသိပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ..
မတရားတဲ့၊အများပြည်သူကမလိုလားတဲ့၊
ဒီမိုကရေစီရေးကိုမဖေါ်ဆောင်တဲ့ဥပဒေ
တစ်ချို့ပါတယ်ဆိုတာလည်း ကလေးကော၊လူကြီးကောသိပါတယ်။
အဲဒါကိုပြုပြင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ NLD က ဒီကြားဖြတ်ရွေးကောက်ပွဲကိုဝင်ပြီး.
လွှတ်တော်တွင်းကနေကြိုးစားပါမယ်လို့.
တိုင်းသိ၊
ပြည်သိ၊နိုင်ငံတကာသိပြောပြီးပြီဘဲ။

သူမတို့တစ်တွေ..လွှတ်တော်ထဲကိုရောက်ရင်
ဘယ်လိုတိုက်ပွဲဝင်မလဲဆိုတာလည်း..သူမတို့
အဆပေါင်းများစွာစဉ်းစားပြီးသားဖြစ်မှာပါ။

လေလှိုင်းနဲ့အင်တာနက်၊သတင်းစာမျက်နှာ
တွေပေါ်မှာဝေဖန်လေကန်ပြီးဆရာကြီးလို
ဘာလိုလိုလုပ်နေတာလောက်တော့..
သင်ရိုးညွှန်းတမ်းကုန်အောင်
တောင်မတတ်တဲ့ ကျမလည်းလုပ်တတ်တယ်၊
လူတိုင်းလည်းလုပ်တတ်ကြပါတယ်။

နိုင်ငံရေးကို ဒီလောက်တောင်သိနေရင်လည်း..
မောင်ကာလုတို့လို ဝေဖန်ထောက်ပြတတ်သူ
တစ်တွေ ဒေါ်စုအနီးနားမှာ၊
ဒါမှမဟုတ် သမတဦးသိန်းစိန်ဆီမှာ.
.နိုင်ငံအကျိုးကိုတတ်စွမ်းသမျှသယ်ပိုးဖို့၊
ကျရာတာဝန်ယူဖို့တာဝန်တောင်းသင့်တာပေါ့။
လေကန်တာတွေရှော့သင့်ပြီပေါ့။မြန်မာပြည်မှာ
အဲဒီလိုလူမျိုးတွေမရှိသင့်တော့ပါ။