မြန်မာ့ ... မြန်မာ့ရုပ်ရှင်
စိန်သံလုံး
၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတဲ့ ၂၀၁၂ ခုနှစ် ၂ လပိုင်းမှာ လုပ်တယ်။ အဲဒီကစပြီး လွဲတော့တာပေါ့။ ပြည်သူလူထုကို မလေးမစားလုပ်တဲ့သဘော လုပ်ချင်တဲ့အချိန် ထလုပ်မယ် ဆိုတဲ့ အာဏာရှင်စရိုက်ဆိုးတွေလေ။ အရင်ကား ၇၀ ကျော် အကဲဖြတ် စိစစ်တုန်းကတောင် ဒီလောက် နှစ်မကျော်ခဲ့ပါဘူး။ ခုဟာက ကောင်းကြသေးရဲ့လား။ ၂၀၁၀ ခုနှစ်အတွက်ဆိုပြီး ၂၀၁၁ မှာ ဖြစ်မလာဘဲ တနှစ်ကျော်ပြီးမှ လုပ်တာ။
အဲဒီ ၂၀၁၀ အတွက် စာရင်းဝင်တဲ့ ကား ၁၅ ကား ဆန်ကာတင် စိစစ်တဲ့ ကားက ၄ ကားထဲ ရှိတယ်။ ကျန်တဲ့ ကားတွေက ဟာသကားတွေလေ။ စီးပွားရေးက မကောင်း၊ လူမှုရေးက စိတ်ညစ်စရာတွေ များနေတဲ့ မြန်မာပြည်မှာ လူတွေ စိတ်အပမ်းဖြေဖို့အတွက် ဟာသကားတွေ အကြည့်များတယ်။ ငိုတဲ့ကားတွေ ကြည့်ရမှာထက် နေ့စဉ် ငိုနေရတဲ့ ဘ၀တွေက များတယ်။ ၀န်ကြီးကိုယ်တိုင်တောင် ငိုပြသေးတယ် မဟုတ်လား။ ငိုကျော်ဆန်းလေ ...။
အဲဒီ ငိုကျော်ဆန်းက မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်မယ်ဆိုတဲ့စကား နှစ်စဉ် အကယ်ဒမီပေးပွဲက စင်မြင့်ပေါ်မှာ ပဏ္ဍာယူပြီး ပြောနေကျပဲ။ ဘာမှ မဆန်းတော့ဘူး။ တကယ်တမ်း မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်ဖို့ကျတော့ ဘာမှ လုပ်မပေးခဲ့ဘူး၊ ဘာမှ ကူညီပံ့ပိုးမှု မရှိခဲ့ဘူး။ မြန်မာ့ရုပ်ရှင်သမားတွေကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတာ ကြာပြီ။ အရင် စစ်အစိုးရတုန်းကလိုပဲ သူလုပ်ချင်ရာ လုပ်နေတာပဲ။ အကယ်ဒမီဆုချီးမြှင့်ပွဲကိုပဲ ကြည့်လေ။ အရင်ပုံစံအတိုင်း ဖေဖော်ဝါရီလမှ လုပ်တာသာ ကြည့်တော့။ ဘယ်နှစ် ဘယ်လ အပြီးလုပ်မယ်ဆိုတဲ့ လျာထားချက်၊ သတ်မှတ်ချက် မထားဘူး။ အဲဒါတွေက ရုပ်ရှင်လောကသားတွေကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ လုပ်ရပ်တခုပဲ။
“ရုပ်ရှင်လောကသားတွေ အားကိုးရာမဲ့နေတာ ကြာပြီ။ ရုပ်ရှင်အစည်းအရုံးကိုလည်း အနုပညာရှင်တွေ ရုပ်ရှင်သမားတွေအပေါ် ချုပ်ကိုင်နိုင်ဖို့ ၀န်ကြီးအလိုကျ ၀န်ကြီးစိတ်ကြိုက်လူတွေနဲ့ ဖွဲ့စည်းထားတယ်။ ရွေးချယ်ပွဲမှာ မဲမရရင် ၀န်ကြီးက အစိုးရခန့်ဆိုပြီး ထည့်ထားတဲ့လူတွေက ချုပ်ကိုင်နေတယ်။ ရုပ်ရှင်လောကသားတွေက အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုနေတာတောင် အရေးမလုပ်၊ ဂရုမစိုက်တဲ့ ၀န်ကြီးရဲ့ အာဏာရှင်ဆန်ဆန် အပြုအမူ အကျင့်ဆိုးတွေကို ဘယ်လိုပြုပြင်ကြမလဲ။ ခေတ်ပြောင်းနေပြီ၊ စနစ်ပြောင်းနေပြီလို့တော့ ပြောတာပဲ။ ပြန်ကြားရေးဝန်ကြီးကတော့ အရင်အတိုင်းပဲ။ ထင်ရာလုပ်နေတုန်းပဲ။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်မားဖို့ ရှေ့ရေးကတော့ ရင်လေးစရာပဲ။”
မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို မြှင့်တင်မယ်ဆိုပဲ။ စကားအဖြစ်သာ ရှိတာပါ။ ရုပ်ရှင်လောကသားတွေကို အမျိုးမျိုး နှိပ်စက်မှုတွေက ရှိနေတုန်းပဲ။ ဘယ်မှာလဲ အားပေးမှု၊ ဘယ်မှာလဲ ကူညီမှု၊ ဘယ်မှာလဲ စောင့်ရှောက်မှု၊ ရုပ်ရှင်ဇာတ်ကားတကားကို သဘာဝကျကျ ရိုက်ချင်ရင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုမှုရအောင် ရုပ်ရှင်နဲ့ဆိုင်တဲ့ ၀န်ကြီးဌာနက ကူညီမှုမရှိတာပဲ။ ခွင့်တောင်းတိုင်းလည်း မရဘူး။ ၀န်ကြီးဌာနချင်းလည်း ညှိမပေးဘူး၊ အဲဒီတော့ သဘာဝကျဖို့ ပီပြင်ဖို့ အဆင့်အတန်းမြှင့်ဖို့ ဆိုတာတွေတော့ ထည့်မပြောနဲ့တော့ ...။
စက်ပိုင်းဆိုင်ရာ အားနည်းမှုအတွက် ကင်မရာအသစ်တွေ နောက်ဆုံးပေါ်တွေ ၀န်ကြီးဌာနက ၀ယ်ပေးလို့လား။ မင်းသားလွင်မိုး ၀ယ်လာတဲ့ တပတ်ရစ် ကင်မရာကို ဌားသုံးခဲ့တာကြာပြီ။ မီးကျိုးမောင်းပျက် ကင်မရာတွေနဲ့ ရုပ်ရှင်အဆင့်အတန်းကို ဘယ်လိုမြှင့်တင်မလဲ။ အဆိုးဆုံးက တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စိတ်ဓာတ်အဆင့်အတန်းကို အရင်ဆုံး မြှင့်သင့်တာပေါ့။
ဖေဖော်ဝါရီ ၇ ရက်နေ့ ညက အကယ်ဒမီပေးပွဲကို ကြည့်လေ။ မင်းသားဆု၊ မင်းသမီးဆု၊ ဇာတ်ကားဆု ရသွားတဲ့ “အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်” ဇာတ်ကားရိုက်ခဲ့တဲ့ ဒါရိုက်တာကို အငြိုးအတေးတခု (“အဲဒီ့အခန်းကို ဖြတ်” ဇာတ်လမ်းတိုကြောင့်လို့ ပြောရမှာပဲ။ ဒါရိုက်တာ ၀ိုင်းကို အကယ်ဒမီ မပေးခဲ့ဘူး။ အမှန်က ဇာတ်ကား၊ ဇာတ်ဆောင်ဆု ပေးတယ်ဆိုရင် အဲဒီကားရိုက်တဲ့ ဒါရိုက်တာကို ပေးနေကျ။ အရင်က ဒီပုံစံနဲ့ ပေးခဲ့ရာက ခု ဇာတ်ကားဆုရတဲ့ ဒါရိုက်တာကို အကယ်ဒမီ မပေးတာ ၃ နှစ်လောက် ရှိပြီ။ ဒါပေမယ့် ဒါရိုက်တာ ၀ိုင်းက “အဲဒီ့အခန်းကို ဖြတ်” ဇာတ်လမ်းတိုနဲ့ ပြည်သူ့အကြိုက်ဆုံးဆုကို ရခဲ့ပြီးပြီ။ သူက အဲဒီဆုကို ပိုပြီးတော့ ဂုဏ်ယူတယ်။
ဒါပေမယ့် ဇာတ်ကားကြီးတခုလုံးကို ကိုင်တွယ်ပြီး ရိုက်ခဲ့တဲ့ ဒါရိုက်တာကို အကောင်းဆုံးဇာတ်ကား ရိုက်နိုင်တဲ့အတွက် အကောင်းဆုံး ဒါရိုက်တာဆု ပေးတာက ပိုပြီး သဘာဝကျပါတယ်။ ဆင်ဆာကိစ္စ၊ ဇာတ်လမ်းစိစစ်မှု ကိစ္စတွေ ဝေဖန်တဲ့ ၀ိုင်းကို ဒါရိုက်တာဆု မပေးခဲ့တာ ရုပ်ပျက်လွန်းတယ်။ အငြှိုးကြီးလွန်းတယ်။
ရုပ်ရှင်လောကသားတွေ အားကိုးရာမဲ့နေတာ ကြာပြီ။ ရုပ်ရှင်အစည်းအရုံးကိုလည်း အနုပညာရှင်တွေ ရုပ်ရှင်သမားတွေအပေါ် ချုပ်ကိုင်နိုင်ဖို့ ၀န်ကြီးအလိုကျ ၀န်ကြီးစိတ်ကြိုက်လူတွေနဲ့ ဖွဲ့စည်းထားတယ်။ ရွေးချယ်ပွဲမှာ မဲမရရင် ၀န်ကြီးက အစိုးရခန့်ဆိုပြီး ထည့်ထားတဲ့လူတွေက ချုပ်ကိုင်နေတယ်။ ရုပ်ရှင်လောကသားတွေက အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုနေတာတောင် အရေးမလုပ်၊ ဂရုမစိုက်တဲ့ ၀န်ကြီးရဲ့ အာဏာရှင်ဆန်ဆန် အပြုအမူ အကျင့်ဆိုးတွေကို ဘယ်လိုပြုပြင်ကြမလဲ။ ခေတ်ပြောင်းနေပြီ၊ စနစ်ပြောင်းနေပြီလို့တော့ ပြောတာပဲ။ ပြန်ကြားရေးဝန်ကြီးကတော့ အရင်အတိုင်းပဲ။ ထင်ရာလုပ်နေတုန်းပဲ။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်မားဖို့ ရှေ့ရေးကတော့ ရင်လေးစရာပဲ။
မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို မြှင့်တင်ချင်တယ် ဆိုရင်တော့ ဆင်ဆာအဖွဲ့၊ ဇာတ်လမ်းစိစစ်ရေးအဖွဲ့တွေရဲ့ အဂတိ လာဘ်စားမှုတွေ အရင်ဆုံး ရှင်းပစ်ရမှာလေ၊ အဲဒါတွေ လွှတ်ထားလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဗွီဒီယိုဇာတ်ကားတခု ထုတ်လုပ်မယ်ဆိုရင် စတစ်ကာ ကပ်ရတယ်။ တခုကို ရုပ်ရှင်အစည်းအရုံးအတွက် ၁၀ ကျပ် သတ်မှတ်တယ်။ အဲဒီထဲက မြန်မာ့ရုပ်မြင်သံကြား သက်သာအဖွဲ့ကို ခွဲပေးရသေးတယ်။ ရုပ်ရှင်လုပ်ငန်းက ၁၆ ကျပ် ယူတယ်။ ဘယ်သူ့ကိုမှ ခွဲမပေးဘူး။ အဲဒါ ခေါင်းပုံဖြတ် အညွန့်ခူးစားတာလို့ မခေါ်ရင် ဘယ်လိုခေါ်မလဲ။
သရုပ်ဆောင် ဇင်ဝိုင်းနဲ့ ဒါရိုက်တာတွေဖြစ်တဲ့ မောင်မျိုးမင်း၊ မိုက်တီး၊ ၀ိုင်းနဲ့ ညီညီထွန်းလွင်တို့က ကောင်းတဲ့အကြံတွေ ပေးတယ်။ မှားတာကို ပြုပြင်သင့်တာတွေကို အကြံပြု ဝေဖန်ကြတယ်။ သူတို့ကို ဆန့်ကျင်သူတွေလို့ သတ်မှတ်ပြီး ပညာသားပါပါနဲ့ နှိပ်ကွပ်နေတယ်။ အဲဒီ ဒါရိုက်တာတွေက ရုပ်ရှင်လောကသားတွေအတွက် အများဆုံး ပြောပေးနေသူတွေဖြစ်ပြီး နိုင်ငံတော်ကားတွေလည်း ရိုက်ကူးပေးခဲ့သူတွေ ဖြစ်တယ်။ သူတို့က မှန်တာပြောတာတွေကို ပြောလို့ အမုန်းခံရတယ်။ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က အာဏာရှင်စနစ်ကို ကျင့်သုံးနေတုန်းပဲ။ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်လုပ်ငန်းက လူတွေနဲ့ ချုပ်ကိုင်ထားတာက သက်သေပဲ။ အနုပညာသမားမဟုတ်တဲ့ လူတွေကို ကြောက်နေရတဲ့ ရုပ်ရှင်လောကသားတွေ ရုပ်ရှင်လောကကြီး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ။ ရုံတင်ပြသရေးစနစ်ကလည်း ရုံပိုင်ရှင် သူဋ္ဌေးတွေ လုပ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတယ်။ ရုံတင်ကားရက် ရရှိရေးက ရုံပိုင်ရှင်နဲ့ အဆင်ပြေမှ လိုတဲ့ရက် ရတယ်။ အစည်းအရုံးက ဘာမှ လုပ်ပိုင်ခွင့်မရှိတာ ကြာပြီ။ ကဲ ... ဘယ်လိုနည်းနဲ့ မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို မြင့်မားအောင် လုပ်ကြမှာလဲ။ မရှက်ကြဘူးလား။
စိန်သံလုံး
No comments:
Post a Comment