Saturday, February 25, 2012

အချစ်စိတ်နှင့် လူ့အဖွဲ့အစည်း

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၅)
အချစ်စိတ်နှင့် လူ့အဖွဲ့အစည်း
ဒေါက်တာလွဏ်းဆွေ

တည …။ အဆိုတော်ဖြူသီထံမှ မေတ္တာလက်ဆောင်ရလာသည့် ‘ကြင်စဦး’ မြန်မာသံစီးရီးခွေကို ဖွင့်၍ စိတ်အေးလက်အေး နားဆင်ခံစားနေမိ၏။ A Side ဒုတိယအပုဒ် အရောက်မှာပင် အဆိုတော်ဖြူသီ၏ ကြည်အေးချိုမြသောအသံနှင့် ဆိုထားသည့် တေးသီချင်းစာသားများက ကျနော်၏ စိတ်အာရုံကို ဖမ်းစားတော့၏။ ခေတ်ပေါ်စကားနှင့်ပြောရလျှင် ဟတ်ထိသွားတော့၏။ ထိုသီချင်းလေးကိုပင် ပြန်ရစ်၍ ထပ်ကာ ထပ်ကာ နားဆင်နေမိ၏။ သီချင်းလေး၏ နာမည်က “အချစ်ကြောင့် လှတဲ့ကမ္ဘာ” တဲ့ …။

“ဒီကမ္ဘာကြီးထဲ … ချစ်သူများအတွက် လှတယ် … အချစ်ရှိနေရန် လိုတယ် … ကိုယ်စီ နှလုံးသားထဲမှာကွယ် … ပန်းကလေးများလည်း ပွင့်ဖူးဝေနေတယ် … ကိုယ်လည်း ချစ်တေးသီဆိုနေပါတယ် …”

“လူဆိုတာ ကိုယ်စီမှာအသည်း … ရှိစမြဲ … အသိပဲကွယ် … အကြင်နာတွေ အတွယ်အတာတွေဟာလည်း … လူ့နှလုံးသားအရေးအရာရယ် … အသည်းတံခါး ဖွင့်ကာရယ် ကြိုမှာလား အချစ်ရယ် … အမုန်းတံခါး ပိတ်ကာရယ် ကြည်လင်သောအပြုံးနဲ့ … နှလုံးသားပေးပါကွယ် သာယာချမ်းမြေ့တဲ့ … ဒီကမ္ဘာဝယ် ကြည်သာချစ်ခွန်းတုံ့ပါကွယ်”

“ဒီကမ္ဘာကြီးထဲ … ချစ်သူများအတွက် လှတယ် … အချစ်ရှိနေရန် လိုတယ် … ကိုယ်စီ နှလုံးသားထဲမှာကွယ် … အပြုံးပန်းလေးများ ပွင့်ဖူးဝေပါကွယ် … ကိုယ်လည်း ချစ်တေးသီဆိုနေပါမယ် …”

သီချင်းစာသားလေးကို ကြည့်လျှင် သာမန်အချစ်သီချင်းကလေးဟု ထင်စရာရှိသော်လည်း ကျနော်က ထိုထက်ပို၍ အတွေးနယ်ချဲ့ကာ ခံစားနေမိ၏။ အထူးသဖြင့် အချစ်စိတ်ဖြင့် ကြည့်မြင်တတ်မှု၏ အစွမ်းအာနိသင် ကြီးမားပုံကို တွေးတောနေမိခြင်းဖြစ်သည်။

လူတဦးနှင့်တဦး အချစ်စိတ်ဖြင့် ကြည့်မြင်နိုင်မှ အပြန်အလှန် မေတ္တာထားနိုင်မည်။ ကရုဏာစိတ် ဖြစ်ပေါ်လာမည်။ မုဒိတာစိတ်ဖြင့် ရှုမြင်နိုင်မည်။ အားလုံးတသားတည်းဟူသော ဥပေက္ခာစိတ်ဖြင့် ဆုံးဖြတ်သုံးသပ်နိုင်မည်။ အဆိုပါ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားနိုင်မှ တဦးအပေါ်တဦး စေတနာထားနိုင်မည်။ ကြင်နာသနားနိုင်မည်။ စာနာနားလည်နိုင်မည်။ ညှာတာထောက်ထားနိုင်မည်။ သည်းခံခွင့်လွှတ်နိုင်မည်။ ကူညီရိုင်းပင်းလိုမည်။ အနစ်နာခံနိုင်မည်။ သံသယကင်းရှင်းပြီး အကောင်းမြင်စိတ်ဖြင့် ရှုမြင်နိုင်မည်။ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်မည်။

ထိုထိုသော စိတ်ထားများရှိမှ ပြဿနာအရပ်ရပ်ကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ဖြင့် ညင်ညင်သာသာ ဖြေရှင်းနိုင်မည်။ ပြဿနာများ လျော့ပါးကင်းရှင်းပါမှ ထိုလူ့အဖွဲ့အစည်းသည် သာယာချမ်းမြေ့ပြီး စည်ပင်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ထိုအချင်းအရာအားလုံးသည် လူတဦးချင်းစီ၏ အချစ်စိတ်ဖြင့် ကြည့်မြင်တတ်မှု ဖြစ်တည်လာခြင်းအပေါ်တွင် အခြေခံလာမှသာ ဖြစ်ပေါ်လာနိုင်ပေမည်။ အချစ်စိတ်ဖြင့် ကြည့်မြင်တတ်ဖို့မှာကား လူတိုင်းလူတိုင်း၏ ရင်ထဲ အသည်းထဲတွင် အချစ်စိတ် ကိန်းအောင်တည်ရှိနေဖို့ လိုပါသည်။ အချစ်စိတ်ရှိဖို့ ဆိုရာတွင်မူ တဦးတယောက်ကို ချစ်တတ်သည့်စိတ်မှသည် လူသားအားလုံးအပေါ် ချစ်တတ်သည့်စိတ်အထိ မွေးမြူဖို့လိုသည်ဟု တွေးတောနေမိပါသည်။ ထိုသို့သော အတွေးနယ်ချဲ့မှုများဖြင့် ထိုသီချင်းလေးက ကျနော့်ကို ဖမ်းစားထားခြင်း ဖြစ်လေသည်။

အမှန်စင်စစ် ဆိုရလျှင်မူ အချစ်စိတ်ရှိဖို့လိုသည်ဟု တိုက်တွန်းနေခြင်းသည် လူတိုင်းသိပြီးသား ဖန်တရာတေနေသော အကြောင်းအရာကို ပြောနေခြင်းဖြစ်၍ ရိုးစင်းလွန်းသည်ဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် ဤကမ္ဘာပေါ်တွင် အရိုးစင်းဆုံး အကြောင်းအရာကသာလျှင် ဘယ်တော့မှ မရိုးနိုင်သောအရာ ဖြစ်နေတတ်ပါသည်။ ထိုသို့ ဘယ်သောအခါမှ ရိုးမသွားနိုင်သော အကြောင်းအရာကို ကျနော်တို့က ပရိသတ်ရင်ထဲ အစဉ်အမြဲ ကိန်းအောင်းနေအောင် ရသပုံစံမျိုးစုံဖြင့် တင်ဆက်ပေးချင်နေမိပါသည်။ ထိုအာသီသကို ဖြည့်စွမ်းနိုင်ဖို့ ကျနော်တို့ တတ်အားသရွေ့ ဆက်လက်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ပါသည်။ ။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၀၄ ခုနှစ်)

No comments: