လိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ်ဆောင်ပြီး
တာဝန်အချို့ကို ပခုံးပြောင်းရယူနိုင်ကြပါစေ
တာဝန်အချို့ကို ပခုံးပြောင်းရယူနိုင်ကြပါစေ
ကိုထိုက်
(အောက်တွင် ဖော်ပြထားသော ‘ဇော်ဝင်း - ၈၈ ကျောင်းသားဟောင်း’ ၏ ‘သမိုင်းပေးတာဝန်’ ဆောင်းပါးနှင့် ယှဉ်တွဲဖတ်ရှု ဆင်ခြင်သုံးသပ်စေလို၍ comment တွင် တွေ့ရသော link ကို အပြည့်အစုံ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ comment တွင် link ချပေးခဲ့သူကို ကျေးဇူးအထူးတင်ရှိပါသည်။)
ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းကာရော မျက်စိမှိတ် ကြည်ညိုသူမဟုတ်ပါဘူး။ ဒါကို စကားကြိုပြောပါရစေ။ ဒါပေမယ့် သေချာတွေးကြည့်ပါ။ သူ တရက်အတွင်းမှာ အများနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စအရည်အတွက်ဟာ ကျနော်တို့ တဦးချင်း ၇ ရက်လောက် လုပ်ကိုင်တဲ့ အရည်အတွက်လောက်နဲ့ ညီနိုင်ပါတယ်။ (ကျနော် ဒီနေရာမှာ ကိုယ်ကျိုးစွန့် လုပ်ကိုင်မှုလို့လည်း မသုံးလိုပါဘူး။ လောကမှာ လူတိုင်းရဲ့ ကိုယ်ကျိုးစွန့်တဲ့ လုပ်ရပ်တိုင်းမှာ ကိုယ်အတွက်နဲ့ ကိုယ့်ဆန္ဒ ပါဝင်နေကြတာ ရာခိုင်နှုန်းအတ်ာများပါတယ်။)
ဒီတော့ သူ့ရဲ့ public surface က လုပ်ရပ်ကို ကြည့်ပြီး (သတင်းနဲ့ သတင်းဌာနတွေ၊ မိန့်ခွန်းပြောဆိုချက်တွေကို ကြည့်ပြီး) .. ဟိုဟာတော့ မလုပ်လို့၊ ဒီဟာတော့ မပြောလို့ ဆိုပြီး ဝေဖန်မိကြသူတွေကို တွေ့ရပါတယ်။ အဲဒီ လူတွေကလည်း စိတ်စေတနာဇောနဲ့ တိုင်းပြည်အတွက် သူရဲ့လုပ်ရပ်တွေမှာရှိတဲ့ လိုအပ်ချက်ကို ဝေဖန်တာလည်း ဖြစ်နိုင်သလို တမင်သက်သက် ချောက်တွန်းသလို အမှားလုပ်ရပ်တွေ ရှိတာကို သူတော်ကောင်းက ထောက်ပြတဲ့ပုံစံနဲ့ ဆရာကြီးလုပ်သူတွေလည်း အများကြီးပါ။
ဥပမာ - ပြည်ထောင်စုနေ့မှာ ကချင်ဒေသကတွင်းက ဒုက္ခသည်တွေအကြောင်း ထည့်ပြောမသွားဘူးဆိုတာ၊ ရွှေညဝါကိစ္စ မပြောဘူးဆိုတာ၊ တိုင်ရီ ဆန္ဒပြသူတွေကိစ္စ မပြောဘူး၊ မလုပ်ဘူးဆိုတာ ... စသဖြင့်ပေါ့။ တကယ်တမ်း ပြန်တွေးကြည့်ရင် အဲဒီကိစ္စတွေဟာ စနစ်ဆိုးရဲ့ အကျိုးဆက်တွေပါပဲ။ သူကိုယ်တိုင်တောင် မန္တလေး၊ ဖျာပုံခရီးတွေမှာ စနစ်းဆိုးရဲ့အကျင့်ဆိုးတွေနဲ့ လူဆိုးတွေရဲ့ နှောက်ယှက်တာ ကြုံခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ မှားယွင်းတဲ့ စနစ်ဆိုးရဲ့အောက်က ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီစနစ်ကြီးတခုလုံးကို ပြင်နိုင်အောင် ကြိုးစားတဲ့လုပ်ရပ်တွေကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။
ဒုက္ခသည်တွေကို ကူညီတာနဲ့ ဒုက္ခသည် အမြစ်ပြတ်အောင် လုပ်ဆောင်တာဟာ တူသလိုလိုနဲ့ လုံးဝ ကွဲလွဲပါတယ်။ ဒုက္ခသည် ကူတာကို လူတိုင်း သာဓုခေါ်ကြပြီး ထင်သာမြင်သာရှိပေမယ့် ဒုက္ခသည် အမြစ်ပြတ်အောင် လုပ်တာကတော့ သာဓုခေါ်စရာ မဖြစ်နိုင်ပါဘူး။ ထင်သာမြင်သာလည်း မရှိနိုင်ပါဘူး။ (ဥပမာ .. စစ်ပြေးဒုက္ခသည်တွေကို ကူညီတာ သာဓုခေါ်ရပေမယ့် စစ်ပွဲရပ်ဖို့ ကြားကနေ စေတနာကောင်းနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသူတွေရဲ့လုပ်ရပ်က သိသာထင်ရှားစွာ သာဓုခေါ်စရာ ဖြစ်မနေတတ်ပါဘူး။)
အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဖြစ်ရပ်ရဲ့သဘောကတော့ ခေါင်းမိုးက အပေါက်တွေ များပြီး မိုးယိုလို့ ကြမ်းပြင်မှာ နေရာတကာ ရေစိုတာကို ကြမ်းပြင်က ရေတွေကို ခြောက်သွားအောင် လိုက်သုတ်ရတာနဲ့ ခေါင်းမိုးက မိုးယိုပေါက်တွေကို အပေါ်တက်ပြီး ဖာထေးပြုပြင်တာနဲ့ လုပ်ငန်း ၂ ခု ရှိနေပါတယ်။ ၂ ခုလုံးကို တပြိုင်နက်တော့ လုပ်လို့မရပါဘူး။ ခေါင်မိုးကို ဖာထေးတဲ့လုပ်ငန်းကို လုပ်တဲ့လူက သူ့တာဝန်ကို အာရုံစိုက် လုပ်ရမှာဖြစ်သလို တပြိုင်နက်ထဲမှာ ရေစိုနေတာကို ခြောက်အောင် လိုက်သုတ်ဖို့ကလည်း နောက်တယောက်ရဲ့ တာဝန်ဖြစ်ပါတယ်။
ရေစိုနေတာကို ခြောက်အောင် သုတ်ဖို့က လူတိုင်း လုပ်တတ်တယ်။ ၆ နှစ်သား ကလေးတောင် လုပ်နိုင်တယ်။ ဒါပေမယ့် ခေါင်းမိုးက အပေါက်ကို ဖာထေးတာကတော့ အနည်းဆုံး အပေါ်ကို တတ်နိုင်သူ၊ ဘယ်လို ဖာထေးရမယ်ဆိုတာကို နားလည်သူ၊ ကိရိယာ တန်ဆာပလာတွေ ရှိတဲ့သူဖြစ်ပြီး အဲဒီကိရိယာတွေကို ကျွမ်းကျင်စွာ ကိုင်နိုင်သူဖြစ်ဖို့ လိုအပ်ပါတယ်။ ခေါင်မိုးပ်ါကို တတ်နေတဲ့ ကာလမှာလည်း မိုးယိုတာ ချက်ချင်း မရပ်သေးလို့ ဆိုပြီး ပြောလို့မရသေးပါဘူး။ လှေကား ယူရပါမယ်၊ ခုံခုရပါမယ်၊ ထုတ်တန်းကို လှမ်းကိုင်ရပါမယ်၊ ပြုတ်မကျအောင်လည်း သေသေချာချာ မြဲမြံအောင် လုပ်ရပါမယ်။ လိုအပ်ရင် ခေါင်မိုးတခုလုံးကို အသစ်ပြန်မိုးဖို့ လုပ်ရတာလည်း ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သွပ်ပြား (သို့) ဓနိ ၃၊ ၄ ချပ်လောက် အစားထိုးလဲရတာလည်း ဖြစ်နိုင်ပါတယ်။
ဒီတော့ ခေါင်းမိုးကို ပြင်နေတဲ့ ကာလအတွင်းမှာ ခေါင်မိုးပြင်နေတာကို ယုံကြည်တယ်၊ သိတယ်ဆိုရင်တော့ ပြင်နေသူ ပြုတ်မကျအာင်၊ ခြေမချော်အောင် ဝိုင်းကူပေးရမှာနဲ့ လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေကို အောက်ကနေ လှမ်းပေးရတာတွေကိုလည်း လုပ်ပေးကြရမှာဖြစ်သလို ကြမ်းပြင်မှာ ရေစိုနေတာကို ကိုယ့်တာဝန်နဲ့ကိုယ် အမြင်မတော်သူ၊ လုပ်နိုင်သူတွေကို ရေခြောက်အောင် လုပ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဟိုဟာတော့ မလုပ်ဘူး၊ ဒီဟာတော့ မလုပ်ဘူး ဆိုတာတွေ ပြောနေမယ့်အစား အဲဒီ ဟိုဟာ ဒီဟာတွေကို ကိုယ်တိုင်နိုင်သလောက် ရေခြောက်အောင် သုတ်သလိုမျိုး နိုင်တဲ့ဘက်က ဝိုင်းဝန်းလုပ်ကိုင်တာတွေကို လုပ်ပြီး ပျက်စီးနေတာတွေကို တတ်ညီလက်ညီ ပြင်ရင် တိုင်းပြည်ထဲက ဒုက္ခတွေ မြန်မြန်နဲ့ အချိန်တိုတိုအတွင်းမှာ လျော့ပါး သက်သာလာမယ် ထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရွှေညဝါဆရာတော်ဆီ မသွားနိုင်ရင် ... ကိုမင်းကိုနိုင်တို့ ရောက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကချင်ဒေသကို လူကိုယ်တိုင် မရောက်ပေမယ့် ငွေတော့ ရောက်ပါတယ်။ အခြား လူမှုရေးအဖွဲ့အစည်းတွေ သွားကြပါတယ်။ ထို့အတူ လယ်သမားတွေ အရေးကိစ္စကိုလည်း ဦးနေမျိုးဝေတို့ လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်ရီကိစ္စကို မလုပ်ပေမယ့် ကိုဖိုးဖြူတို့က လုပ်ပါတယ်။ ဒီနေရာမှာ နေရာလဲပြီး သုံးကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာတွေကို ကိုဖိုးဖြူ မလုပ်နိုင်ပါဘူး။ ကိုဖိုးဖြူ လုပ်နေတဲ့ ကိစ္စတိုင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်ပါဘူး။ ဥပဒေကြောင်းတွေ ကိုဖိုးဖြူလောက် နားမလည်နိုင်ပါဘူး။ ဒါကြောင့် သူ့နေရာ သူ့တာဝန်ကို ယူပြီး လုပ်နေကြတာ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဟိုဟာ၊ ဒီဟာ မလုပ်ဘူးလို့ ဝေဖန်ထောက်ပြနေမယ့်အစား ဒေါ်အောင်ဆန်းစုကြည် လုပ်တာ ဟိုမှာ ဒီမှာ အားနည်းနေတယ်၊ ငါတို့ အဲဒီနေရာတွေကို ဘယ်လို အားဖြည့်မလဲ၊ ဘယ်လို တာဝန်ယူမလဲ၊ ဘယ်လို အစားထိုး လုပ်ကိုင်မလဲ ဆိုတာ တွေးရပါမယ်။
တကယ်တမ်းမှာ အဲဒီအတွေးလောက်နဲ့တင် မလုံးလောက်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ တွေနဲ့ အခြားနိုင်ငံရေးမှာ ပါဝင်လုပ်ကိုင်နေသူတွေရဲ့ တာဝန်တွေက များတာကြောင့် သူတို့ တာဝန်တွေထဲကနေ ငါက ဘာတာဝန်ကို ခွဲဝေယူနိုင်မလဲ .. ဆိုတာကို တွေးပြီး အစားထိုးရယူနိုင်ပြီး တိုင်းပြည်ကောင်းဖို့ တည်ဆောက်နိုင်လျှင် အကောင်းဆုံးပါပဲ။
ဝေဖန်အပြစ်တင်နေမယ့်အစား လိုအပ်ချက်တွေကို ဖြည့်ဆည်း လုပ်ဆောင်ပြီး တာဝန်အချို့ကို ပခုံးပြောင်း ရယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
လေးစားစွာဖြင့် ...
ကိုထိုက်
(Ko Htike's Facebook မှ ...)
29 comments:
ကျေးဇူးတင်ပါတယ် စာရေးသူရော ဒီလိုစာမျိုးကို တကူးတကရှာတင်ပေးတဲ့ဒေါက်တာလွဏ်းကိုရော
အထူးကျေးဇူးတင်ပါတယ်
အပြည့်အ၀ထောက်ခံပါတယ်..မြန်မာလူမျိုးတော်တော်များများဟာ ကိုယ်ကသာ ဘာမှမလုပ်တယ် တခြားသူကိုတော့ ဟိုဟာမလုပ်ဖူး ဒီဟာမလုပ်ဖူးဆိုပြီး လွယ်လွယ်ဝေဖန်တတ်ကြတယ်..အထူးသဖြင့် ကိုယ့်ကိုကိုယ် နိင်ငံရေးဆရာကြီးတွေလို့ ခံယူထားကြသူတွေပေါ့..တချို့ကလဲ ပြသာနာကို ကိုယ်တိုင်းဖြေရှင်းဖို့ အရင်မကြိုးစားဘူး ဒေါ်စုကယ်ပါအုံး NLDကယ်ပါအုံးနဲ့ အလွယ်အကူအကူအညီ တောင်းတတ်ကြတယ်..အချောင်သမားစိတ်ဓါတ်တွေပေါ့..ဖျောက်ဖို့ သင့်ကြပါပြီ...
ဖိုးဖြူကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသဘောထား သလဲဆိုတာ ကိုထိုက်သိပါသလား။ ဖိုးဖြူ ၊ စုစုနွေး ကို ဒေါ်အောင်ဆန်းစုကြည်က အားပေးနေသလား၊ ကန့်ကွက်နေသလားဆိုတာ သိသလား။ တိုင်ယီကိင်္စကို ဒေါ်အောင်ဆန်းစုကြည်က မူအရ ထောက်ခံသလား၊ ကန့်ကွက်သလားဆိုတာ သိသလား။ အရေးကြီးတာကမူ... မူ.... မူ.. ဖိုးဖြူတို့လိုလူ တွေကို ရန်သူထင်နေတာက ဂွကျတာ။
သူမနေရာမှာ..သူတို့တစ်တွေနေရာမှာ..
ကိုယ်သာဆိုရင်..
တစ်စတစ်စတိုးတက်ပြောင်းလဲ
လာတဲ့လက်ရှိအခြေအနေကနေ
နောက်ကြောင်းပြန်လှည့််ဖို့၊
ထချဖို့၊စကားလုံးတွေဖေါင်ဖွဲ့ပြီး..လေလှိုင်းနဲ့
အင်တာနက်ကနေဘဲ.အော်လိုက်၊ဝေဖန်လိုက်
၊လေကန်လိုက်
ပြည်ပတစ်ခွင်ကနေဘဲ ဟိုနေရာရှေ့ ၊ဒီနေရာရှေ့သွားပြီး ဆန္ဒပြလိုက်နဲ့လုပ်နေမလား ၊ပြန်စဉ်းစားကြပါ။
အမေရိကန် နဲ့အနောက်နိုင်ငံတွေမှာလည်း..
အဲဒီကလူတွေဟာ..ဒီမိုကရေစီနိုင်ငံဆိုပြီး
ဒို့အရေးလုပ်တိုင်း၊အော်ကြတိုင်း၊သတင်း မီဒီယာတွေမှာ
.ရေးတိုင်း၊ကိုယ်လိုချင်တာတွေရနေလား။။။
နိုင်ငံရေးအတွေးအခေါ်၊ နည်းဗျူဟာ နဲ့
အဲဒီကနေတစ်ဆင့် ရလဒ်သုံးသပ်နိုင်မှုတွေ
ကို..ကကြီးလောက်ဘဲသိပြီး အ.လောက်ကိုသိသလိုနဲ့
အဝေးကနေပြီး ကိုယ်ဖြစ်ချင်တာတွေအော်၊ ကိုယ်တိုင်ကဘယ်လိုအကြံဥာဏ်ကောင်းတွေနဲ့
အခြေအနေတွေပိုတိုးတက်လာအောင်..
မြန်မာပြည်တွင်းက လုပ်နေတဲ့သူတို့ကို
အားဖြည့် ထောက်ခံကူညီမဲ့အစား..
မြန်မာပြည်တွင်းကအခြေအနေပိုဆိုးလာအောင်
ရှုပ်ထွေးလာအောင်
လုပ်နေတာဟာ..နိုင်ငံရေးနလပိန်းတုန်း
တွေရဲ့အကျင့်ဘဲ။ အဲဒီလိုလူမျိုးတွေများနေရင်
မြန်မာပြည်ကြီးဟာ..ဒီမိုကရေစီနိုင်ငံတော်သစ်
ဖြစ်ဖို့..ဆူးညှောင့်ခလုတ်တွေပိုတွေ့နေမှာဘဲ။
ကိုယ်လုပ်နိုင်တာနည်းနည်းနဲ့
့ဝေဖန်နေတာများများဟာလည်း..
တိုင်းပြည်တိုးတက်သာယာရေးကို.
အဟန့်အတားတစ်ခုပါ။
It is easier to be critical than correct(British Prime Benjamin Disraeli).
Due to video files after current released , people can estimate true ability of activists.
Sincerely, we have lost impression to ဦးဂမ္ဘီရ and ကိုဖိုးဖြူ cos of their tones and views showing no intellectual sense though appreciate to their boldness.
ကိုယ့် စိတ်ထဲက ခံစားချက်တွေကို ကိုယ်တိုင် မရေးတတ်လို့ ဒီစာလေးက ရေးပေးလိုက်သလိုပါပဲ။
ကျေးဇူးတင်ပါတယ်။
အမှန်ဆုံးပေါ့ဗျာ။ လူဆိုတာ ကိုယ့်အခန်းကို ကိုယ်ကိုတိုင် အကောင်းဆုံး ကပြနိုင်ရင် အဖိုးတန်လူသားပေါ့။ မကပြနိုင်ပဲနဲ့  အလကား ဆရာကြီး လူတတ်လုပ်နေတာကတော့ ငပွပေါ့။
ကိုထိုက်
ရှင်းရှင်လေး နဲ့လူဘိန်းနားလည်လွယ်အောင်ရေးပေးတဲ့အတွက်ကျေးဇူးတင်တယ်......ကိုဇော်ဝင်း....လို....၈၈ကျောင်းသား ဆိုတာထည့်မရေးလို့ လေးစားပါတယ်ဗျာ....
One of excellent posts. Good wide vision & view. Thk for ur post.
နေရာချင်းပြိုင် နိုင်မတဲ့ လား....ဒီလောဂျစ် (line of thought)ကိုသုံးရင် မဲဆွယ်တဲ့ အခါ သူ မထွက်နဲ့ လေ...ပါတီဝင် ဘယ်သူမဆို သွားလို့ ရသပေါ့..သမတနဲ့ တွေ့ ဖို့ သာ ကြိုးစားနေပေါ့ သူများတွေ တွေ့ လို့ မရဘူးလေ...အမတ်လူတိုင်းလုပ်လို့ ရသလေ...တမဲတန်ပဲဟာ...အများကြီးဆက်ပြောရရင်....အခုပြေနေရတာက သူ့ ကို ကျုပ်တို့ က လူတွေ အတွက် အသုံးဝင်သေးတယ်ထင်လို့ ပြောနေတာ...အေပရယ်ဖူးနောက်ပိုင်း ပြောဖို့ ကိုမလို....
Yes, i am agreed with u.
အေးဗျာ ဆီလို အပေါက်ရှာတဲ့ ဝေဖန်ရေးတွေကို စိတ်ပျက်လာပြီ. ကီးဘုတ် ကလေးရင်းပြီး မောက်စ် ကလေးရင်းပြီး ဒေါ်စုကို ဟိုဟာမလုပ်ဘူးလား၊ ဒီဟာမလုပ်ဘူးလား ဆိုတဲ့သူတွေကို ဒီစာစုမျိုးဖတ်စေချင်ပါတယ်။
သိပ်ကိုကြိုက်ပါတယ်။
မဝေဖန်တတ်သူများက ဝေဖန်တတ်သူများကို ဒီလိုပြောကြသည်။ ပညာရေး ပညာရေး။ ဒေါ်အောင်ဆန်းစုကြည်ကို မေးကြည့်ပါ။ သူမျှော်မှန်းတဲ့ပညာရေးစနစ်မှာ ခေါင်းဆောင်ကို ဝေဖန်ခိုင်းမလား မဝေဖန်ခိုင်းဘူးလားလို့ ။ ခေါင်းဆောင်ကို မဝေဖန်တတ်ရင် မဝေဖန်ရဲရင် မဝေဖန်ချင်ရင် အာဏာရှင်စနစ်နဲ့ ပဲတန်သည်။ ဝေဖန်တာကို ပြန်မရှင်းတတ်ပဲ နောက်လိုက်ကို ပြန်ဝေပုံချနေရင် အာဏာရှင် ခေါင်းဆောင်ပဲဖြစ်မည်။
Thanks Ko htike.
Clear and perfect.
ကောင်းလိုက်တာ။ ဟို ကိုပေါဆိုသူ ဆရာကြီးလိုလိုလူကို စောင်းပြောနေသလား အောက်မေ့ရတယ်။
ဒေါ်စု မကောင်း မပြေနဲ့ ဟေ့ ။ ဒီလို ပြောမှ နို့ မို့ ၀ိုင်း အဆဲ ခံ ရလိမ့်မယ်၊ နေ၀င်း လက်ထက်ကလိုဘဲ အားလုံးကောင်းပါတယ် ဆရာကြီး လို့ ဘဲ ပြောကြပါ၊ တခုတော့ ရှိပါတယ် အိမ်ခေါင်မိုး အပေါက် ဖာတာ နဲ့ နိုင်ငံရေး လုပ်တာ ကို နှိုင်း ပြောလို့ မရပါ ဆရာကြီး လေသံ နဲ့ တော့ မရေးပါနဲ့၊ ကိုယ်လိုရာ ကိုယ် ဆွဲ မရေးပါနဲ့၊ မတူကွဲပြားခွင့် ရှိပါတယ်
If i say as Zaganar voice. Zaganar is zaganar. Daw su is Daw su. Ko pho phyu is ko pho phyu.
သိပ်ကောင်းတဲ့ ဆောင်းပါးပါ။
ဝေဖန်တာနဲ့ ဖဲ့ တာ ရွဲ့ တာ ကွဲပြားဖို့ အရေးကြီးပါတယ်။
အမှားထောက်ပြ သလိုလိုနဲ့ ကိုယ်ဖြစ်ချင်တာ မဖြစ်လို့ အဝေးကနေ ကီးဘုတ်ကိုင်လှမ်းဖဲ့တာ ကိုတော့ လက်မခံနိုင်ပါ။
Totally agree with this post
Ko Htike,
I do agree with you.
Very good comment.
Thank you for your comment.
ဒီလို ဆောင်းပါး မျိုး ရေးပေးတာ သိပ်ကောင်းပါတယ် .. .. ကျေးဇူးအများကြီးတင်ပါတယ် .. .. ဘက်လိုက်မူ မပါဘူးဆိုတာ ခံစားသိနိုင်ပါတယ် .. ..
မြန်မာ ပြည်သူပြည်သားတွေ ဒီအမှန်တရား နဲ့ လက်တွေ့ အလုပ်တွေ လုပ်လာ ခဲ့ကြမယ်ဆိုရင် ဘာကြာမှာလဲဗျာ .. .. တိုးတက်တော့မှာ အသေအချာပါ .. .. ဒီဆောင်းပါး ကြောင့် အသိဥာဏ်ရှိပြီး နားလည် မူလွဲ အမြင်လွဲ နေသူတွေထဲက အနည်းဆုံး တစ်ယောက်မက ( အတော်များများ ) အမှန်သိမြင် ဆင်ခြင် မိသွားကြပြီလို့ ယုံကြည်လျှက် .. .. ကိုထိုက် .. .. တိုင်းပြည်အတွက် ကျရာ ကျွမ်းကျင်ရာ နေရာကနေ တိုင်းပြည် အကျိုးပြုလိုက်တာကို လေးစားဂုဏ်ယူ လျှက်ပါ .. ..
သိပ်ကောင်းပြီး သိပ်ကို အဓိပ္ပါယ်ရှိတဲ့စာပါ ကျေးဇူးတင်ပါတယ်
အားရို..ရို
(ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ တွေနဲ့ အခြားနိုင်ငံရေးမှာ ပါဝင်လုပ်ကိုင်နေသူတွေရဲ့ တာဝန်တွေက များတာကြောင့် သူတို့ တာဝန်တွေထဲကနေ ငါက ဘာတာဝန်ကို ခွဲဝေယူနိုင်မလဲ .. ဆိုတာကို တွေးပြီး အစားထိုးရယူနိုင်ပြီး တိုင်းပြည်ကောင်းဖို့ တည်ဆောက်နိုင်လျှင် အကောင်းဆုံးပါပဲ။)..လို့ ဆိုတာ...
ကိုထိုက်တို့ က နောက်တောင်ကျနေပြီ...။
ဒီကကုလား ချွတ်ပရား က လျင်သလား မမေးနဲ့ ။
ဒေါ်စု နဲ့ ၈၈ တွေ တွေ့ တော့...
ချွတ်ပရား လဲ ငါက ဘာတာဝန်ကို ခွဲဝေယူနိုင်မလဲ .. ဆိုတာကို တွေးပြီး အပြေးချီတက် မေးတော့
တာပေါ့ ...။
တိုင်းပြည်အတွက် ဆွေးနွေးပြီး အကောင်အထည်
ဖော်မဲ့ အစီအစဉ်တွေကို ထုတ်ဖော်မပြောဖို့ 
နှစ်ဦးနှစ်ဖက် သဘောတူညီထားသတဲ့..။
ကောင်း..ကွာ...။
ခု..နေခါတော့...
ပွဲတက်ခင်၊ ပွဲတက်မောင်..တာဝန်တွေနဲ့ 
နပမ်း လုးံနေကြတာဆိုတော့...
ဘာတာဝန်တွေ ခွဲဝေယူနိုင်မလဲ ဆိုတာ...မတွေးသေးဘူးဟေ့...။
ချွတ်ပရား တစ်ယောက်..မနပ် လို့ ကတော့...
ဟိုပွဲ၊ဒီပွဲ၊ဒီအခမ်းအနား၊ဟိုအခမ်းအနား..အပြီး
ထိုင်ခုံ သိမ်း၊သယ် ရသွားလိမ့်မယ်..။
ကုလားချွတ်ပရားနော်...
ဒေါင်းကို သိမ်းဆိုလို့ သိမ်းထားတယ်.။
ပွဲကြိုက်ခင်၊ ပွဲကြိုက်မောင် တွေ..
ဖြစ်သွားလို့ ကတော့...
ကုလားလဲ ကလပြေ အပြီး ပြန်ပြီး
ဈေးမှာ ဒုတ်ထိုး ရောင်စုံ ဂျုံဒေါင်းရုပ်လေးတွေ
လုပ်ရောင်းတော့မယ်..။
အရမ်းကိုမျှတပါတယ်...ကိုထိုက်ပြောသလို တာဝန်တွေကို ခွဲဝေယူနိုင်ရင် ကျွှန်တော်တို့  တိုင်းပြည်အတွက်အရမ်းကိုကောင်းသွားမှာပါ အခုအချိန်က တစ်ယောက်ကိုတစ်ယောက်အ့ပြစ်တင်နေရမဲ့ အချိန်မဟုတ်တော့ပါဘူး...အဲဒီလိုအပြစ်တင်ခဲ့ လို့ လဲ ကျွှန်တော်ကို အနှစ်၂၀ကျော်ဖိနှိပ်ခံခဲ့ ရတာပါ..
KO Htike,
Thank you for your fairly comments.
But,
Zaw Win is to be labelled a brainless man, blind kick man from today onward.
May Phu
သင်ဟာ အိမ်တအိမ်ရဲ့ အရေးပါဆုံးလူ၊ အားကိုးအားထားခံရဆုံးလူ၊ အင်အားအရှိဆုံးလူတယောက်ဆိုပါစို့။
သင့်အိမ်ခေါင်မိုး မိုးယိုနေရတဲ့ အကြောင်းရင်းက မသမာသူတယောက်က ခေါင်မိုးသွပ်တွေကို မှန်မှန်ကြီးခွာရောင်းစားနေလို့ဆိုရင် သင်ဟာ အဲဒီလူရဲ့ လုပ်ရပ်ကို ဟန့်တားရပ်တန့်ဖို့ အရင်ကြိုးစားသင့်တယ်။ အဲဒီလူ မတော်တမတရား ခွာနေတာကို ဘာတခွန်းမှ မပြောမဆိုပဲ အိမ်ခေါင်သက်သက်ကိုသာ လိုက်လံဖာထေးနေရင် ကြာရင် သင်လည်း ဖာရလွန်လွန်းလို့ "ဖာသည်"ကြီး လုံးလုံးဖြစ်သွားနိုင်တယ်။ ပိုဆိုးတာက သင်ဟာ သင့်တာဝန်ဖြစ်တဲ့ ဟန့်တားရေးကို ဦးစားမပေးဘဲ အမိုးအောက်က လူတွေကို ဘုစုခရုပါမကျန် "အားလုံး တာဝန်ကျေရမယ်နော်။ ရေခြောက်အောင် သုတ်ကြ၊ ဒီမှာ အမိုးဖာထေးဖို့ လှေကားပေါ်တက်တာကိုလည်း အားပေးရမယ်နော်၊ ဒါဗြဲ"... ဒီလိုသာ ထပ်တလဲလဲပြောနေမယ်ဆိုရင်.... အင်း.....လောကကြီး ပျက်စီးလေပြီတကား။
ဒီ Logic ကိုကြိုက်ပါသည်
ပေါတောတော ရူးတူးတူး ကျပ်မပြည့်သူများကတော့ ကန့်ကွက်ပါလိမ့်မည်
Than Tun
အောင်းမလေး ကိုဇော်ဝင်းရယ် ဒေါ်အောင်ဆန်း
စုကြည်ကို မဝေကြတာအဲဒါကြောင့်ဆိုတာသိသိ
ကြီးနဲ့ ခင်ဗျားကဒီဆောင်း ပါးကိုရေးလိုက်တော့
NLD က ခွပ်ဒေါင်းမဟုတ်တဲ့ ကျီးဒေါင်း တွေက
ဝိုင်းပြီး အာ တာကို ခဲရပြီပေါ့ အဖြစ်ဆိုးလိုက်တာာ
နောက်ဆိုရင် ဒေါ်ဆုရဲ့ လုပ်ရပ်တွေ
ကို အမှန်အတိုင်း ဖွင့်ရေးကြမဲ့ ပြည်တွင်းကသူ
ကော် ပြည်ပကသူတွေပါ မရေးရဲအောင်လို့
အခုလိုဝိုင်းပြီး အာနေကြတာ
ကျွန်မဟာ ပါတီနိုင်ငံရေးကို ဦးစားမ
ပေးပါဘူး၊ ဒီမိုကရေစီတိုင်ပွဲကို ဒိုင်အဖြစ်ပဲရပ်
တည်ပေးပါမယ်ဆိုပြီး ၉၀ က ပြည်သူတွေရဲ့
ထောက်ခံအားပေးမှုရလဒ်တွေကို နှစ်ပေါင်း
၂၀ ကျော်သည့် တိုင် ကောင်းမွန်တဲ့ အပြောင်းအလဲ မလုပ်နိုင်ခြင်း၊စစ်အာဏာရှင်
စနစ်ကလိုအပ်တဲ့အချိန်အတိုင်းအတာတွေ
ထက် ပိုပြီးသက်ဆိုးရှည်ခဲ့ခြင်းတွေဟာ ပြန်ပြီး
မှန်မှန်ကန်ကန် သုံးသပ်ကြည့်မယ်ဆိုရင်
အားလုံးက ဒေါ်စုရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ
မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ရှေ့တန်းတင်ခဲ့
လို့ ဖြစ်ရတာပါ ၉၀ ခုနှစ်ထဲက ဒေါ်စုဟာ အခု
လိုမျိုး အာဏာပိုင်တွေနဲ့ အပေးအယူမျှတအောင်လုပ်တတ်ခဲ့မယ်ဆိုရင်
ကျုပ်တို့တိုင်းပြည်ဟာ အလွမ်းသံသရာထဲမှာ
နစ်မွန်းစရာအကြာင်းမရှိပါဘူး ဒီနေရာမှာ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး ပရိယယ်၊နိုင်ငံ
ရေးအနုပညာတွေကို လိုက်မမှခဲ့တာက ရင်နာစရာတွေပါ၊ ဗိုလ်ချုပ်ဟာ ပြောတဲ့အတိုင်းလုပ်တယ် အချိန်တိုအတွင်းမှာ တိုင်းပြည်အတွက်ကောင်းတဲ့ရလဒ်တွေကို
ပေးစွမ်းနိုင်ခဲ့တယ်၊ ဗိုလ်ချုပ်ရဲ့ဘေးမှာဗိုလ်ချုပ်ကို စေတနာ
ပြည့် တိုင်းပြည်အပေါ်စိတ်ထားမှန်ထားတဲ့
သူတွေက ဝိုင်းရံထားခဲ့တယ်၊ဒေါ်စုဟာလည်း
ဖခင်ရဲ့ခြေဖျားကို မမှီသလိုဘဲ ဒေါ်စုရဲ့ ဘေး
ကလူတွေကလဲ ဒေါ်စုကိုမြှောက်ပင့်ပင့်ပေးဖို့
ကလွဲပြီး ဒေါ်စုမရှိရင် နိုင်ငံရေး အတွေးအခေါ်ကဆင်းရဲကြတယ်။
ကဲကိုဇော်ဝင်းရေးနောက်မှဘဲပြန်ဆုံကြရ
အောင်လား။
Post a Comment