Monday, February 6, 2012

မဲဆောက်မှာ ကျင်းပပြုလုပ်တဲ့ တပို့တွဲလ ထမနဲ့ပွဲ

ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၁၂ ခုနှစ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့လယ်ရှိ ပထမဦးဆုံး မြန်မာဘုန်းတော်ကြီးဖြစ်တဲ့ ကျောင်းကြီး ဘုန်းတော်ကြီးကျောင်း (၀ပ်နဒန်) မှာ မြန်မာတွေနဲ့ ဒေသခံတွေ စုပေါင်းပြီး တပို့တွဲလ ထမနဲပွဲကို ဒီနေ့ (အဖိတ်နေ့) မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကျောင်းသက်တမ်း ၁၄၅ နှစ်ရှိပြီဖြစ်တဲ့ ဒီကျောင်းရဲ့ နှစ်စဉ် တပို့တွဲလ ထမနဲပွဲကို ကျင်းပလာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ပြီလို့ ဒီကျောင်းရဲ့ ဂေါပကအဖွဲ့ဝင်ဖြစ်ပြီး မဲဆောက်မြို့ရဲ့ မြူနီစပယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဦးပုက ပြောပါတယ်။



ဦးပုက “မဲဆောက်မြို့မှာ ဒီကျောင်းက ပထမဆုံးတည်တဲ့ ကျောင်းပဲ။ ကျောင်းသက်တမ်း ၁၄၅ နှစ်ရှိပြီး ကျနော်တို့ ဘိုးစဉ်ဘောင်ဆက် ဒီပွဲကို ကျင်းပလာခဲ့တာ ဖြစ်တယ်။ ကျနော်တို့ ကလေးဘ၀ထဲက ဒီပွဲရှိနေပြီး အခု ကျနော် အသက် ၆၀ ရှိတော့မယ်။ အဖိုးအဖွားတွေ၊ မိဘတွေ ပြောတာက ဗုဒ္ဓဘာသာဝင်တွေရဲ့ အယူအဆအရ ရာဟုဂြိုလ်မွှေရင် မကောင်းတဲ့ အတိတ်နမိတ်လက္ခဏာ ကြုံတွေ့ရတဲ့အတွက် ရာဟုလို့ ခေါ်တဲ့ (ထမနဲ) ထိုးမွှေပြီး ယတြာခြေတဲ့ အယူအဆနဲ့ ဒီအလှူကို နှစ်စဉ် ပြုလုပ်တာလို့ ပြောပါတယ်။ ဒီနေ့ အဖိတ်နေ့မှာ ထမနဲထိုးပြီးရင် တမြို့လုံးကို ထမနဲလှူပါတယ်။ မနက်ဖြန် လပြည့်နေ့မှာတော့ အလှူအတွက် ရေစက်ချပြီး သံဃာတော်တွေကို ဆွမ်းဆက်ကပ်ကြမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒီနှစ်မှာတော့ မြန်မာတွေနဲ့ ဒေသခံတွေ စုပေါင်းပြီး ထမနဲအိုး ၅၀ ထိုးပြီး မဲဆောက်မြို့တွင်းမှာ လိုက်လံ ဝေငှပေးပါတယ်လို့ ဒီကျောင်းမှာ သီတင်းသုံးတဲ့ မြန်မာဘုန်းတော်ကြီး ဦးသုမနက မိန့်ကြားပါတယ်။ ဒီကျောင်းကို ဗုဒ္ဓသက္ကရာဇ် ၂၄၁၀ ခုနှစ်မှာ စတင်တည်ထောင်ပြီး လက်ရှိဆရာတော် အပါအ၀င် မြန်မာကျောင်းထိုင်ဘုန်းကြီး ၇ ဆက်ရှိပြီလို့ ကျောင်းရဲ့ သမိုင်းမှတ်တမ်းအရ သိရပါတယ်။ လက်ရှိ မဲဆောက်မှာ မြန်မာဘုန်းတော်ကြီး ကျောင်းတိုက် ၅ ခုရှိပါတယ်။

No comments: