ရာထူးများ တိုးပေးပါရန်နှင့် ရာထူးတိုးပေးရန် နေရာပြည့်နေပါက
တပ်ဖွဲ့မှ နုတ်ထွက်ခွင့်ပြုနိုင်ပါရန် ...
တပ်ဖွဲ့မှ နုတ်ထွက်ခွင့်ပြုနိုင်ပါရန် ...
လေးစားအပ်ပါသော သမ္မတကြီးခင်ဗျား ...
ကျနော်တို့တိုင်းပြည်မှာ ပြန်တမ်းဝင်အရာရှိ မဟုတ်ဘူးလို့ သတ်မှတ်ခံထားရတဲ့ ဒု-ရဲအုပ်အဆင့် အရာရှိငယ်တွေဟာ တက္ကသိုလ်တခုခုက ဘွဲ့ရတွေ ဖြစ်ပါတယ်။ ဒု-ရဲအုပ်အဆင့်နဲ့ နိုင်ငံဝန်ထမ်းတွေ ဖြစ်ပေမယ့် ၁၀ နှစ်ကြာလို့ ရာထူးတိုးမပေးတာ မတရားဘူးထင်ပါတယ်။ နောက်တဆင့် ရာထူးတိုးရင်လည်း ၉ နှစ် ၁၀ နှစ်ကြာ အသက် ၅၀ လောက်ရောက်လည်း နောက်တဆင့် တိုးမပေးကြပါဘူး။ ရာထူးမတက်ဘဲ နေရတာကြာလာတော့ မျှော်လင့်ချက်မဲ့လာပြီး လူရိုသေ၊ ရှင်ရိုသေ မဟုတ်လေတော့ အလုပ်အပေါ်မှာ ငြီးငွေ့လာကြပါတယ်။ ပိုဆိုးတာကတော့ ဌာနကူးပြောင်း အသက် ၃၀ ၀န်းကျင် ရဲမှူးအဆင့် မိုးကျရွှေကိုယ်တွေရဲ့ အနိုင်အထက်ပြု ဆက်ဆံခြင်းခံရတာပါပဲ။ ဒါတွေကြောင့် အလုပ်ထွက်ချင် ကြပေမယ့်လည်း ထွက်ခွင့်မရလို့ ကိုယ်/စိတ်နှစ်ပါးဆင်းရဲနေကြရတာ ဖြစ်ရပ်မှန်တွေပါ။
တရားမျှတမှုနဲ့ တန်းတူညီဖို့အတွက် ပြုပြင်ပြောင်းလဲပေးသင့်ပါတယ်။ ရာထူးတိုးပေးဖို့ အခက်အခဲရှိရင်လည်း စိတ်မပါတော့တဲ့ တပ်ဖွဲ့ဝင်တွေကို နှုတ်ထွက်ခွင့်ပေးသင့်ပါတယ်။ ဒါကြောင့် ရဲအရာရှိငယ်များကို သူတို့အသက်နဲ့၊ အတွေ့အကြုံနဲ့ လိုက်လျောညီထွေသော ရာထူးများ တိုးပေးပါရန်နှင့် ရာထူးတိုးပေးရန် နေရာပြည့်နေပါက တပ်ဖွဲ့မှ နုတ်ထွက်ခွင့်ပြုနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။
သမ္မတကြီး ကျန်းမာချမ်းသာပါစေ ...
အမြဲတမ်း ရဲအုပ်ကြီး
မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း (အပိုင်း-၁)
ကရင်ပြည်နယ်ကို လွန်ခဲ့သော နအဖလက်က ၄ နှစ်ကျော် အုပ်ချုပ်ခဲ့သော နအဖ၏ ရတခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းဟာ ယခုကြံ့ဖွတ်အစိုးရလက်ထက်တွင် ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်အနိုင်ရလာသော အမတ်မဟုတ်သလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူလည်း မဟုတ်ပါ။ ဘားအံမြို့ပေါ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ ဆွေတော်မျိုးတော်ကို ကြည့်ရှုစောင့်ရှောက် ဖားယားနေတဲ့ ကျေးဇူးကြောင့် ဒေါ်ကြိုင်ကြိုင်အနေဖြင့် ဒီကောင်လေး မဆိုးပါဘူးဆိုလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာရတယ်လို့ တပ်မတော်အသိုင်းအ၀ိုင်းမှ သိရပါတယ်။
ဗိုလ်မှူးချုပ်ဇော်မင်းဟာ ရတခ ဒု-တိုင်းမှူးဘ၀မှာတည်းက အောက်ခြေတပ်မတော်သားတွေ နိုင်ထက်စီးနင်း ပြုလုပ်ခဲ့တယ်။ ရာထူးတက်မယ်ဆိုရင် ဘယ်သူကို ဖားရမယ်၊ ဘယ်သူကို ချောက်ချရမယ်ဆိုတာတွေနဲ့ သူ့ရာထူးကို အရယူရသူလို့ တပ်မတော်အငြိမ်းစားတဦးက ပြောဆိုခဲ့ပါတယ်။ အရပ်ဘက်ရောက်တော့လည်း နအဖ(ပယက)ဥက္ကဌ လက်ထက်မှာပင် အောက်ခြေအရပ်သား ၀န်ထမ်းတွေကို ပါးရိုက်၊ ဆောင့်ကန်၊ မအေနှမဆိုပြီး ဆဲဆိုခဲ့တယ်။ အစည်းအဝေးခန်းမမှာပင် အစည်းအဝေးလုပ်နေတုန်း သူ မကျေနပ်တဲ့ ၀န်ထမ်းများကို ထပြီး ပါးရိုက်ခြင်း၊ ဆဲဆိုခြင်း၊ ရေနွေးကြမ်းဖန်ခွက်နှင့် ကောက်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်မှာ များပြားလွန်းလို့ ကြားရသည်မှာ နားမဆံ့နိုင်တော့ပါ။ ပြည်နယ်ရုံးမှာရှိတဲ့ စာရေးဝန်ထမ်းတွေက ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းက ခဏခဏ ရေနွေးဖန်ခွက် ၀ယ်ရတယ်။ ခဏခဏ ကွဲတယ်နော်။ ၀န်ကြီးချုပ် ရေနွေး ဘယ်လိုသောက်လဲ မသိဘူးလို့ ရယ်စရာ ဟာသစကားများကို ကြားရပါတယ်။ ၀န်ကြီးချုပ် လုပ်ပြီး သူများမကောင်းကြောင်း အလွန်ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ ကရင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကတော့ ချီးလို ရွံကြောက်နေရပါတယ်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးမှု အခက်ခဲမှာလည်း သူ့ကြောင့် တိုက်ပွဲများ ဖြစ်ခဲ့ရသလို သူ့ကြောင့်လည်း ဆွေးနွေးပွဲ ကြံ့ကြာခဲ့ရပါတယ်။ အခုရရှိနေတဲ့ ငြိမ်းချမ်းရေးဆိုတာကလည်း ၀န်ကြီးချုပ် ဦးဇော်မင်းကြောင့် မကြာမီ ပျက်စီးသွားနိုင်ပါတယ်။ KNU, KNLA, DKBA နှင့် မွန် ... အစရှိတဲ့ အဖွဲ့အစည်းတွေကလည်း သူ့ကို သဘောမကျကြဘူး။ သူ့ကို သဘောကျတာ နယ်ခြားစောင့်တပ်ဖြစ်သွားတဲ့ ဗိုလ်မှူးစောချစ်သူ (ယခင် ဒီကေဘီအေ ၉၉၉ တပ်မှူး ) တယောက်သာ ဖြစ်ပါတယ်။ ဗိုလ်စောချစ်သူဟာ လက်နက်အားကိုးနဲ့ ကရင်ပြည်နယ်က သဘာဝတွင်းထွက်များ၊ ကျွန်းသစ်များကို တဘက်ထိုင်းနိုင်ငံကို တင်ပို့ရောင်းချတယ်။ တဘက်နိုင်ငံမှ တရားမ၀င် ကားများ၊ အခွန်လွတ် စက်သုံးဆီများ တင်သွင်း ပို့ဆောင်ခြင်းကို ကရင်ပြည်နယ်ဝန်ကြီးချုပ်က လာဘ်ငွေ တိတ်တဆိတ်ယူပြီး လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဗိုလ်စောချစ်သူ လာတယ်ဆိုတာနဲ့ အစည်းအဝေးလုပ်နေရင်းကနေတောင် ချက်ချင်းထ ကြိုဆိုနေရပါတယ်။
ဒါ့အပြင် မြ၀တီမြို့မှာရှိတဲ့ မြေဧက တော်တော်များများကို လန (၃၉) ဈေးကြီးကြီးဖြင့် လက်သိပ်ထိုး လာဘ်ယူကာ မိမိကိုယ်ကျိုးအတွက် လုပ်ကိုင်နေပါတယ်။ မြန်မာနန်းမြေကွက်အချို့ကိုလည်း ၄င်း၏ ညီဖြစ်သူနာမည်နဲ့ အကွက်များလည်း ရယူထားပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲ့တွင် စက်မှုဇုန်ထူထောင်ရေး ကမ်းလှမ်းလာလို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံတဲ့ မြန်မာလူမျိုး (ထိုင်းနိုင်ငံ နေထိုင်သူ) များကို ဦးဇော်မင်းက ခင်ဗျားတို့ ထိုင်း-ီးကို ကောင်းကောင်းစုတ်နေတဲ့ ကောင်တွေဆိုပြီး မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံပါတယ်။ ယခုလည်း ထိုင်းဘက်မှ လျှပ်စစ်ဓာတ်အားလုပ်ငန်းကို ဘားအံမြို့နှင့် မော်လမြိုင် နေထိုင်သူ ငွေမိုးဟော်တယ်၊ ဟော်တယ်ဇွဲကပင် ပိုင်ရှင်နှင့် ပူးပေါင်းရှယ်ယာပြုလုပ်ကာ လျှပ်စစ်ဓာတ်အားလုပ်ငန်းကို အာဏာနှင့် အတင်းရယူ လုပ်ကိုင်ခွင့်ရရှိသွားပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူတွေ လုပ်ကိုင်ခွင့်မရကြပါဘူး။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့် ပင်ကိုယ်စရိုက်ချင်း အတူတူဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း မဖွံ့ဖြိုးသေးတဲ့ မြို့များနဲ့ ကျေးရွာများကို လုံခြုံရေး အကြောင်းပြကာ သွားလာကြည့်ရှု အထောက်အကူပေးခြင်းမရှိဘဲ နယ်စပ်မြ၀တီမြို့ကို ၄င်းတို့ အကျိုးရရှိရေးအတွက် မကြာခဏလာလို့ ၀န်ထမ်းများလည်း စိတ်ညစ်နေကြရပါတယ်။ မြ၀တီမြို့ကို ၀န်ကြီးချုပ်က ဓာတ်အလွန်ကျနေပါတယ်။ မြ၀တီမှာနေထိုင်တဲ့ ပြည်သူလူထုဟာ စီးပွားရေးမကောင်းလို့ လုပ်ကိုင်စားသောက်ရတာ အခက်အခဲရှိတဲ့ကြားကပင် “သူကြီးဘုရား ရွာသားကောင်းမှု” ဆိုသလို စွယ်တော်ပွားစေတီဘုရားကို နိုင်ငံတော်ဘုရား အမည်တပ်ကာ ပြည်သူလူထုထံမှ မတရား အလှူငွေကောက်ခံနေပါတယ်။ ဘုန်းကြီးတွေကိုပင် အတင်းတရားပွဲလုပ်ခိုင်းကာ တရားဟောခိုင်းပြီး ရလာတဲ့ အလှူငွေကို ဘုရားအတွက် ရှာခိုင်းပါတယ်။ သူတို့ကိုယ်တိုင်တော့ အလှူငွေ တပြားတချပ် ထည့်ဝင်ခြင်းမရှိပါဘူး။
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက မတရား ကြိတ်ပုန်း လာဘ်စားနေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်နယ်ဝန်ကြီးအချို့ဟာ ဌာနဆိုင်ရာတွေအပေါ် ဖြစ်ညှစ်ပြီး အမြီးရအမြီး၊ ခေါင်းရခေါင်း လုပ်ကိုင်စားသောက်နေသော ပြည်နယ်ဝန်ကြီးများကို မပြောရဲမဆိုရဲဘဲ မသိချင်ယောင်ဆောင်နေရသော ဘ၀ကို ရောက်နေရပါတယ်။ ယခုလည်း ကော့ကရိတ်-မြ၀တီ ကားလမ်းအသစ် ဖောက်လုပ်တော့မှာ ဖြစ်တဲ့အတွက် လမ်းဘေးဝဲယာ မြေကွက်များ လန (၃၉) ချပေးဖို့အတွက် အဆီတ၀င်းဝင်းနဲ့ ကွင်းနေပြီ ဖြစ်ပါတယ်။ ဒီလို အဂတိလိုက်စားလွန်းလို့ ကရင်ပြည်နယ်အစိုးရတဖွဲ့လုံးကို ကြည်ညိုခြင်း မရှိသလို လေးစားခြင်းလည်း မရှိကြပါ။ ဘာမှ ကောင်းအောင်လုပ်မပေးနိုင်တဲ့ အစိုးရလို့ အသိအမှတ်ပြုကြပါတယ်။ ငပေါအစိုးရလို့တောင် ပြောနေကြပါတယ်။
ဒါကြောင့် ကရင်ပြည်နယ်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်များနဲ့ ပြည်နယ်ဝန်ကြီးများတို့မှ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မတရားကြိတ်ပုန်းခုတ် လာဘ်စားနေတာကို လေ့လာစောင့်ကြည့်ကာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပြည်ထောင်စုအစိုးရ သိရှိအောင် ဖော်ထုတ်တိုင်ကြားနိုင်ရန် တင်ပြတောင်းဆိုပါတယ်။
(နောက်ဆက်တွဲ ဖော်ပြပါမည်)
စောဖိုးခွါး
အ.မ.က (၁၀) လှိုင်မှ ကျောင်းအုပ်ဆရာမကြီးတဦး၏ လုပ်ရပ်
နိုင်ငံတော်ဖွံဖြိုးတိုးတက်ရန် ကြိုးပမ်းရာတွင် တဦးတယောက်တည်းအားဖြင့် စွမ်းဆောင်ခြင်းထက် အများပြည်သူမှ ပူးပေါင်းလက်တွဲကာ ဆောင်ရွက်မှသာ လိုချင်သည့် ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော်မှ သိလျက်နှင့်ပင် အရေးယူဆောင်ရွက်ခြင်းမရှိဘဲ မသိကျိုးကျွံပြုနေသည်လား၊ အမှန်တကယ်ပင် မသိ၍ အရေးမယူခြင်းလား ဆိုသည်ကို ဝေခွဲ၍ မရပါသဖြင့် တတ်သိနားလည်သူများမှတဆင့် အကြောင်းအရာတခုကို ဖော်ပြလိုက်ပါသည်။
အထက်ဖော်ပြပါ အ.မ.က (၁၀) လှိုင်မှ မူလွန်ကျောင်းအုပ်ဖြစ်သော ဆရာမကြီး ဒေါ်ဝါ၀ါခင်သည် နိုင်ငံတော်မှ ကျောင်းသားများအား အခမဲ့ပေးဝေသော ကျောင်းသုံးဗလာစာအုပ်များအား ၄င်း၏ ကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချပြီးမှသာ ပေးဝေလျက်ရှိကြောင်း၊ နှစ်စဉ် ကျောင်းအပ်ချိန်တွင်လည်း ကျောင်းသားများထံမှ အလှူငွေများကို မတရားကောက်ခံခြင်း၊ ကျောင်းတွင်း မုန့်ဈေးတန်းအားလည်း ပြင်ပမှ လာရောက်ရောင်းချခြင်းအား ခွင့်မပြုဘဲ သူမ၏ သားနှင့် ယောက်ျားကိုသာ ရောင်းချခွင့်ပြုထားကာ မိမိကိုယ်ကျိုးစီးပွား တခုတည်းကိုသာ ရှေ့တန်းတင်သည့်သူ တဦးဖြစ်ကြောင်း၊ သူမနှင့် သင့်မြတ်သော ဆရာမဒေါ်စန်းစန်းဝေ၊ ဒေါ်စိန်စိန်မြင့်တို့သည် ကျူရှင်ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားမိဘများမှ တိုင်တန်းမှုပြုသော်လည်း အရေးယူမှုတစုံတရာ ပြုလုပ်ခြင်းမရှိဘဲ ဖုံးကွယ်ထားကြောင်း ကျောင်းသားမိဘများထံမှ သိရှိရပါသည်။ ချွေးမဖြစ်သူ ဆရာမဒေါ်အိညိုထွေးအားလည်း နှစ်စဉ် အတန်းကောင်းများ ပေးထားပြီး တခြားအရည်အချင်းရှိသော ဆရာမများအား ချောင်ထိုးထားခြင်း ... စသော ကိုယ်ကျိုးကိစ္စများကို ပြုလုပ်ထားပါသည်။ ဆရာမများအပေါ် ဆက်ဆံရာတွင် နိုင့်ထက်စီးနင်း ပြောဆိုခြင်း၊ တာဝန်ဝတ္တရားနှင့် ကိုယ်ရေးကိစ္စများကို ခွဲခြားမှုမပြုဘဲ ဆက်ဆံမှုပြုပါသည်။
ထို့အပြင် ဆရာမကြီးသည် ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှုမရှိဘဲ ကျောင်းအတွင်း ဆောက်လုပ်ထားသော ၄င်း၏ အိမ်တွင် ပတ်ဝန်းကျင် အား ဂရုမစိုက်ဘဲ ညဥ့်နက်သန်းခေါင်းမရှောင် လင်မယား အော်ကြီးဟစ်ကျယ် ရန်ဖြစ်သည်မှာ ထိုကျောင်းအနီးတွင် နေထိုင်ကြသောသူများ (အရာရှိညွှန်မှူးနှင့် ညွှန်ချုပ်အဆင့်ရှိ လူကြီးများ) အားလုံးအသိပင်ဖြစ်ပါသည်။ ရန်ဖြစ်ရာတွင်လည်း မိမိကိုယ်မိမိ ကျောင်းအုပ်ဆရာမကြီး ဟူသော ဂုဏ်ပုဒ်ကိုပင် ငဲ့ညှာမှုမရှိဘဲ သူမ၏ ယောက်ျားအား အချီးအပတ် စုံလင်စွာဖြင့် အော်ဟစ်ဆဲဆိုနေသည်မှာ လွန်စွာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာ မြန်မာအမျိုသမီးတို့အား ရှေးလူကြီးသူမတို့က သွန်သင်ဆုံးမခဲ့သော သားကိုသခင် လင်ကိုဘုရားကဲ့သို့ ပြုစုလုပ်ကျွေးရာသည် ဟူသော စကားကို ပြက်ရယ်ပြုနေသကဲ့သို့ ရှိချေသည်။
ထို့အပြင် နိုင်ငံတော်၏ တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်မည့် အနာဂတ်သားကောင်းတို့ကို မွေးထုတ်ရာ ကျောင်းတော်ကြီးတွင် ထိုကဲ့သို့ အကျင့်စာရိတ္တ မပြည့်စုံသောသူတဦးကို တာဝန်ပေး အုပ်ချုပ်ခိုင်းသည်မှာ လွန်စွာ ရင်လေးဖွယ်ဖြစ်ပေသည်။ အတုမြင် အတတ်သင်ဆိုသော ရှေးစကားပုံအရ သော်လည်းကောင်း၊ ရှေ့က နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတထောင် ဖြောင့်ဖြောင့်လိုက်မည် ဟူသော စကားပုံအရသော်လည်းကောင်း နောင်လာမည့် အနာဂတ်သားကောင်း သမီးကောင်းတို့၏ ရှေ့ရေးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မည့် အခန်းကဏ္ဍတွင် စည်းကမ်းကျနစွာ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ မြင်တွေ့သိရှိ ကြားသိရသည်များကို ရေးသားဖော်ပြလိုက်ရပါသည်။
ကျေးဇူးတင်စွာဖြင့် ...
ကျောင်းသားမိဘကိုယ်စား
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ လူမှောင်ခိုများကိစ္စ
သို့/
သမ္မတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ
အကြောင်းအရာ ။ ။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ လူမှောင်ခိုများကိစ္စ
ကျနော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လွန်ခဲ့သော ရှစ်လခန့်က အလုပ်သွားရောက် လုပ်ကိုင်ခဲ့ပါသည်။ ၁၈-၁-၂၀၁၂ နေ့တွင် ထိုင်းရဲမှ အလုပ်သမားလက်မှတ် မရှိ၍ ဖမ်းဆီးပြီး မဲဆောက်သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရပါသည်။ ထို့နောက် ချစ်ကြည်ရေးတံတားမှ ပြန်မလွှတ်ဘဲ ၁၀ ခွဲဂိတ် (ယခင် DKBA ယခု BGF) ဂိတ်သို့ ပို့ဆောင်ခဲ့ပါသည်။ မြန်မာဘက်ကမ်းရောက်တော့ ဂိတ်တာဝန်ခံနှင့် လူပွဲစား ကျော်ဦးဆိုသူမှ ဘတ်ငွေ ၁,၅၀၀ မပေးနိုင်လျှင် လွှတ်မပေးနိုင်ဟု ပြောပါသည်။ ကျနော်တို့မှာ ပိုက်ဆံမပါပါဘူး၊ အဖမ်းခံထိပြီး ပြန်လာတာပါဟု တောင်းပန်သော်လည်း မရပါ။ ထို့နောက် ကျနော့်မိဘများထံ ဖုန်းဆက်ခိုင်းပြီး ပိုက်ဆံ ၁၅၀၀ ဘတ်ပေးပြီးမှ ပြန်လွတ်ခဲ့ပါတယ်။ အခုမြန်မာပြည်မှာ ဒီမိုကရေစီလဲရပြီ၊ လွတ်လပ်ပွင့်လင်းလာပြီ ဆိုသော်လည်း ယခုကဲ့သို့ ငွေမတရားတောင်းခံမှုမျိုးကို နိုင်ငံတော်အစိုးရအနေဖြင့် လက်ပိုက်ကြည့်နေလျှင် မရှိဆင်းရဲသားများဘဝ ပိုမိုဒုက္ခရောက်မည်ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကြီးမှ ကူညီဖြေရှင်းပေးပါရန် ကျနော် ခိုင်ထွန်းလေးမှ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက် ။ ။ ၎င်းလူပွဲစား ကျော်ဦးနှင့် ဇနီးမှာ လူကုန်ကူးမှုဖြင့် ဝရမ်းထုတ်ခံထားရတာ ကြာနေပြီ ဖြစ်သော်လည်း နယ်မြေခံ အာဏာပိုင်များကို ငွေနှင့်ပေါက်၍ လွတ်မြောက်နေကြောင်း သိရပါသည်။ ကျနော်ကဲ့သို့ အလားတူခံခဲ့ရသော ဘဝတူအလုပ်သမားများ နေ့စဉ်နှင့်အမျှ များစွာရှိပါသည်။
ခိုင်ထွန်းလေး
နိုင်ငံတော်သမ္မတကြီးနှင့် ရဲချုပ်ကြီး သိစေရန် ပြောပေးပါ
၁၇-၁-၂၀၁၂ နေ့ နံနက်ပိုင်းတွင် ကျောက်တော်ကြီးဘုရားလမ်းမဘေး လက်ဖက်ရည်ဆိုင်တွင် ကျနော်နှင့် သူငယ်ချင်း နှစ်ယောက်တို့ ညီအစ်ကိုဝမ်းကွဲတော်သူမှ ဒေါ်လာရောင်းခိုင်း၍ သွားရောက်ရောင်းချခဲ့ပါသည်။ ထိုလက်ဖက်ရည်ဆိုင်ထဲ၌ ထိုင်နေစဉ် အရပ်ဝတ်ဝတ်ထားသော ဆိုက်ကယ်နှင့်လူများ ရောက်လာပြီး စော်ဘွားကြီးကုန်း ရဲကင်းသို့ ဖမ်းဆီး ခေါ်ဆောင်ခဲ့ပါသည်။ အသားဖြူဖြူ၊ အရပ်ပုပု စကားဝဲ၀ဲရဲမှ မင်းတို့ ဒါတွေ ဘယ်ကရတာလဲ ဆိုပြီး ပါးရိုက်ခဲ့ပါသည်။ ကျန်သောရဲများမှလည်း မင်းတို့ ထောင်ချလို့ရတယ်ကွ သိလားဆိုပြီး ခြိမ်းခြောက်ဆဲဆိုကြပါသည်။ ၎င်းအသားဖြူဖြူ အရပ်ပုပုနှင့် ရဲမှ မင်းတို့ ထောင်မကျချင်ရင်တော့ ညှိလို့ရတယ်ဆိုပြီး ပိုက်ဆံတောင်း၍ ကျနော်တို့အား ပြန်လွှတ်ပေးခဲ့သည်။ ကျနော်တို့မှာလည်း ကြောက်လန့်၍ ပါလာသည့် ဒေါ်လာများအား ပေးခဲ့ရပါသည်။ လာဘ်စားမှု ကင်းစင်ရေး ဆောင်ရွက်နေချိန်တွင် ၎င်းတို့လို နိုင့်ထက်စီးနင်း ပြုလုပ်နေသော ရဲများအား အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။
ကိုကြီး (တောင်ဒဂုံ)
နစ်နာသူလယ်သမားများမှ တိုင်ကြားခြင်း
သို့/
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ
အကြောင်းအရာ ။ ။ တောင်သူလယ်သမားများ၏ လယ်ယာထွက်သီးနှံများအား ၀ယ်ယူပြီး ငွေကြေးကိစ္စ လိမ်လည်မှု
ကျနော် ဦးသိန်းဟံ (KYN-၀၈၆၃၆၁) ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် အိုးဝကျေးရွာနေထိုင်သူနှင့် အပေါင်းအပါ ဦးကျော်ဦး (KYN-၁၁၁၁၆၇)၊ ဦးကျော်ဦး၊ ဦးတင်ရွှေ၊ ဦးသောင်းကြည်နှင့် ဦးစောငွေတို့ထံမှ ကံသာကျေးရွာနေ ကိုလှကျော်ဆိုသူမှ ၁-၂-၂၀၁၁ လယ်ယာထွက် ဖရဲသီးများအား တရက် ၂ ရက်အတွင်း ပေးချေမည်ဟု ၀ယ်သွားပါသည်။ သို့သော် ၅ လခန့် ကြာသည့်တိုင်အောင် ဖရဲငွေမရသည့်အတွက် ကိုလှကျော် နေထိုင်သော ကံသာကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သော ဦးအောင်ဆန်းဝင်းထံ တိုင်ကြား၍ တောင်းဆိုခဲ့ပါသည်။ နှစ်ကြိမ် ရက်ချိန်းပေးပါသည်။ သုံးကြိမ်မြောက်သောအခါ မပေးနိုင်ကြောင်း တိုင်ချင်ရာတိုင်ဟု ဦးလှကျော်မှ အုပ်ချုပ်ရေးမှူးရှေ့တွင် ပြောပါသည်။ အုပ်ချုပ်ရေးမှူးမှ ဘုရားပျို စခန်းမှူးထံတွင် တိုင်ကြားခဲ့ပါသည်။ ဘုရားပျိုစခန်းမှ ခရမ်းမြို့နယ်တရားရုံးသို့ ၆ လပိုင်း ၁၀ ရက်နေ့တွင် ဆက်လက် တိုင်ကြားခဲ့ပါသည်။ အမှုဖွင့်ကာ အရေးယူပါသော်လည်း (၂၀၁၁-ကြီး-အမှုအမှတ် ၁၈၆-ဇွန်လ-၁၀ရက်) နေ့စွဲဖြင့် အမှုဖွင့်ခဲ့ပါသည်။ သို့သော် ယခုတိုင်အောင် ထိရောက်စွာ အရေးယူမှု မရှိခဲ့သည့်အပြင် နစ်နာသူ ကျနော်တို့ လယ်သမားများကိုလည်း အမျိုးမျိုး ချိန်းဆိုမှုကြောင့် ခရီးစရိတ်နှင့် လုပ်အားများ
များစွာ နစ်နာလျက်ရှိပါသည်။
အမှုကို တရားရုံးမှ ယခုတိုင် စီရင်ချက်မချဘဲ တရားခံ ကိုလှကျော်မှာလည်း ယခုတိုင် လယ်သမားများထံမှ ဖရဲသီးများကို လက်ငင်းပေးစနစ်ဖြင့် ၀ယ်ယူလျက်ရှိပါသည်။ နစ်နာခဲ့ရသော ကျနော်တို့ လယ်သမားများမှာ အစိုးရမှ ဘဏ်ချေးငွေများ ပြန်လည်တောင်းခံချိန်တွင် ငွေကြေးအကျပ်အတည်းများဖြင့် ရင်ဆိုင်တွေ့ကြုံ နေရပါသည်။ ထို့ကြောင့် တာဝန်ရှိသူ သက်ဆိုင်ရာမှ စစ်ဆေးပြီး ထိရောက်စွာ အရေးယူရန် တင်ပြအပ်ပါသည်။ ရုံးတွင် တိုင်ကြားခဲ့သည်မှာလည်း ၆ လ ရှိခဲ့ပြီဖြစ်ပါသော်လည်း မည်သည့်ဆုံးဖြတ်ချက်မှ မချဘဲ ရုံးချိန်းသာ ခဏခဏခေါ်နေခဲ့ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျနော်တို့ လယ်သမားများဘက်မှ လိုအပ်သလို ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်ခင်ဗျား။
တိုင်ကြားသူများ
(၁) ဦးသိန်းဟန် (KYN-၀၈၆၃၆၁) - ၁၃ သိန်း ၂ သောင်း (ရရှိရန် ကျန်ရှိငွေ)၊ အိုးဝကျေးရွာ၊ ခရမ်းမြို့၊ ရန်ကုန်တိုင်း။
(၂) ဦးကျော်ဦး (KYN-၁၁၁၁၆၂) - ၈ သိန်း ၇ သောင်း (ရရှိရန် ကျန်ရှိငွေ)
(၃) ဦးကျော်ဦး - ၄ သိန်း ၃ သောင်း (ရရှိရန် ကျန်ရှိငွေ)
(၄) ဦးတင်ရွှေ - ၆ သိန်း ၆ သောင်း (ရရှိရန် ကျန်ရှိငွေ)
(၅) ဦးသောင်းကြည် - ၂ သိန်း ၃ သောင်း (ရရှိရန် ကျန်ရှိငွေ)
(၆) ဦးစောငွေ - ၃သိန်း (ရရှိရန် ကျန်ရှိငွေ)
ကျပ် ၂၀၀ တန် အောင်ဘာလေထီ ပါမစ်များအား လက်ဝါးကြီးအုပ် ထုတ်ယူနေခြင်း
နိုင်ငံတော်မှ တလတကြိမ် ဖွင့်လှစ်ပေးသော ၂၀၀ ကျပ်တန် အောင်ဘာလေ ထီလက်မှတ်များကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ပြည်တွင်းအခွန်ဌာနများသို့ ပေးပို့ရောင်းချမှုရှိသော်လည်း၊ မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ပိုင်ရှင်နှင့် အခြားသော ရန်ကုန်မြို့ပေါ်ရှိ ထီဆိုင်ကြီးများမှ လက်ဝါးကြီးအုပ် ထုတ်ယူခွင့်ပါမစ် ရရှိကြပါသည်။
အခွန်ဘဏ္ဍာဝန်ကြီး၊ အောင်ဘာလေအခွန်ညွှန်ကြားရေးမှူးများ ခေတ်အဆက်ဆက် ပြောင်းလဲသွားသော်လည်း ၄င်းလူကြီးများကို မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင် အခြားသော ထီဆိုင်ပိုင်ရှင်များမှ လာဘ်ငွေ ပေးကမ်းကာ ထီပါမစ် ထုတ်ယူခွင့်များကို ယခုတိုင် ရရှိအောင် ပြုလုပ်လျက်ရှိပါသည်။ မြို့နယ်အသီးသီးရှိ ပြည်တွင်းအခွန်ဌာနများတွင် ၄င်းထီဆိုင်ကြီးများမှ အုပ်ရေ သောင်းနှင့်ချီပြီး ၄င်းအခွန်ဌာနများကို လက်ငွေပေးကမ်းပြီး ထုတ်ယူနေကြပါသည်။ မြို့နယ်အသီးသီးရှိ ထီဆိုင်များမှ တနှစ်တကြိမ် ထီလျှောက်ခွင့် ပါမစ်ကို မြို့နယ်ပြည်တွင်းအခွန်ဌာနသို့ သွားရောက် လျှောက်ထားသော်လည်း မည်သည့်အခါမျှ ထုတ်ယူခွင့်ပါမစ် မရရှိကြပါ။
ထို့ကြောင့် မြို့နယ်အသီးသီးရှိ ထီပိုင်ရှင်များမှ မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်ကြီးမှ ၂၀၀ ကျပ်တန် အောင်ဘာလေထီ တစောင်လျှင် ကျပ် ၂၈၀ နှုန်းဖြင့် ၂၇၆ ကြိမ်မြောက်အထိ လက်ကားဈေးဖြင့် ၀ယ်ယူကာ ထီတစောင်လျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်အထိ တိုးမြင့်ရောင်းချကြရပါသည်။ နိုင်ငံတော်မှ တရားဝင် ကျပ် ၃၀၀ ထီဖွင့်လှစ်ပေးမည်ဆိုပါက အမြင့်ဆုံး ဆုမဲ သိန်း ၁,၅၀၀ မှ သိန်း ၂,၀၀၀ အထိ ဆုမဲကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံလုံးရှိ အောင်ဘာလေထီကံစမ်းသူ ပြည်သူများမှာ မတရား အမြတ်ငွေဖြင့် ၂၀၀ ကျပ်တန် အောင်ဘာလေထီကို ကျပ် ၃၀၀ မှ ၃၅၀ အထိ ကံစမ်းနေရသဖြင့် မြန်မာတနိုင်ငံလုံး အတိုင်းအတာအဖြစ် ပြည်သူများအနေဖြင့် တလလျှင် သိန်းပေါင်းထောင်ပေါင်း မြောက်မြားစွာ နစ်နာဆုံးရှုံးလျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီးမှ ထီပါမစ်များကို စိစစ်ပြီး ဈေးနှုန်းနှင့် ထီပါမစ်များကို စနစ်တကျ သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ရောင်းချပေးစေချင်ပြီး တိုင်းကျော်၊ မြို့ကျော် ထီပါမစ် ထုတ်ယူသူများကို စနစ်တကျ ကြပ်မတ်ပြီး အမှန်အကန် ရောင်းချပေးစေချင်ပါသည်။
love voice
နောက်မှပေါက်တဲ့ ရွှေကြာပင်
ဘားအံခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ အသစ်ပြောင်းရွှေ့လာသော ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မော်ထွန်းနှင့် သူ့ရဲ့တပည့်ဖြစ်သူ တကက ထင်ကျော်ကျော်တို့ဟာ သံလွင်တံတားဂိတ်ထိုင်တာ ၂ ပတ် ၃ ပတ်ပဲရှိသေးပေမယ့် သူများတွေထက် လက်စောင်းထက်နေတာကို တွေ့ရပါတယ်။ သူ့ရဲ့ဆရာက ဂိတ်မှာ အကြာကြီး မထိုင်ဘဲ တပည့်ဖြစ်သူ တပ်ကြပ်ကြီး ထင်ကျော်ကျော်ကို အာဏာကုန်လွှဲထားပါတယ်။ ဟိုင်းလတ်၊ မှန်လုံ၊ ကားကြီး၊ ကားသေး အစုံ မလွတ်ရပါဘူး (ပိုက်ဆံတောင်းတာကို ပြောတာပါ)။ ဆရာဖြစ်သူကလည်း အကြိုက်တွေ့ပါတယ်။ တပည့် များများရှာတော့ ဆရာ များများသုံးရပါတယ်။ အဲဒီမှာထက်ပြီးတော့ ခရိုင်ဒ/န ခေါင်းဆောင်ကိုပါ စစ်ဆေးရေးဂိတ် ခေါ်လာပြီး ငွေရှာခိုင်းထားပါတယ်။ ကားသမားတွေက ကြောက်ပြီပေါ့။ ကြောက်တော့ သူများတွေထက် ပိုပေးရပါတယ်။
တကက ထင်ကျော်ကျော်ရဲ့ မူလဆရာက အရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးလို့ သိရပါတယ်။ သူ့ရဲ့မူလဆရာကတော့ ဒီဂိတ်တွေနဲ့ပဲ (ရှမ်းမြောက်မှာ ဖြစ်သည်ဟုသိရ) ပင်စင်တောင်မစားလိုက်ရဘဲ ပြုတ်သွားသူတဦးဖြစ်ပါတယ်။ ငွေရှာကတော့ ပြောစရာမလိုလောက်အောင် တော်ပါတယ်။ အခု ဒီဆရာကိုတော့ ထောင်ကျအောင် ချမလား မသိရပါဘူး။ ၄င်းခရိုင်ရဲတပ်ဖွဲ့မှူးဟာ ရုံးသူ/ရုံးသားတွေနဲ့လည်း မတည့်ဘူးလို့ သိရပါတယ်။ အရာရှိများကို တစိ (ဒု-ရဲအုပ်)၊ နှစ်စိ (ရဲအုပ်)၊ သုံးစိ (ဒု-ရဲမှူး) ဟုခေါ်ဆိုကြောင်းနှင့် ရုံးသူ/ရုံးသားများမှ ၄င်းရဲ့ အိမ်အလုပ်တွေကိုပါ လုပ်ပေးရကြောင်းလည်း သိရပါတယ်။ ၄င်းအကြောင်းအရာများ ဟုတ်မဟုတ် တာဝန်မှူးအား မေးမြန်းကြည့်ရာ “သူ့အိမ်ထဲက စိုက်ခင်းကို ရေလောင်းပေးရတယ်၊ အိမ်ပတ်ဝန်းကျင် ရေဖြန်းပေးရတယ်၊ ဒီလောက်ပါဘဲ” ဟု ဖြေကြားပါတယ်။ ရေကိုတော့ မနက် ၆ နာရီနဲ့ ညနေ ၄ နာရီ တနေ့ ၂ ခါ လောင်းပေးရကြောင်း သိရပါတယ်။ ရုံးအဖွဲ့တွေရဲ့ လှုပ်ရှားမှုကို တကက ထင်ကျော်ကျော်က ရှဲဒိုးလုပ်ပေးကြောင်း သိရပါတယ်။ ၄င်းမှာ ယာဉ်မောင်းတဦးဖြစ်သော်လည်း ၄င်း၏ဆရာ ဂိတ်ကျသည့်နေ့တွင် သူက ဂိတ်ကို ကြီးကြပ်ကွပ်ကဲပြီး သူ့အစား နောက်တယောက်က ကားမောင်းပေးရပါတယ်။ သူက ခေါင်းပေါင်းကြေး ကောက်တဲ့အတွက် ကားသမားများက သူ့ကို မျက်နှာချိုသွေးရကြောင်း၊ တခြားအရာရှိနဲ့ ရဲဘော်များကလည်း သူ့ကို ကြောက်ပြီး နှုတ်ပိတ်နေကြကြောင်း သိရှိရပါတယ်။
ဘားအံသား
2 comments:
Is he the one who said that they would definitely carry out Myitsone Dame anyway anyhow???
I can't imagne how innocent Burmese people are suffering under ruthless people like him... And also, Burma's working environment should be improved in future to get rid of the relatives-get-jobs system if they really want to do democratically....
shit..i dont want to goback to burma.
Post a Comment