Sunday, January 22, 2012

လိပ်ပြာလှသော လူ့အဖွဲ့အစည်း

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၃)
လိပ်ပြာလှသော လူ့အဖွဲ့အစည်း
ဒေါက်တာလွဏ်းဆွေ

ကျနော်တို့ လူ့အဖွဲ့အစည်းတွင် “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” ဟူသော ဆိုရိုးစကား ရှိခဲ့သည့်အတိုင်း အစဉ်အဆက် ပြုမူပြောဆို နေထိုင်ခဲ့ကြသည်မှာ အလွန်ပင် ကျက်သရေမင်္ဂလာရှိလှပေသည်။ မြင်တွေ့ရသည်မှာလည်း စိတ်ကြည်နူးချမ်းမြေ့စရာ ကောင်းလှပေသည်။

သို့သော် ယခုအခါတွင်မူကား ထိုထိုသော လှပသည့် ကျနော်တို့၏ စိတ်လိပ်ပြာလေးများသည် ဘယ်ဆီသို့ ၀ဲပျံပုန်းလျှိုး ကွယ်ပျောက်ကုန်ကြပြီလဲမသိ။ နေ့စဉ် ၀မ်းသမုဒ္ဒရာ၏ ခက်ထန်ကြမ်းတမ်းသော လှိုင်းတံပိုးများထဲ၌ ရုန်းကန်လှုပ်ရှားနေကြစဉ်တွင် ကျနော်တို့ အစဉ်အဆက် ကျင့်သုံးခဲ့ကြသော ထိုဆိုရိုးစကားအား မေ့ပျောက်စပြုလာသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပေသည်။ အားလုံးဟု မရည်ညွှန်သော်လည်း အများစုက မေ့ပျောက်စပြုလာသည်ကို တွေ့ရသည့်အခါ ထိတ်လန့်တုန်လှုပ်မှု ဖြစ်မိပေသည်။

*****

ဥပမာအားဖြင့် ...

ဘတ်စကားပေါ်သို့ သံဃာတော်များ ကြွလာသည်။
ထိုင်ခုံမှ ထပေးဖို့ ကျနော်တို့ ၀န်လေးနေကြပေပြီ။ မသိချင်ယောင်ဆောင်နေကြပေပြီ။

အဘိုးအို၊ အဘွားအိုများ တက်လာသည်။
ကိုယ်ရထားသည့် နေရာလေးအတွက် ကျနော်တို့ မသိကျိုးကျွံပြုရက်နေကြလေပြီ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်ချီပိုးထားသည့် အမျိုးသမီးများ တက်လာသည်။
ကျနော်တို့ နေနိုင်တော်မူအားရက်ကြလေပြီ။

ရောဂါသည်များ ...၊ ကလေးငယ်များ ... စသည်၊ စသည်ဖြင့် ...။ ကျနော်တို့ ...။

ထိုထိုသော မြင်ကွင်းများအတွက် အံ့သြ၀မ်းနည်းဖြစ်ရလေသည်။

*****

လူ့အဖွဲ့အစည်းတခုတွင် ရုပ်ဝတ္ထုပစ္စည်း မဖွံ့ဖြိုး မကြွယ်ဝသေးလင့်ကစား၊ ၀မ်းသမုဒ္ဒရာထဲတွင် ခက်ခဲပင်ပန်းစွာ လက်ပစ်ကူးခတ်နေကြရလင့်ကစား အစဉ်အလာကောင်းများကို ကြံ့ကြံ့ခံ ထိန်းသိမ်းထားနိုင်သည့် လိပ်ပြာလှသော လူ့အဖွဲ့အစည်းသည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံပြီး နေပျော်သေးသည့် လူ့အဖွဲ့အစည်း ဖြစ်နေဦးမည်ဟု ယုံကြည်မိပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈ ခုနှစ်)

2 comments:

pannavamsa said...

သိပ်ဟုတ်တဲ့စာသားဗျာ ကောင်းလိုက်တာ သီရိလင်္ကာ နိုင်ငံမှာဆို ဘတ်စ်ကားပေါ် သံဃာတော်ကြွလာတာနဲ့ နေရာဖယ်ပြီးသား၊ သားသည်အမိတက်လာရင် ကူညီပြီးနေရာဖယ်ပေးတယ် သက်ကြီးရွယ်အိုတွေဆိုလဲ နေရာပေးဖို့ဝန်မလေးဘူး မြန်မာနိုင်ငံကတချို့လူတွေ (အားလုံးမဟုတ်ပါ) နဲ့တော့အရမ်းကွာတာဘဲလို့တော့ ထင်မိပ်တယ်

Unknown said...

ဟုတ်တယ်ကိုလွဏ်းဆွေ အတ္တအရောင်ဆိုးထားသမျှတော့ လိပ်ပြာလှကြတော့မှာမဟုတ်