Monday, January 23, 2012

ယုံကြည်မှုပေါင်းကူးတံတား

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၄)
ယုံကြည်မှုပေါင်းကူးတံတား
ဒေါက်တာလွဏ်းဆွေ

ခရီးတခုကို သွားလာဖူးခဲ့ကြသည့် ကျနော်တို့အားလုံး တံတားပေါင်းများစွာကို အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့ကြဖူးသည်။ မိမိလိုရာ ခရီးသို့ ချောချောမောမော ရောက်ရှိသွားလျှင်ကား “ကျနော်တို့သည် တံတားပေါင်းများစွာကို ဖြတ်သန်းပြီးမှ ဤခရီးကို ရောက်ခဲ့ကြသည်” ဟူသော အတွေးမျိုးကို ယောင်လို့ပင် မတွေးမိတတ်ကြပေ။ သို့သော် တခါတရံ မိမိလိုရာ ခရီးတခုသို့ သွားလာခိုက် လမ်းခုလတ်တွင် တံတားကျိုးကျမှုနှင့် ကြုံကြိုက်သောအခါမှ တံတား၏ တန်ဖိုးကို ကျနော်တို့ တွေးမိတတ်ကြသည်။ တံတားကျိုးကျမှုကြောင့် မိမိ သွားလိုရာ ခရီးသို့ အချိန်မီ မရောက်နိုင်တော့ဘဲ အချိန်ကုန် လူပန်း ဒုက္ခရောက်ကြရသည်။ ရှေ့သို့ ခရီးမဆက်နိုင်ဘဲ နောက်သို့ ပြန်ဆုတ်ကြရသည်။ နောက်သို့ ပြန်မဆုတ်နိုင်လျှင်လည်း အန္တရာယ်ကြားမှ ခဲရာခဲဆစ် ကူးဖြတ်ကြရသည်။

*****

လူမှုဆက်ဆံရေးနယ်ပယ်အသီးသီးတွင်လည်း လူတဦးနှင့်တဦးကြား၊ အဖွဲ့အစည်းတခုနှင့်တခုကြား၊ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံကြားတွင် မမြင်ရသော ပေါင်းကူးတံတားဖြင့် ကူးလူးဆက်ဆံနေကြရသည်။ ထိုမမြင်ရသော ပေါင်းကူးတံတားသည်ကား နှစ်ဦးနှစ်ဘက် အပြန်အလှန် ယုံကြည်မှုဟူသော စိတ်ပိုင်းဆိုင်ရာ ပေါင်းကူးတံတားပင်ဖြစ်သည်။ ထိုပေါင်းကူးတံတား ကျိုးကျမှုကြောင့် အချိန်မကုန်သင့်ဘဲ ကုန်ကြရသည်။ ပြဿနာအ၀၀ ပြေလည်သင့်ပါလျက် မပြေလည်ဘဲ နှောင့်နှေးကြန့်ကြာနေကြရသည်။ အသေးဆုံး ဥပမာအားဖြင့် စက်ဘီးအပေါက်ဖာသည်မှ မော်တော်ကားပြင်သည်အဆုံး၊ နာရီပြင်သည်မှ တယ်လီဗေးရှင်းပြင်သည်အဆုံး တဦးနှင့်တဦး ယုံကြည်မှုမရှိကြတော့ဘဲ ထိုင်စောင့်နေကြရသည်မှာ ကျနော်တို့လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုပေါင်းကူးတံတားများ ကျိုးကျနေသည့်သဘောကို ပြဆိုနေခြင်းပင်ဖြစ်သည်။

*****

ထိုသို့ လူတဦးနှင့်တဦးကြား၊ အဖွဲ့အစည်းတခုနှင့်တခုကြား၊ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံကြား ယုံကြည်မှုပေါင်းကူးတံတား ကျိုးကျနေလျှင် နှစ်ဘက်စလုံးက အပြန်အလှန် တည်ဆောက်မှ ရနိုင်ပေမည်။ နှစ်ဘက်စလုံးက တာဝန်ယူ ထိန်းသိမ်းမှ ထိုပေါင်းကူးတံတားသည် တည်မြဲနိုင်မည်ဖြစ်သည်။ ထိုယုံကြည်မှုပေါင်းကူးတံတားကို ရိုးသားဖြောင့်မတ်မှုနှင့် ကတိသစ္စာ တည်ကြည်မှုအပေါ်တွင် အခြေခံ တည်ဆောက်ကြရမည်ဖြစ်ပေသည်။ ထိုသို့သော ယုံကြည်မှုပေါင်းကူးတံတားဖြင့် ကူးလူးဆက်ဆံနေသော အပြန်အလှန် ယုံကြည်မှုရှိသည့် လူ့အဖွဲ့အစည်းသည် ပြဿနာများ ပြေလည်ကင်းရှင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်တွင် အစဉ်အမြဲ တည်ရှိနေမည်မှာ မလွဲမသွေပင်ဖြစ်သည်ဟု ယုံကြည်မိပါသည်။

မှတ်ချက် ။ ။ ဤ ‘တာဝန်ခံအယ်ဒီတာစကား’ ကို စာပေစိစစ်ရေးမှ ဖော်ပြခွင့်မပြုခဲ့ပါ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၈ ခုနှစ်)

2 comments:

thetlwin said...

အရမ်းကောင်းတဲ့စကားတွေပါဘဲဗျာ။တယောက်နဲ့တယောက်တဦးနဲ့တဦးတဖွဲ့နဲ့တဖွဲ့ယုံကြည်မူ့မရှိရင်တော့ရှေ့ဆက်ပြီး ဘာမှလုပ်လို့မရတော့ဘူးပေါ့ဗျာ။

DOK said...

ဒီစကားတွေကိုတော့ထောက်ခံပါတယ်ဒေါက်တာကြီး
သင့်မြတ်လှတဲ့အဆိုပြုချက်ပါပဲ
ဲငြိမ်းချမ်းရေးဖော်ဆောင်ရာမှာဦးစီးဦးဆောင်ပြုမယ့်သူများ
အတွက်အထူးလေးပေးဂရုပြုရမယ့်အချက်များဖြစ်ပါတယ်
ကျေးဇူးပါ