ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၆)
မုဒိတာလူ့အဖွဲ့အစည်း
ဒေါက်တာလွဏ်းဆွေ
ဗြဟ္မစိုရ်တရားလေးပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသည့် မြတ်သောအကျင့်တရား လေးပါးတွင် အပြောလွယ်ကူသလောက် လက်တွေ့ကျင့်ကြံရာ၌ အခက်ခဲဆုံးကား မုဒိတာတရားဟုပင် ထင်မိပေသည်။ မုဒိတာ၏ အဓိပ္ပာယ်မှာ “သူတပါး ကောင်းကျိုးချမ်းသာ ခံစားရသည့်အတွက် ၀မ်းမြောက်ခြင်း” ဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆို၏။ အမှန်တကယ်ပင် သူတပါး ကောင်းကျိုးချမ်းသာ ခံစားရသည့်အတွက် ကျနော်တို့၏ ရင်ထဲ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်နိုင်ပါ၏လော။ မေးခွန်းထုတ်စရာ ရှိနေပေသည်။
*****
နေ့တဓူဝ တွေ့ကြုံနေရသော လူမှုဆက်ဆံရေးနယ်ပယ်တွင် ကျနော်တို့သည် တရားနည်းလမ်းကျကျ ထူးချွန်အောင်မြင်သူများကို မုဒိတာအကြည့်နှင့် မကြည့်နိုင်ကြ၊ မုဒိတာစကား မုဒိတာလက်ခုပ်သြဘာသံများဖြင့် ဂုဏ်မပြုနိုင်ကြ၊ တရားနည်းလမ်းကျကျ ကြီးပွားချမ်းသာလာသူများကို မုဒိတာအပြုံးဖြင့် မကြိုဆိုနိုင်ကြ … စသည့် မြင်ကွင်းများကို မကြာခဏ မြင်တွေ့နေကြရပေသည်။
အနီးစပ်ဆုံး ပြဆိုရလျှင် ယနေ့ ထွက်ရှိနေသော စာနယ်ဇင်းအတော်များများတွင် တရားနည်းလမ်းကျကျ အောင်မြင်ကျော်ကြားလာသူ၊ အရှိန်အ၀ါရှိလာသူများအပေါ် မုဒိတာမပွားနိုင်သော အရေးအသားများကို ဥပမာပေး၍ မကုန်နိုင်လောက်အောင်ပင် စိတ်ညစ်ညူးဖွယ် တွေ့မြင် ဖတ်ရှုနေကြရပေသည်။
*****
တိုးတက်သော လူ့အဖွဲ့အစည်းတခု ဖြစ်ပေါ်ရန်မှာ ထိုလူ့အဖွဲ့အစည်းအတွင်း၌ ပါဝင်သူများ၏ တဦးချင်းစီ၌ တာဝန်ရှိပေသည်။ ထိုလူတဦးစီ၏ စိတ်ကူးဉာဏ်၊ တီထွင်ကြံဆမှုများဖြင့်ပင် ပိုမိုတိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်သည်။ သူတထူးအား မုဒိတာမပွားနိုင်သောသူသည် အတွေးသစ်၊ အမြင်သစ်၊ အကြံသစ်၊ ဉာဏ်သစ်များ မဖြစ်ပေါ်နိုင်ဘဲ မစ္ဆရိယ၀န်ထုပ်ဝန်ပိုးများ၊ စိုးရိမ်သောကများဖြင့် လေးလံဖိစီးကာ အမြင့်သို့ တက်လှမ်းနိုင်မည်မဟုတ်ပေ။ ထိုသို့ မုဒိတာမပွားနိုင်သောသူများက လူအများစုဖြစ်လာလျှင် ထိုလူ့အဖွဲ့အစည်းသည်လည်း …။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၈ ခုနှစ်)
No comments:
Post a Comment