နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စတင်
သတင်းနှင့် ဓာတ်ပုံ - Burma VJ Media Network (ဇန်န၀ါရီ ၈ ရက်၊ ၂၀၁၂)
ကျန်ရှိနေသေးတဲ့ မလွတ်မြောက်နိုင်သေးတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် အားလုံးစုပေါင်းပါဝင်တဲ့ လှုပ်ရှားမှုကို ဒီကနေ့ ဇန်န၀ါရီလ ၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ စတင်လိုက်ပါတယ်။ ကနဦးအနေနဲ့ တာမွေမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်ပေါင်း ၁၅ စု တို့ရဲ့ အိမ်တွေကို စိတ်ဓာတ်ရေးရာအရ သွားရောက် အားပေးကူညီမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က ပြောပါတယ်။ ဇန်န၀ါရီလ ၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက် ထုတ်ပြန်အပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိတဲ့အတွက် ကျန်နေသူများ လွတ်မြောက်ရေးအတွက် ယခုလို လှုပ်ရှားမှုတွေကို စတင်ခဲ့တာလို့ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားဟောင်းများက စတင်စေ့ဆော်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ၂၀၀၇ ဗကသကျောင်းသားများ၊ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW)၊ အလုပ်သမား လယ်သမားကွန်ရက်အဖွဲ့များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားမိသားစုများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ... စတဲ့ အဖွဲ့ပေါင်းစုံ ကွန်ရက်ပေါင်းစုံ အပါအ၀င် စိတ်ပါဝင်စားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပြီး ဒီကနေ့ သွားအားပေးတဲ့ လူဦးရေကတော့ ၃၀ လောက်ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသူ မမီမီလွင်ကတော့ အခုလှုပ်ရှားမှုကို ဧရာဝတီမြစ်ဆုံစီမံကိန်းလှုပ်ရှားမှုကဲ့သို့ပင် အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်များ၊ လူတန်းစားအားလုံး ပါဝင်တဲ့ တနိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုအဖြစ် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို အားပေးတဲ့ လှုပ်ရှားမှုအပြင် အခြားဝတ်ပြုဆုတောင်းပွဲများကို ကိုမင်းကိုနိုင်ပုံ ပါတဲ့ တီရှပ်များ ၀တ်ဆင်ကာ လုပ်ဆောင်သွားဖို့ ရှိကြောင်း ပြောပါတယ်။
အီတလီနိုင်ငံက လာရောက်လေ့လာတဲ့ လွှတ်တော်အမတ် မစ္စတာ ဂျိုးဆက်မလ်ပလီနဲ့လည်း မဟန်နီဦးရဲ့ အိမ်မှာ တွေ့ဆုံစဉ် ကိုမင်းကိုနိုင်ပုံပါတဲ့ တီရှပ်ကို လက်ဆောင်ပေးခဲ့တဲ့အတွက် မစ္စတာဂျိုးဆက်က အထူးကျေနပ်အားရ ကျေးဇူးတင်ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အီတလီနိုင်ငံမှာ ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ယခုကဲ့သို အလားတူလှုပ်ရှားမှုတွေကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ပြီး အဖမ်းဆီးမခံရမီ ၂၀၀၇ မှာ လုပ်ခဲ့ပါသေးတယ်။ အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှု (White Sunday Campaign)၊ ပြည်သူတို့ရဲ့ ရင်ဖွင့်သံ (Open Heart Campaign) ... စတာတွေဟာ ပြည်သူတွေကြားမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။
ဒီကနေ့ လှုပ်ရှားမှုကို အာဏာပိုင်တွေဘက်က တစုံတရာ နှောင့်ယှက်ခဲ့တာ မရှိပေမယ့် အချို့ နိုင်ငံရေးအကျဉ်းသား မိသားစုအိမ်တွေကိုတော့ ယူနီဖောင်းဝတ်နဲ့ ရဲများ၊ အခြားအရာရှိများက သွားရောက် မေးမြန်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
6 comments:
"နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စတင်" နေသည်ဆိုသူများထဲတွင် ဆံပင်ရှည်လို့  ဆံပင် ကြက်တောင်စည်းထားသူများ တွေ့နေရသည်။ တိုင်းပြည်ကို တိုးတက်အောင် ဦးဆောင် ပေးနိုင်မည့် သူများဟု မယုံကြည်။
ဦးကျော်သူလည်း မုတ်ဆိတ်ထားပြီး ဆံပင်လည်းစည်းထားပါတယ်၊ လူတစ်ယောက်ရဲ့ အပြင်ပန်းထက် သူ့ရဲ့လုပ်ရပ်ကိုကြည့်ပြီးဆုံးဖြတ်သင့်တယ်ထင်ပါတယ်
နိုင်ငံရေးလှုပ်ရှားတက်ကြွတဲ့ အဆိုပါအဖွဲ့အစည်းတွေအတွင်းမှာ လမ်းသရဲတွေ ဆေးသမားတွေပါမယ်လို့မထင်ပါဘူး။
Saw ဆိုတဲ့သူကမွေးရာပါရောဂါ(ဂဏန်း)တမျိုးကြောင့်ဆံပင်ရှည်တဲ့သူတွေကိုလိုက်ခံစားပြီးမနှစ်မြို့သလိုဖြစ်နေပုံရတယ်၊မြတ်ဗုဒ္ဓနဲ့၊ခရစ်တော်တို့လဲဆံပင်ရှည်မှန်းသိရင်သူဘာသာမဲ့ဖြစ်သွားမှာစိုးရိမ်ရတယ်၊ခင်ဗျားလိုသဘောထားပြည့်တဲ့သူတွေတိုင်းပြည်ထဲမယ်အတော်များများရှိနေရင်ဒုက္ခ
အဲဒီလို လမ်းသရဲလိုလို ဆေးသမားလိုလို ဘိုးတော်လိုလို ကောင်တွေ သုံးနေသမျှ ကာလပတ်လုံး ဘယ်လှုပ်ရှားမူမှ မအောင်မြင်ဘူးမှတ်။
I think is not depend on physical seem.Actually depend on intimate mind.
ဟီးဟီး..ဆံပင်ရှေတာတို့ ..မုတ်ဆိတ်မွေးရှည်တာတို့ နဲ့ နိုင်ငံရေးကိစ္စမရှင်းလင်းနိုင်လောက်အောင်ပေါချာချာအယူသီးသမားတွေရှိတဲ့ တိုင်းပြည်၊ ဆင်ဖြူ တိရစ္ဆန်ကိုရှိခိုးနေတဲ့ခေါင်းဆောင်တွေရှိနေတဲ့ ဒီတိုင်းပြည်ရှေ့တိုးနိုင်ပါအုံးတော့မလား...
Post a Comment