ခေတ်ကို ထမ်း၍ လွမ်းသည့် ကဗျာဆရာ
ဒေါက်တာလွဏ်းဆွေ
ကျနော်တို့မိသားစုကို ရင်းနှီးသူတချို့က ‘လွဏ်း’ ကုမ္ပဏီလီမိတက်ဟု အမှတ်တံဆိပ်ခတ်နှိပ်ကြသည်။ အဖေ့ နာမည်တွင် ပါသည့် ‘လွဏ်း’ က ကျနော်တို့ ညီအစ်ကို လေးယောက်စလုံး၏ နာမည်များအထိ အဆက်မပြတ် စီးဆင်းလာသောကြောင့် ကျီစယ်သည့်အနေနှင့် ထိုသို့ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ သို့သော် ထိုဏကြီးသတ် နှင့် ‘လွဏ်း’ ထားသည့် ကျနော်၏ နာမည်ကို အသံထွက်အမှန်၊ သတ်ပုံစာလုံးပေါင်း အမှန်အတိုင်း ခေါ်ပြော ရေးသားသူက လွန်စွာနည်းလှသည်။ အများအားဖြင့် ‘လွမ်း’ ဟုသာ အသံထွက်၍ ခေါ်ဝေါ်သူ များတတ်ပြီး အသံထွက်မှန်အောင် ခေါ်တတ်သူများကျတော့လည်း ကျနော်၏ နာမည်ကို ရေးသားကြသည့်အခါ ‘လွန်း’ ဟု နငယ်သတ်နှင့် သုံးနှုန်းသူက အများစုဖြစ်နေပြန်သည့်အတွက် ဘ၀တလျှောက် ကျနော်၏ နာမည်အမှန်၊ အ သံထွက်အမှန်ကို ပြောဆိုရေးသားခံရမှုနှင့် ပတ်သက်၍ စစ်တမ်းကောက်ကြည့်မည်ဆိုလျှင် စိတ်ကသိက အောက်ဖြစ်ရသည့် အကြိမ်အရေအတွက်က အများစုဖြစ်မည်ဟု ထင်မိပေသည်။
ထိုသို့ နာမည်ပါ ‘လွဏ်း’ နှင့်ပတ်သက်၍ မှားယွင်းစွာ ခေါ်ဝေါ်ရေးသားခံရသည့်အတွက် စိတ်မသက်မသာဖြစ် ရတတ်လွန်းသည့် ကျနော်သည် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် ‘လွမ်း’ နှင့် ‘လွန်း’ အသံထွက်စစ်စစ်ပါ ‘မောင်လွမ်းဏီ’ နှင့် ‘ကိုခင်လွန်း’ တည်းဟူသော အမည်နာမပိုင်ရှင်နှစ်ဦးကို လွတ်မြောက်နယ်မြေတွင် ရင်းနှီး ဆုံဆည်းခွင့်ရခဲ့လေသည်။ ကျနော် ‘လွဏ်း’ က ပြည်တွင်း၌ရှိစဉ် မြားနတ်မောင်ရသမဂ္ဂဇင်းကို တာဝန်ယူခဲ့ သည့် အယ်ဒီတာတဦးဖြစ်သလို အဆိုပါ ‘လွမ်း’ နှင့် ‘လွန်း’ တို့ကလည်း ပြည်တွင်း၌ရှိခဲ့ကြစဉ်ကတည်းက ‘မောင်လွမ်းဏီ (မင်းဘူး)’ နှင့် ‘ခင်လွန်း’ တည်းဟူသော ကလောင်နာမည်ကိုယ်စီကို ရသမဂ္ဂဇင်းစာမျက်နှာ များထက်၌ အခိုင်အမာ စိုက်ထူခဲ့ကြပြီးသူများဖြစ်၍ ‘လွမ်း၊ လွန်း၊ လွဏ်း’ ရသသမားသုံးဦး လွတ်မြောက်နယ် မြေ၌ အမှတ်မထင် ဆုံဆည်းခဲ့မှုအပေါ် ကျနော့်အနေနှင့် အံ့အားတသင့် ဖြစ်နေမိလေ၏။
ထိုကြုံတောင့်ကြုံခဲ ‘လွမ်း’ နှင့် ‘လွန်း’ နှစ်ဦးအနက် ‘လွန်း’ က ကျနော်နှင့် ပြည်တွင်းမှာကတည်းက ရင်းနှီးခင် မင်ခဲ့သူ။ ‘လွန်း’ က ကဗျာနှင့် ၀တ္ထု နှစ်မျိုးစလုံးကို ရေးသားလေ့ရှိသော်လည်း ကဗျာထက် ၀တ္ထု ပိုအရေးများ သူ ….။ ‘လွမ်း’ ကမူ ၀တ္ထုနှင့် ဆောင်းပါးထက် ကဗျာများကိုသာ အလျဉ်မပြတ် ရေးစပ်သီကုံးရင်း ‘ကဗျာဆ ရာ’ တည်းဟူသော ဂုဏ်ပုဒ်ကို တရှိုက်မက်မက် ပွေ့ဖက်ခံယူထားလေသူ။ ‘လွမ်း’ ကို ကျနော် ပြည်တွင်း၌ရှိ စဉ်က လူချင်း ဆုံတွေ့သိကျွမ်းဖူးခြင်းမရှိခဲ့၊ မဂ္ဂဇင်းစာမျက်နှာများနှင့် စစ်အုပ်စု၏ သတင်းစာရှင်းလင်းပွဲအချို့ ၌သာ သူ၏ ကလောင်နာမည်ကို ကျက်မိနေခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိသည့်အခါမှ ‘လွမ်း’ နှင့် ကျနော် လူချင်း ရေစက်ဆုံကြခြင်းဖြစ်သည်။
ယခုမူ ‘လွန်း’ က တတိယနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သဖြင့် လွတ်မြောက်နယ်မြေတွင် ‘လွမ်း’ နှင့် ‘လွဏ်း’ နှစ်ဦးသာ ကျန်ရစ်တော့သည်။ ကျန်ရစ်သည့် ‘လွမ်း’ နှင့် ‘လွဏ်း’ နှစ်ဦးတို့မှာ နေညိုချိန်ကို အလွမ်းပိုပိုနှင့် စောင့်ကြို ဖြတ်သန်းတတ်သူများပီပီ ‘လွန်း’ ရှိစဉ်ကတည်းကပင် ပို၍ အတွဲများခဲ့ကြသူများလည်းဖြစ်သည်။ ထိုသို့ ကျနော်နှင့် အတွဲများခဲ့သည့် ကျနော် တ ‘လွမ်း’ ထဲ ‘လွမ်း’ နေသော ကဗျာဆရာ မောင်လွမ်းဏီသည် နိုင်ငံရေးအကျဉ်းသား၊ လက်နက်ကိုင်တော်လှန်ရေးသမားနှင့် ကဗျာဆရာ တည်းဟူသော ဘ၀စာမျက်နှာသုံး ခုကို ကျင်လည်ဖြတ်သန်းခဲ့သူဖြစ်ပြီး ယခုအထိတိုင်လည်း သေနတ်တဘက်၊ ကလောင်တဘက် စွဲကိုင်ရင်း ဒီ မိုကရေစီရေးတိုက်ပွဲကို သစ္စာမပျက် ဆက်လက်ဆင်နွှဲနေသူဖြစ်သည်။ သို့သော် ဆရာလွမ်းနှင့် အတွဲများခဲ့ ခြင်း၏ အရင်းခံအကြောင်းတရားကို ပြန်လည်ဆန်းစစ်ကြည့်ရာတွင်မူ သူ၏ အခြားဘ၀စာမျက်နှာများထက် ကဗျာဆရာဘ၀စာမျက်နှာက အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို ကျနော် သတိပြုမိလေသည်။
* * * * * * *
ရသမဂ္ဂဇင်းတစ်စောင်အဖြစ် ‘မြားနတ်မောင်’ ကို ကျနော် စတင်ပုံဖော်ခဲ့ချိန် ၁၉၉၆ ခုနှစ် နိုဝင်ဘာလထုတ်မှစ ၍ လစဉ် ကဗျာ ၁၁ ပုဒ် ရွေးချယ်ဖော်ပြဖြစ်ခဲ့သည်။ ထိုသို့ ကဗျာ ၁၁ ပုဒ်ကို ရွေးချယ်ဖော်ပြခဲ့ရာတွင် ‘မြန်မာ့ ရနံ့ကဗျာ’ နှင့် ‘မြားနတ်မောင်ကဗျာ’ ဟူ၍ ကဏ္ဍနှစ်မျိုးခွဲကာ ဖော်ပြဖြစ်ခဲ့၏။ ‘မြန်မာ့ရနံ့ကဗျာ’ ကဏ္ဍတွင် အ စဉ်အလာ မြန်မာကဗျာစပ်ထုံးများနှင့်အညီ ရေးဖွဲ့စပ်ဆိုထားသော ခေတ်ပြိုင်ခံစားမှုကို ပေးစွမ်းနိုင်သည့် က ဗျာ ၂ ပုဒ်ကို လစဉ်တင်ဆက်ပေးပြီး ‘မြားနတ်မောင်ကဗျာ’ ကဏ္ဍတွင် အစဉ်အလာ မြန်မာကဗျာစပ်ထုံးများ နှင့်အညီ ရေးဖွဲ့ခြင်းမဟုတ်သည့် ကဗျာ ၉ ပုဒ်ကို လစဉ် တင်ဆက်ဖြစ်ခဲ့လေသည်။ ထိုမြားနတ်မောင်ကဗျာ ၉ ပုဒ်ကို ကဏ္ဍထပ်မခွဲဘဲ တပေါင်းတည်းတင်ဆက်ဖြစ်ခဲ့သော်ငြား ဖတ်ရှုရွေးချယ်သည့် ကျနော်၏ စိတ်ထဲတွင် မူ ကဗျာပုံသဏ္ဍာန်နှစ်မျိုးကို ထပ်မံပိုင်းခြား၍ ၃း၆ နှုန်းဖြင့် အချိုးကျ ရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ပထမတမျိုးဖြစ်သည့် လေးလုံးစပ်မှ ဖောက်ထွက်ရေးသားသော်လည်း ကာရန်ကို အပြီးတိုင်မစွန့်ဘဲ ရေးဖွဲ့စပ် ဆိုသည့် ကဗျာပုံသဏ္ဍာန် (၁၉၇၀ မိုးဝေကဗျာခေတ်ကာလမှ ၁၉၈၈ အရေးတော်ပုံမတိုင်မီ ကာလများအထိ အဖွဲ့အစပ်များသော ကဗျာပုံသဏ္ဍာန်၊ တချို့က ‘လွတ်လပ်ကဗျာ’ ဟုခေါ်) ကို လစဉ် ၃ ပုဒ် ဖော်ပြပြီး ကာရန် ကို အပြီးတိုင်စွန့်၍ ရေးဖွဲ့စပ်ဆိုသည့် မော်ဒန်ကဗျာပုံသဏ္ဍာန်များကို လစဉ် ၆ ပုဒ် ရွေးချယ်ဖော်ပြဖြစ်ခဲ့လေ သည်။
ကဗျာဏ္ဍကို ထိုသို့ စီစဉ်တင်ဆက်ဖြစ်ခဲ့ခြင်းတွင် ကျနော့်၌ ရည်ရွယ်ချက်ရှိပါသည်။ မြားနတ်မောင်သို့ ကဗျာ ဆရာအရွယ်မျိုးစုံ၏ ဖွဲ့စပ်ပုံမျိုးစုံဖြင့် ရောက်ရှိလာသော ကဗျာပုဒ်ရေမှာ လစဉ် ၁,၀၀၀ နှင့် ၁,၅၀၀ ကြားရှိ သည်။ မြားနတ်မောင်တွင် လစဉ် ဖော်ပြနိုင်သည့် ကဗျာအရေအတွက်မှာ ၁၁ ပုဒ်သာဖြစ်သည့်အတွက် ပေးပို့ သည့် ကဗျာတပုဒ်အတွက် ပါဝင်ခွင့်ရနိုင်သည့် အနေအထားက ရာခိုင်နှုန်းအားဖြင့် ၁ % မျှသာရှိသည်။ သို့နှင့် ကဗျာဆရာ အရွယ်မျိုးစုံ၏ ဖွဲ့စပ်ပုံမျိုးစုံပါဝင်သည့် ကဗျာကဏ္ဍဖြစ်အောင်၊ မြားနတ်မောင်မဂ္ဂဇင်း၏ ကဗျာ ကဏ္ဍတင်ဆက်မှုတွင် မည်သည့်ကဗျာဆရာမဆို ပါဝင်ရေးသားခွင့်ရအောင်၊ ကဗျာဖတ်ရှုခြင်းကို နှစ်သက် သော မည်သည့်စာဖတ်သူမဆို မြားနတ်မောင်ကဗျာကဏ္ဍကို စိတ်ဝင်စားမှုရှိအောင် ဆိုသည့် ရည်ရွယ်ချက် များဖြင့် ထိုသို့ စီစဉ်တင်ဆက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။
* * * * * * *
ယခုအခါ ကဗျာဆရာ မောင်လွမ်းဏီက တော်လှန်ရေးနယ်မြေအ တွင်း သူရေးဖြစ်ခဲ့သည့် ကဗျာများကို စုစည်းထုတ်ဝေမည်ဟု ရင်းနှီး သူ ကျနော့်ထံ အသိပေးလာ၍ ကဗျာဖတ်ရှုခံစားရသည်ကို ခုံမင်နှစ် ခြိုက်သည့် ကျနော့်မှာ အတိုင်းမသိ ၀မ်းမြောက်ပီတိဖြစ်ရလေ၏။ ပီ တိနှင့်အတူ သူ စီစဉ်ထားသည့် ကဗျာစာအုပ်မူကြမ်းကို မြည်းစမ်းခွင့် ရ၍ ဖတ်ရှုခံစားကြည့်မိ၏။ ဤမတိုင်ခင်ကလည်း ဆရာမောင်လွမ်း ဏီ၏ ကဗျာအချို့ကို လွတ်မြောက်နယ်မြေတွင် ထုတ်ဝေသည့် စာ စောင်များ၊ အင်တာနက်စာမျက်နှာများ၌ ကျနော် ဖတ်ရှုခံစားခဲ့ဖူးပြီး ဖြစ်လေသည်။
ကျနော့်အနေနှင့် ကဗျာတပုဒ်ကို ဖတ်ရှုခံစားရာတွင် ပုံသဏ္ဍာန်ထက် ဖွဲ့ဆိုထားသည့် အကြောင်းအရာထဲမှ ကဗျာဆရာ၏ ခေတ်ပြိုင်ခံစားမှု သို့မဟုတ် ပုဂ္ဂလိကခံစားမှုကို အဦးဆုံး ဖွေရှာမိ၏။ ထို့နောက် သူရေး စပ်သည့် အကြောင်းအရာအပေါ် ချဉ်းကပ်သည့် ကဗျာဆရာ၏ အ ဘိဓမ္မာကို ဆင်ခြင်သုံးသပ်၏။ ထို့နောက် ကဗျာ၏ အလှဓာတ်ကို ဖွဲ့တည်စေသော ကာရန်နဘေချိတ်ဆက်မှု အလှအပနှင့် ဝေါဟာရ၊ သင်္ကေတ၊ နိမိတ်ပုံ ဆန်းသစ်တီထွင်မှု အလှအပတို့ကို ရှာဖွေခံစား၏။ အကြောင်းအရာနှင့် အဘိဓမ္မာ ကျိုး ကြောင်းဆီလျော်မှုကို လက်ခံနိုင်ပြီး အလှဓာတ် (၀ါ) ကဗျာဓာတ် ညီညွတ်မျှတသည့် ကဗျာတပုဒ်ဟု ခံစား ရလျှင် ထိုကဗျာသည် ကျနော်၏ နှလုံးအိမ်၌ စွဲငြိနေလေတော့၏ (ခေတ်ပေါ်စကားနှင့်ဆိုရလျှင် ဟတ်ထိ သည်ပေါ့)။
မိုးဝေထွက် ကဗျာဆရာဖြစ်သော မောင်လွမ်းဏီ၏ ကဗျာများကို ဖတ်ရှုပြီးနောက် ကျနော့်အနေနှင့် အဦးဆုံး သတိထားမိသည့်အချက်ကို မကွယ်မ၀ှက် ပြောရမည်ဆိုလျှင် ပုံသဏ္ဍာန်ကိစ္စဖြစ်၏။ ကျနော်၏ အမြင်တွင် ဆရာမောင်လွမ်းဏီ ကဗျာဖွဲ့ဆိုသည့် ပုံသဏ္ဍာန်သည် မြားနတ်မောင်တွင် တလ ၃ ပုဒ်နှုန်း လျာထားဖော်ပြခဲ့ သည့် (လေးလုံးစပ်မှ ဖောက်ထွက်ရေးသားသော်လည်း ကာရန်ကို အပြီးတိုင်မစွန့်ဘဲ ရေးဖွဲ့စပ်ဆိုသည့်) လွတ်လပ်ကဗျာ ပုံသဏ္ဍာန်ဖြစ်သည်ကို သတိထားမိ၏။ တနည်းအားဖြင့် ကဗျာဆရာသည် ကာရန်ကို ချစ် မက်ဆဲ၊ ကာရန်ကို လက်နက်သဖွယ် အသုံးပြုဆဲဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်မည်ဖြစ်၏။ သို့ သော် သူ ကာရန်ကို အပြီးတိုင်မစွန့်ဘဲ ချစ်မက်ပုံက အိုဗာမဖြစ် ဆန်းသစ်လှပ၏။ အပိုအလိုမရှိ ကွက်တိဖြစ် တာများ၏။ ငြီးငွေ့စရာမကောင်းဘဲ ဖတ်သူ၏နှလုံးအိမ်ကို စွဲကိုင်လှုပ်ရမ်းနိုင်စွမ်းရှိ၏။ ထိုသို့ ကာရန်ကို လက် နက်အဖြစ် အသုံးချတတ်မှု၊ နိမိတ်ပုံ သင်္ကေတများကို အံဝင်ခွင်ကျဖြစ်အောင် ဖွဲ့စပ်နိုင်မှုက ပုံသဏ္ဍာန် ရိုးစင်း သော်လည်း သူ၏ ကဗျာများကို တွယ်ငြိစရာ ဖြစ်လာစေသည်ဟု ကျနော့်အနေနှင့် ထင်မြင်မိ၏။
ထို့အပြင် မောင်လွမ်းဏီသည် တော်လှန်ရေးခရီးကြမ်းကို နှစ်ရှည်လများဖြတ်သန်းခဲ့သည့် ကဗျာဆရာပီပီ စစ် အုပ်စု၏ ဖိနှိပ်ရက်စက်မှုကို ကွင်းကွင်းကွက်ကွက် ဖွဲ့ဆိုဆန့်ကျင်၏။ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ် မြောက်ရာလွတ်မြောက်ကြောင်း အကြံပြုစပ်ဆို၏။ တော်လှန်ရေးရဲဘော်တို့၏ စွန့်လွှတ် အနစ်နာခံ ပေးဆပ် မှုများကို ဆွေးဆွေးမြည့်မြည့် လွမ်းလွမ်းဆွတ်ဆွတ် ဖွဲ့ဆိုသီကုံး၏။ ပြည်တွင်းစစ်မီးတောက်ထဲ ၀ဲလည်နေ သည့် တိုင်းရင်းသားပြည်သူတို့၏ ဒုက္ခအ၀၀ကို စာနာရေးဖွဲ့၏။ လေးစားကြည်ညိုသူများကို ပူဇော်ကန်တော့ ၏။ စည်းစိမ်အာဏာ ယစ်မူးသူများကို ပြက်ရယ်ပြုသရော်၏။ ဖောက်ပြန်သူများကို ကဲ့ရဲ့ရှုတ်ချ၏။ ရွှေဝါ ရောင်တော်လှန်ရေးကို ဂုဏ်ပြုအမွှမ်းတင် စပ်ဆို၏။ နာဂစ်ဒဏ်သင့် ပြည်သူတွေအတွက် ရင်ကွဲပက်လက် ရေးဖွဲ့၏။ ထိုသို့သော ကဗျာဆရာမောင်လွမ်းဏီ ဖွဲ့ဆိုခဲ့သည့် အကြောင်းအရာများကို စေ့စေ့စပ်စပ် ဖတ်ရှု ကြည့်လျှင် သူ ဖြတ်သန်းခဲ့သော တော်လှန်ခေတ်၏ မြင်ကွင်းစုံကို ကဗျာဆရာနှင့် ထပ်တူနီးပါး ခံစားနိုင်မည် ဖြစ်သလို မောင်လွမ်းဏီ (သို့မဟုတ်) ခေတ်ကို ထမ်း၍ လွမ်းသည့် ကဗျာဆရာ၏ နိုင်ငံနှင့်ပြည်သူအပေါ် ထားရှိသော စိတ်စေတနာကိုလည်း ပြည့်ပြည့်၀၀ ကူးလူးခံစားနိုင်မည်ဟု ယုံကြည်မိပါသည်။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၄း၃၃ နာရီ
နိုဝင်ဘာ ၂၈၊ ၂၀၁၁
(မကြာမီ ထုတ်ဝေဖြန့်ချိမည့် ကဗျာဆရာ မောင်လွမ်းဏီ၏ “မန်းတောင်ရိပ်ငိုနှင့် ကဗျာနရီများ” ကဗျာစာအုပ်အတွက် ရေး ထားသည့် အမှာစာကို တင်ဆက်ခြင်းဖြစ်ပါသည်။)
2 comments:
Meaningless post !!! Hey guy, u dont write is better.
ကိုလွဏ်းအချင်းချင်းပဲ ဒီလိုလုပ်ပေးတာ ထူးဆန်းလား။ မကြိုက်ရင် မဖတ်နဲ့ သူငယ်ချင်း။
Post a Comment