Sunday, December 18, 2011

ဘရန်ဒီ မူးတဲ့ည

ဘရန်ဒီ မူးတဲ့ည
ယာမားရှီး

ဒီည မိုးတွေ ရွာလိုက်တာ တအားပဲ။ ပျင်းပျင်းရှိတာနဲ့ ရီဂျင်စီ (Regency) ဆိုတဲ့ ဘရန်ဒီတပြားနဲ့ ဇိမ်ယူနေတယ်။ လေကလေးအတိုက် မျက်စိတွေက မှေးလာတယ်။ အိမ်နားက ၀ယ်ထားတဲ့ ခွေးသားခြောက်အမြီးကလည်း ကောင်းလိုက်တာ။ ခွေးသားခြောက်လေးတကိုက်ကိုက် ဘရန်ဒီလေးတကြိုက် မော့လိုက်နဲ့ အိပ်ပျော်သွားတယ်။

*****

“ဆရာ ဆရာ”

နှိုးသံကြားတော့ မျက်လုံးဖွင့်ကြည့်တယ်။ လားလား နတ်မိမယ်လေးနှစ်ပါး ပါလား။ အဟဲ အမူးတောင် ပြေသွားတယ်။ တယောက်က မိုးဟေကိုနဲ့ ခပ်ဆင်ဆင်။ တယောက်က ၀တ်မှုန်ရွှေရည် အကြီးစား။

“ဘာကိစ္စတုန်း သမီးလေးတွေ”

ချိုချိုသာသာ မေးလိုက်တယ်။

“ဦးမင်းရဲက ခေါ်ခိုင်းလိုက်လို့ပါရှင်”

“ဦး သူ့ကို မသိပါလား”

“ဟိုရောက်ရင် သိမှာပါ အလုပ်အပ်မလို့ပါ”

“ဒါဆို လိုက်ရတာပေါ့”

ကျနော်က နာမည်ကြီး ဆောက်လုပ်ရေး ကန်ထရိုက်တာတဦး။ မချောနှစ်ယောက်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်။ ကားကြီးကလည်း ကောင်းလိုက်တာ။ ငြိမ့်နေရော။ မိုးဟေကိုက ကားမောင်းတယ်။ သူ့ဘေးမှာ ၀တ်မှုန်။ နောက်ခန်းမှာက ကျနော်။ မချောလေးတွေကို ရှုစားရင်း အိပ်ပျော်သွားပြန်ရော။

*****

နိုးလာတော့ ...

ဟင် ... ငါဘယ်ရောက်နေပါလိမ့်။ ဇာတ်ထဲက နတ်ဝတ်နတ်စားတွေ ၀တ်ထားပြီး လူဆိုးရုပ်ပေါက်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။

“မိုးဟေကို …”

“တော်စမ်း မရှိတော့ဘူး၊ ခင်ဗျား အခု ငရဲပြည်ရောက်နေတာ”

“ဗျာ ... ငါ့မှာ ဘာအပြစ်ရှိလို့်တုန်း”

ကြောက်လန့်တကြား မေးလိုက်မိတယ်။

“ရှိရှိ မရှိရှိ ယမမင်းကြီးနဲ့ တွေ့လိုက်ပါ”

တယောက်က ပြောတယ်။

*****

“အိမ်း မောင်မင်း ငရဲပြည် ရောက်နေပြီ”

“ဗျာ မသေသေးဘဲနဲ့”

“မောင်မင်းကို ခေါ်တာက အလုပ်အပ်မလို့ပါ”

“ဘာအလုပ်များပါလိမ့်”

ယမမင်းကတောင် ခေါ်အလုပ်အပ်တော့ ငရဲကျစရာမရှိတော့ဘူးဆိုပြီး စိတ်အေးသွားတယ်။

“အလုပ်အကြောင်း မပြောခင် ငရဲပြည်ကြီးကို လှည့်ပတ်ကြည့်ရှုလိုက်ပါဦး၊ ဗဟုသုတပေါ့”

ယမမင်းကြီးက ပြောတယ်။

*****

(၁) ခိုင်းနွား

ငရဲမင်းကြီးနဲ့ ငရဲပြည်ကြီးကို လှည့်ပတ်ကြည့်ရှုလိုက်တယ်။

“ဒါက ငရဲကြီး ပထမထပ်”

“ဘာငရဲလို့ ခေါ်ပါသလဲ ယမမင်းကြီး”

“အရင်ကြည့်လိုက်ဦး”

ယမမင်းကြီးပြောမှ သေသေချာချာ ကြည့်မိတယ်။ ငရဲသားတွေ ပြေးနေလိုက်ကြတာ။ သူတို့အနောက်မှာက ကြောက်စရာ ကောင်းလွန်းတဲ့ ငရဲထိန်းတွေ လက်နက်ပေါင်းစုံကိုင်လို့ လိုက်ပစ်နေကြရော။ ငရဲခွေးတွေကလည်း လိုက်နေကြတယ်။

“ဒိုင်းဒိုင်း ၀ုန်းဝုန်း ဒက်ဒက် ဒက်ဒက် ဒုန်းဒုန်း အုန်းအုန်း”

ငရဲသားတွေ ပက်ပက်စက်စက်ကို သေကြတယ်။ ရုပ်ပျက်ဆင်းပျက်ကို သေကြတယ်။ အော်ဟစ်ညဉ်းတွားသံတွေက နားထဲမှာ အူထွက်သွားတယ်။ ခွေးတွေကလည်း လဲနေတဲ့ကောင်တွေကို ၀ိုင်းဆွဲကြတယ်။ စုတ်ပြတ်သွားအောင် ကိုက်ခဲကြတယ်။ ဟော ...။ သေပြီးသားကောင်တွေ ပြန်ရှင်လာပြန်ရော။ ရှင်လာပြန်တော့ ငရဲထိန်းတွေက လိုက်ပစ်ကြပြန်ရော။ သွေးသံရဲရဲနဲ့ သေကြပြန်ရော။ သနားစရာ ကောင်းလှပါတယ်။

“ကံမကုန်မချင်းတော့ ခံပေါ့”

ယမမင်းကြီးက ပြောတယ်။

“ဘာအပြစ်များ လုပ်မိလို့တုန်း ငရဲမင်းကြီးရယ်”

မေးမိတယ်။

“ဒီလိုမြင်ကွင်း မောင်မင်း ဘယ်မှာမြင်ဖူးသတုန်း”

သူ ပြန်မေးတယ်။

“မြင်ဖူးသလိုတော့ရှိသားပဲ ဘုရား”

“အိမ်း အဲဒီ ငရဲသားတွေဟာ အရင်ဘ၀က လက်နက်မဲ့တဲ့ လူတွေကို မတရား သတ်ဖြတ်ထားတဲ့အတွက် ငရဲခံနေကြရတာ။ ကျုပ်လုပ်တာ မဟုတ်ဖူးနော်။ သူတို့ မကောင်းတဲ့ စိတ်ကံကြောင့် ခံနေရတာ။ ဒီကောင်တွေက နိုင်ငံတကာက ငရဲသားတွေပေါ့။ လူထုက လက်နက်မဲ့ တောင်းဆိုဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ကောင်တွေ အများကြီးပဲ။ အပြစ်ခံနေရတာ”

“ဘာငရဲလို့ နာမည်ပေးထားတာလဲ ယမမင်းကြီး”

“ခိုင်းနွားငရဲ။ အာဏာရှင်တိုင်းပြည်တွေမှာ ဒီအပြစ်ကျူးလွန်ကြတာ များတယ်။ အာဏာရှင်ခိုင်းလို့ လုပ်ရတာပါ။ နောက်မမိုက်တော့ပါလို့ အော်အော်နေကြတာ။ ဟိုဆက်ဒမ်တို့အဖွဲ့ဆို အသံကျယ်ဆုံး။ မောင်မင်း သံဝေဂယူနော်”

“မှန်ပါ့ဘုရား”

“ကဲ နောက်တထပ်။ ဓာတ်လှေကားနဲ့ ဆင်းကြရအောင်”

(၂) သစ်တော

ငရဲကြီးဒုတိယထပ် ရောက်ပြန်ပြီ။ ယမမင်းကြီးက ...

“ဒီငရဲကတော့ သစ်တောငရဲကွ”

ကြည့်လိုက်တော့ ငရဲထိန်းတွေက ငရဲသားတွေကို သစ်တုံးကြီးတွေကို လွှနဲ့ဖြတ်သလိုကို ဖြတ်နေကြတာ။ ငရဲသားတွေ သွေးစိမ်းရှင်ရှင်ထွက်ကာ အပိုင်းပိုင်း အတစ်တစ်ဖြစ်ကာ သေပွဲဝင်ကြတယ်။ နောက်ပြန်ရှင်လာကြပြန်ရော။ ငရဲထိန်းတွေက သစ်ပင်ခုတ်လှဲသလိုမျိုး လက်နက်ကြီးတွေနဲ့ ခုတ်လှဲပစ်တယ်။ နောက် အပိုင်းပိုင်း ခုတ်ထစ်ပြန်ရော။ နာကျင်စွာ အော်ဟစ်သံကြီးတွေ ပေါ်ထွက်လာတယ်။

သစ်တောတွေကို ခုတ်လှဲဖျက်ဆီးပြီး ကိုယ်ကျိုးမရှာတော့ပါဘူး။ ယမမင်းကြီးရေ။ သနားပါ။ တိုင်းပြည်တိုးတက်အောင် ၀င်ငွေရှာမိတာပါ။ ဆင်းရဲမွဲတေမှု ပပျောက်အောင်ပါဘုရား။ ကိုယ်ကျိုးနည်းနည်းလေးတော့ ပါတာပေါ့ဘုရား။ မိသားစုရှိလို့ပါ ဘုရား။ ပေါင်းစုံကို အော်နေကြရော။ ငရဲထိန်းတွေက ခပ်တည်တည်နဲ့ သစ်ပင်ကို အတုံးတုံး ဖြစ်သွားအောင် လုပ်သလိုမျိုး ခုတ်ထစ်နေကြတာ၊ လွှနဲ့ တဂျိဂျိ ဖြတ်ဆွဲနေကြတာ သွားတောင်ကျိန်းလာတယ်။ ဆက်မကြည့်ရဲတော့။ မြင်ဘူးတဲ့ သစ်သူဌေးကြီးတွေ ပါနေသလိုလို။ သြော် လူ့ဘ၀ ချမ်းသာတာ ခဏပါလား။ ငါ အဲဒီလောက် မမိုက်သေးလို့ တော်သေးတာပေါ့။ တွေးနေမိတယ်။ ကျောထဲတော့ တချမ်းချမ်း ...။

(၃) သန်းဥတုပ်

ဒုတိယအထပ်ပြီးတော့ တတိယအထပ် ရောက်ပြန်ရော။

“သန်းဥတုပ်ငရဲ” တဲ့ ယမမင်းကြီးက ပြောတယ်။

ပြေးနေလိုက်တာ။ ငရဲသားတွေ။ သူတို့နောက်ကိုတော့ သံတောင်ကြီးတွေက လိုက်နေရာ။ ဘယ်ပြေးပြေး မလွတ်။ အရပ်လေးမျက်နှာစလုံးမှာ သံတောင်ကြီးတွေက တလိမ့်လိမ့်နဲ့။ အိုး ... မီလာတဲ့အခါ ဖိပြားလိုက်တာများ။ ငရဲသားတွေမှာ သန်းဥတုတ်သလို သေကုန်ကြရော။ သေပြီးတော့ ပြန်ရှင်။ သံတောင်တွေက ဖိချေ။ ပြီးကို မပြီးတော့ဘူး။ လူတယောက်။ ကဒါဖီနဲ့ ဆင်တယ်။ မျက်နှာလေးထောင့်။ အရုပ်ဆိုးဆိုး။ အော်နေတာက စိတ်ဝင်စားစရာ။ နောက်ဆိုရင် လူတွေကို ဖိနှိပ်ပြီး မအုပ်ချုပ်တော့ပါဘူး။ နောင်တရပါပြီ။ သြော် ... သနားစရာကောင်းလိုက်တာ။ နောက်အော်သံတွေ ပျောက်သွားတယ်။ သံတောင်ကြီးတွေက ဖိချေလိုက်ပြန်ရော။ မင်းစည်းစိမ်ဆိုတာ သမုဒ္ဒရာအထက် ခဏပွက်တဲ့ ရေပွက်ပမာပါလားလို့ တွေးနေမိတယ်။

သန်းဥတုပ်ခံရပြီပေါ့ကွယ်။

(၄) မီး ၀ါး

လေးထပ်မြောက်။

အော်ဟစ်ငိုကြွေးသံတွေက အခုခေတ် ဆူညံဂီတအသံတွေထက် အဆပေါင်းများစွာ ကျယ်တယ်။ ငရဲသားတွေ အော်ဟစ် ငိုကြွေးနေကြတယ်။ မီိးတောက်တွေကလည်း ဟုန်းဟုန်းထနေတယ်။ သူတို့ကိုယ်ခန္ဓာတွေကို လောင်ကျွမ်းနေလိုက်တာ။ မျက်စိပေါက်၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက်၊ ဖင်ပေါက် ... စတဲ့ ဒွာရကိုးပေါက်အထဲ မီးလျှံတွေ အတင်းဝင်ပြီး လောင်ကျွမ်းနေရော။

“ဘယ်လိုလူတွေ ဒီငရဲရောက်လဲ ဘုရား”

ယမမင်းကြီးကို မေးလိုက်မိတယ်။

“သူများ မျက်ရည်ပေါက်ကြီးငယ်ကျအောင် လုပ်ခဲ့ကြတဲ့ကောင်တွေ ကျတဲ့ငရဲ။ သောက်မြင်ကပ်စရာ ကောင်းတယ်။ ဟိုကောင်တွေ အော်နေတာ နားထောင်ကြည့်စမ်း”

ကျနော် လစာမလောက်လို့ မှတ်ပုံတင်ထုတ်ပေးရမှာ ညစ်ထားမိတယ်။ သူများ မျက်ရည်ပေါက်ကြီးငယ် ကျစေမိတာ နောင်တရပါပြီဘုရား။ အား အား အား။ ပူလိုက်တာ။ အခုဆိုရင် လူ့ပြည်ကျန်ခဲ့တဲ့ ဘော်ဒါတွေ သွေးနှောနဲ့ပဲ လုပ်စားနေရပြီ။ ကျန်ဂွင်ပျောက်ပြီလို့ အော်နေကြတာ။ ကျနော်ထင်တယ်၊ ထိုင်းလ၀ကတွေ အများစုဖြစ်မယ်။ တော်တော်ဆိုးတဲ့ကောင်တွေ ခံရတာ နည်းသေး။

နောက် ငိုချင်းသည်တယောက်။ ကျနော်တို့က အီသီယိုပီးယားက အလွမ်းသမားလေးတွေပါ။ ပါမစ်ဗန်းပြ လုပ်စားလိုက်တာ ငါတို့တစုပဲ ချမ်းသာပြီး လူတွေ ငတ်ကုန်တာ နောင်တရပါပြီ။

ဗိုက်ဆာလွန်းလို့ အစာလေး နည်းနည်းကျွှေးပါလို့ ပါးစပ်ဟလိုက်တာနဲ့ မီးတောက်တွေက အတင်းတိုးဝင်သွားတယ်။ အစာအမှတ်နဲ့ ဟပ်လိုက်တော့။ အားပါးပါး ပူလိုက်တာ။ ရေရေပေးပါ။ ဒီလိုအော်လည်း ရေမရဘဲ မီးတောက်တွေက ပါးစပ်အထဲ ၀င်သွားပြန်ရော။ အောင်မြတ်လေး။ မီးကို စားနေရတဲ့ ဘ၀ပါလား။ သနားစရာ။

နောက်ငရဲသားတကောင် အော်နေတာက ...

နောက်စားရင်း မစစ်တော့ပါဘူး။ စစ်ရင်း မစားတော့ပါဘူး။ မီးတောက်မီးလျှံတွေက ပါးစပ်ပေါက်အထဲ ၀င်ရောက် လောင်ကျွမ်းနေတော့။ ဘရိတ်ဒန့်စ်ကသလို။ တီကောင် ဆားတွန့်သလို။ ကြည့်လို့ကိုမကောင်း။ ငိုနေရော။ ဆက်ငိုပေါ့လေ။
ဒီငရဲမှာ ငိုချင်းသည်တွေ များလှတယ်။ နောက်ထပ်မကြားချင်တော့။ စိတ်ညစ်လို့ ...။

“၀ါးငရဲပေါ့ ယမမင်းကြီး ဘုရား”

“ဟုတ်ပ”

“အခုတော့ မီးတွေ ၀ါးနေရတာ မြင်ပြီနော်။ မင်းလည်း သိပ်မ၀ါးနဲ့နော်”

“မ၀ါးရဲတော့ပါဘူး ဘုရား။ ကွမ်းယာတော့ ၀ါးခွင့်ပြုပါ ပါးစပ်နံလွန်းလို့ပါ”

“ဝေါ့”

ယမမင်းကြီး ကျနော့် အာပုတ်စော်မိပြီး အန်ချင်သွားပုံရတယ်။

“မြန်မြန်ဝါးစမ်းပါ”

အိတ်ကပ်အထဲက ကွမ်းယာထုတ်ပြီး ၀ါးလိုက်တယ်။

“ငါ့ တစ်ယာ ပေးစမ်း။ မြင်းဆေးတော့ မပါစေနဲ့နော်”

“မပါပါ ဘုရား”
(၅) မီးခိုး

ကွမ်းယာကိုယ်စီဝါးရင်း စက်လှေကားစီးကာ ငရဲကြီးငါးထပ်မြောက်ကို ရောက်ပြန်ရော။ မီးခိုးတွေနဲ့ ငရဲသားမဲမဲကြီးတွေကို တွေ့ပြန်တယ်။ အရုပ်အဆိုးဆုံး ငရဲသားတွေပဲ။ တခြားဘုံက ငရဲသားတွေ သူတို့ထက် ဖြောင့်တယ်။ ကယ်ကြပါ။ ကယ်ကြပါ။ သနားစဖွယ် အော်ဟစ်နေတဲ့ ငရဲသားတွေ။ အသက်ရှူလည်း ကျပ်နေကြတယ်။ မီးခိုးတွေက သူတို့တကိုယ်လုံးကို တိုးဝင်နေရော။ မီးခိုးဟပ်ပြီး မဲခြစ်တူးနေကြတယ်။

အော်သံတွေ ကြားနေရတယ်။

လူ့ဘ၀တုန်းက စက်ရုံကြီးတွေ၊ ရေနက်ဆိပ်ကမ်းကြီးတွေ၊ စက်မှုဇုန်ကြီးတွေ ဆောက်ပြီး စီးပွားရှာမိတာ နောင်တရပါပြီ။ ထိခိုက်တဲ့ လူတွေကိုလည်း လျော်ကြေးပေးပြီးပါပြီ။

“ဒီလောက်နဲ့ ရမလားကွ”

ယမမင်းကြီးက အမြင်ကပ်ကပ်နဲ့ ပြောလိုက်တယ်။ နှာခေါင်းရှည်ရှည် ငရဲသားတွေ ပိုများတယ်။

“မီခိုးငရဲပေါ့နော် ဘုရား”

“မောင်မင်း တော်လာပြီ”

“မှန်ပ။ သဘာ၀၀န်းကျင်ကို ဖျက်ဆီးပြီး စီးပွားရှာလိုစိတ် ပျောက်သွားပါပြီ ဘုရား”

“အိမ်း သာဓု သာဓု။ နှစ်ခွန်းပဲခေါ်မယ်”

(၆) ကြက်ကင်

သာဓုခေါ်ရင်း ခြောက်ထပ်မြောက်ဆီ ဆင်းကြပြန်တယ်။ ဒီငရဲမှာတော့ ငရဲသားတွေမှာ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ သံချောင်းကြီးတွေအထဲ မလှုပ်နိုင်အောင် ထိုးစိုက်ထားခံရပြီး တကိုယ်လုံး ကြက်ကင်လို မီးမြှိုက်ခံနေရတယ်။ မီးမြှိုက်ထားတယ်ဆိုတော့ တကိုယ်လုံး အရေခွံတွေ လန်ပြီး ရဲရဲကို နီနေရော။ သွေးတွေ တစိုစိုနဲ့။ အရည်တွေ တရွှဲရွှဲ။ ရွံစရာကြီး။

“ဘယ်လိုလူတွေ ခံရတဲ့ ငရဲလဲ ဘုရား။ အော်တောင်မအော်နိုင်ကြပါလား”

“ရှင်းပါတယ်ကွာ။ ဒီကောင်တွေဟာ လူ့ဘ၀တုန်းက အပြစ်မဲ့လူတွေကို မလှုပ်နိုင်၊ မအော်နိုင်အောင် ဖမ်းဆီးနှိပ်စက်ခဲ့ကြတဲ့ ကောင်တွေပေါ့။ ဂျူးလူမျိုးတွေကို သတ်ဖြတ်ခဲ့တဲ့ ဟစ်တလာတို့လိုကောင်တွေ ဒီငရဲမှာ ရှိတယ်”

ဆက်ပြောတယ်။

“လူတွေကိုများ ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းပြီး နှိပ်စက်ချင်တဲ့ကောင်တွေ။ ဒါတောင် မျိုးချစ်စိတ်တဲ့။ ထွီ ... ရွံစရာကောင်းလိုက်တာ။ မှတ်ထား မျိုးချစ်စိတ်ထက် လူချစ်စိတ်က ပိုအရေးကြီးတယ်ကွ။ သောက်ပေါ ဟစ်တလာ။ ခံရတာတောင် နည်းသေး။ သွားမယ်ကွာ။ လာမြန်မြန်။ အော်ဂလီဆန်လွန်းလို့။ ကြက်ကင်ငရဲတဲ့။ မှတ်”

(ရ) အဓမ္မ

ယမမင်းကြီးနောက် ခပ်ကုပ်ကုပ်လိုက်ရင်း သတ္တမမြောက်အထပ်ကို ရောက်သွားရော။ ပိုဆိုး။ ခြောက်ထပ်မြောက်ထက်သာတဲ့ ငရဲ။ သံတောင်ကြီးတတောင် မီးဟုန်းဟုန်းတောက်နေတယ်။ သံတောင်အောက်ခြေမှာတော့ သံတံကျင်တွေ စိုက်ထူထားတယ်။ ငရဲသားတွေကို ငရဲထိန်းတွေက သံတောင်ပေါ် ပစ္စည်းအထုပ်ထမ်းပြီး တက်ခိုင်းတယ်။ မတက်တဲ့ အကောင်တွေကို ရိုက်ပုတ်ကြိမ်းမောင်းတက်ခိုင်းတယ်။ သံတောင်ပေါ်လည်းရောက်ရော နာဂစ်ထက် အဆပေါင်းများစွာသာတဲ့ လေမုန်တိုင်းကြီးက တိုက်ချပစ်လိုက်တယ်။ ပြုတ်ကျလာကြရော။ တံကျင်ချွန်ချွန်အပေါ် ခြေကားယား လက်ကားယား ပြုတ်ကျ စူးကုန်ကြရော။ အား အား အား အော်နေကြရော။ နောက်မဆွဲတောပါ့ဘူးဆိုလား နောက်မဆဲတော့ပါဘူးဆိုလား ... စတဲ့ အသံတွေကို ကြားလိုက်မိသလို။

“ဘာငရဲလဲ ဘုရား”

“အဓမ္မ ငရဲပေါ့ကွ။ မင်းမြင်တယ်မဟုတ်လား။ အဓမ္မကို တောင်ပေါ် ရိုက်ပုတ်တင်နေတာ”

“နားလည်ပါပြီ ဘုရား”

“ကဲသွားစို့ အောက်ဆုံးအထပ်”

(၈) အ၀ီစိ

နာမည်အကြီးဆုံး အ၀ီစိတွင်း၊ အဲ ... အ၀ီစိငရဲ ရောက်ပေပြီ။ ဘာများ ထူးခြားပါလိမ့်။

ငရဲဘုံတခုလုံး မီးလျှံတွေ နေရာလွတ်ကို မရှိ။ တဆက်တည်း။ အပေါ်ဘုံတွေဆို မီးလွတ်တဲ့နေရာ ရှိသေးတယ်။ ငရဲတွေကလည်း တယောက်နဲ့တယောက် ထပ်နေရော။ ရေလောင်းအိမ်သာခေတ်ဆိုတော့ ချီးတွင်းအထဲကလောက်တွေ မြင်ဖူးသူ နည်းမယ်။ စိတ်ကူးနဲ့ မှန်းကြည့်လိုက်။ လောက်ကောင်တွေ ချီးတွင်းအထဲက ချီးတွေအကြား တိုးဝှေ့သွားနေသလိုမျိုး ငရဲသားတွေလည်း ပြည့်ကျပ်နေရော။ ဆင်းရဲဒုက္ခ ဘယ်လောက်များကြမလဲ။ စိထားတဲ့နေရာ ဖြစ်တယ်။ မီးတောက်တွေ၊ ငရဲသားတွေနဲ့ ဆင်းရဲမွဲတေမှုတွေ နေရာလွတ်မရှိ ဆက်နေတဲ့ ကြောက်စရာအကောင်းဆုံး ငရဲပါလားလို့ တွေးမိနေတယ်။ ဒါတောင် နေရာလုနေတဲ့ ငရဲကောင်တွေက ရှိသေး။ အပူသက်သာမလား ဆိုပြီး။ ဘယ်လို ငရဲသားတွေပါလိမ့်ဟု တွေးနေမိတယ်။

ယမမင်းကြီးက ...

“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ ငရဲထိန်းတွေ ငရဲသားတွေကို နှိပ်စက်ခြင်း ရှောင်လို့မရပါလား။ မနှိမ်စက်ချင်ပဲ နှိပ်စက်ရ ဆိုးလှပါတယ် ငါတို့ဘ၀။ သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ” ဟု မေတ္တာပို့ ဆုတောင်းနေတာကို ကျနော် ငေးကြည့်နေမိတယ်။

လူလိမ်အများစု ကျတဲ့ ငရဲလို့ ပြောတယ်။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ကောင်တွေလည်း ရှိနေကြတယ်။ ဘာသာရေးတောင်မချန် ဗန်းပြလုပ်စားနေတဲ့ ကောင်တွေကော ပါနေသလားလို့ တွေးနေမိတယ်။ နားကွဲမတတ် အော်ဟစ်ဆူညံအလှူခံ။ ရပ်ကွက်အထဲ တရားပွဲဗန်းပြ အသံချဲ့စက် အသံကုန်ဖွင့်နေတဲ့ကောင်တွေလည်း ရောက်နေမလားမသိ။ ဆင်ဖြူတော်မှီ ကြံစုပ်တဲ့ကောင်တွေ၊ စွယ်တော်ဗန်းပြ လုပ်စားတဲ့ကောင်တွေ ပါမှာသေချာတယ်။ ဒီမိုကရေစီဗန်းပြတွေကော။ အတုအယောင်တွေကော။ အင်း ... မစဉ်းစားချင်တော့။ ခံရသက်သာအောင် ကောင်းတာလေးတွေ ပြန်လုပ်ကြပေါ့။ ဆန္ဒပြုနေမိတယ်။

(၉) ကန်ထရိုက်

“အခု မောင်မင်းကို ခေါ်ရတာက … လူ့ပြည်မှာ ငရဲပြည်ဝင်ခွင့်ဗီဇာ ရထားတဲ့ကောင်တွေ များလာတော့ နောင်ငရဲသားတွေ ထားဖို့ ငရဲကြီးရှစ်ထပ်နဲ့ မလောက်နိုင်။ ဒါကြောင့် အထပ်ခိုးလေးတထပ် ကြိုတင်ဆောက်ချင်လို့ ဆောက်ပေးနိုင်မလား”

“ဗျာ”

“ကျနော် ပိုက်ဆံမရရင် နေပါစေ။ ဒီလောက်ပူလောင်တဲ့ နေရာမှာ ကန်ထရိုက်မယူချင်ဘူး။ မဆောက်ချင်ပါဘူး”

“မရဘူး”

“မဆောက်ဘူး”

ခါးခါးသီးသီးကို ငြင်းပစ်လိုက်တယ်။

“ဟေ့ ငရဲထိန်းတွေ လာစမ်း၊ ဒီကောင့်ကို ဖမ်းထားလိုက်”

နပန်းသမား The Undertaker (သုဘရာဇာ) နဲ့ Triple H (H သုံးလုံး) တို့ထက် ကြောက်ဖို့ကောင်းတဲ့ ငရဲထိန်းနှစ်ပါး ကျနော့်အနား လက်နက်ကြီးတွေနဲ့ ချဉ်းကပ်လာနေပြီ။ ငရဲခွေးကြီးတွေလည်း မာန်ဖီနေလိုက်တာ။ သူတို့ရဲ့ သွားတွေနဲ့သာ မိသွားရင်တော့ ...။ မစဉ်းစားရဲ။ ကျနော် ချာကနဲ လှည့်ထွက်ပြေးတယ်။

“ရပ်စမ်း၊ ပြောနေတာ မကြားဘူးလား”

ငရဲထိန်းအော်သံတွေ။

“၀ုတ်ဝုတ်ဝေါင်း၊ ဂီးဂီးဂဲ”

ငရဲခွေး အော်သံတွေ ကြားလိုက်တယ်။ ပြေးရင်း ပြေးရင်း တနေရာအရောက် တောင်အောက်ကို ပြုတ်ကျသွားပြီး အေးကနဲ ဖြစ်သွားတယ်။ ဟင် တံကျင်တွေ ရှိနေမှာလား။ အချောင်းနှစ်ချောင်း မြင်နေရသလို။ ရင်တထိတ်တိတ်နဲ့ ပြုတ်ကျလာတယ်။

*****

“ဘုန်း”

“အင့်”

ကျနော် ကုတင်ပေါ်မှ ပြုတ်ကျသွားခြင်းဖြစ်တယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျနော့်နံဘေး ဘရန်ဒီပုလင်းကွဲ။ ခွေးသားခြောက် အစအနလေးတွေ။ သုံးပြီးသား တူလေး။ မိုးဟေကိုလည်း မရှိ။ ၀တ်မှုန်လေးလည်း မရှိ။ ဦးမင်းရဲကိုလည်း မတွေ့။ မိတ်ဆွေကြီး ယမမင်းကြီးကတော့ ရှိနေမလား။ ဟိုဟိုဒီဒီ ကြည့်လိုက်တယ်။ မတွေ့။ ဒါအိမ်မက်ပဲ။ ငရဲပြည် တိုးချဲ့ဖို့ ကန်ထရိုက်လည်း မယူပါရစေနဲ့။ လူ့ပြည်မှာ ကောင်းကောင်းမွန်မွန် နေလိုက်ရင် ပြီးပြီလို့ တွေးနေမိတယ်။ ရောင်းရင်းတွေကို အိပ်မက်အကြောင်း ပြန်မျှရမယ်။

*****

မိုးကလည်း ရွာလို့ကောင်းတုန်း။ အချိန်တန်တော့ ရပ်သွားမှာပေါ့လေ။ ။

ယာမားရှီး
၉-၁၂-၂၀၁၁
(Reference: အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ)

2 comments:

Soe Thura Tun said...

ကောင်းတယ် ကိုလွမ်းဆွေနဲ့ ယာမားရှီးရေ။ ဒါပေမယ့် ကျွန်တော် အဆုံးသတ်နားကို မကြိုက်ဘူး။ မဆောက်ရင် မရဘူး ဆောက်ရမယ် လို့ပြောလိုက်တဲ့ ငရဲမင်းကြီး ပါ ငရဲအိုးထဲရောက်ရမှာ။ သူလည်း ခုန ထဲက တစ်ခုကို ကျူးလွန်လိုက်ပြီလေ။ ကျွန်တော်တို့လည်း ဒါမျိုး ခံနေရတာလဲ ပါတာပဲမဟုတ်ဘူးလား။

တံတားနီ said...

BRAVO,
&THANKS*