Tuesday, November 22, 2011

မျှော်သာ .. မျှော်သည် ... ပျော်ချင်ပြီ (ရင်တွင်းဖြစ် ခံစားချက်များ)

မျှော်သာ .. မျှော်သည် ... ပျော်ချင်ပြီ
(  ရင်  တွင်း  ဖြစ် ခံ  စား  ချက်  များ  )
စိန်သံလုံး

ခံစားချက် (၁) ။ ။ နိုင်ငံရေးအကျဉ်းသားဆိုတာ မတရား ဖမ်းဆီးချုပ်နှောင် ညှင်းပမ်းပြီး အပြစ်ပေး အရေးယူ ခံရသူတွေကို ခေါ်တာလို့ ပြောကြတယ်။ ထောင်ထဲမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်အောင် လုပ်ဆောင် တဲ့ ထောင်ပိုင်နှင့်တကွ ထောင်မှူးကြီး၊ ထောင်မှူးလေးတို့ရဲ့ အဓိက ပစ်မှတ်တွေလည်းဖြစ်တယ်။ တရားရုံး၊ အထူးရုံးတွေမှာကလည်း ဥပဒေဆိုင်ရာ ခိုင်မာမှု၊ အထောက်အထားခိုင်လုံမှု ရှိရှိ မရှိရှိ ဥပဒေမဲ့ အပြစ်ပေး အ ရေးယူခံရတာလည်း နိုင်ငံရေးသမားတွေပဲ။ မတရား သက်သေတွေနဲ့ မတရား စွပ်စွဲမှုတွေနဲ့ ဇွတ်အတင်း ထောင်ကျအောင် စာအိတ်ဥပဒေနဲ့ တချက်လွှတ် အမိန့်ချမှတ်ခြင်းခံရသူတွေဟာလည်း နိုင်ငံရေးအကျဉ်း သားများပါပဲ (လုပ်ရက်ကြပါပေ့)။

စာအိတ်ဥပဒေဆိုတာက စာအိတ်ထဲမှာ အငြှိုးအတေး ပြင်းထန်တဲ့အမိန်နဲ့ ဟိုတုန်းကတော့ ပြည်ထဲရေးဝန် ကြီးဆိုတဲ့ ဗိုလ်ချုပ်မောင်ဦးပေါ့၊ သူ့ရဲ့ မတရားလုပ်ခြင်းခံရတဲ့ လူတွေက အများကြီးရှိတယ်။ ခုထက်ထိ သာ ယာဝတီထောင်ထဲမှာရှိတဲ့ သင်္ကန်းကျွန်းမြို့နယ် စီးပွားရေးဘဏ်က စာရင်းကိုင် ကိုမြသိန်းကို ရက်ရက်စက် စက် ထောင်ဒဏ် နှစ်ငါးရာကျော် ချလိုက်တာ ဖျက်မရတဲ့ သက်သေပဲ။ အဲဒီ ကိုမြသိန်းနဲ့အတူ အမှုတွဲ ၂၀ ကျော်ပါတယ်။ အဲဒီလူတွေက ပတ်သက်ရာ ပတ်သက်ကြောင်းတွေဖြစ်လို့ ပြည်ထဲရေးဝန်ကြီးက ကာကွယ် ပေးခဲ့ပြီး အပက (၃) ဆိုတဲ့ ပုဒ်မနဲ့ အမှုပေါင်း ၅၀ ကျော်ကို တယောက်တည်းပဲ ကျခံစေခဲ့တယ်။ အဲဒီ အပက (၃) ဆိုတာ ၁၀ နှစ် ပြစ်ဒဏ်ဖြစ်လို့ ကိုမြသိန်းကို အမှု ၅၀ ကျော်နဲ့ ပြစ်ဒဏ်နှစ်ပေါင်း ၅၀၀ ကျော် ချလိုက် တာပဲ။ မြန်မာပြည်မှာတော့ လက်ရှိအကျဉ်းသားတွေထဲမှာ စံပြအကျဉ်းသားဖြစ်တယ်။ အများဆုံးထောင်ဒဏ် အချခံရတဲ့အထဲမှာတော့စံပြပဲ။ အဲဒီကိုမြသိန်းဟာ သင်္ကန်းကျွန်းဘဏ်မှာ ငွေကွာတာက ၇၉ သိန်း၊ အသိမ်းခံ ရတာ သူ့အိမ်ရောင်းလို့ရတဲ့ ငွေအကုန်လုံးပဲ၊ သိန်း ၃၀၀ ကျော်တယ်။ ကဲ ... စဉ်းစားကြည့်၊ မတရားမှုတွေက တကယ်မတရားကြတာ (လုပ်ရက်ကြပါပေ့)။ ဒါက ရာဇ၀တ်ပြစ်မှုနဲ့တင် မတရားလုပ်ထားတာတွေ ...၊ တခြား အများကြီးရှိသေးတယ်။ ရာဇ၀တ်မှုတွေကိုတောင် အဲသလို မတရားလုပ်တာ၊ နိုင်ငံရေးလုပ်လို့ သူတို့ကုလား ထိုင်ကို လာလှုပ်လို့ မညှာမတာ၊ သားသမီးချင်း၊ မိဘချင်း ကိုယ်ချင်းမစာ နှိပ်စက်ခံရတဲ့ နိုင်ငံရေးသမားတွေ ဆို လွတ်ငြိမ်းချမ်းသာခွင့်ရကြပါ့မလား၊ ဘယ်တော့များမှ ပြန်လွတ်ကြလေမလဲ၊ လွှတ်ကော လွှတ်မှာလား (မျှော်သာ ... မျှော်သည်)။

ခံစားချက် (၂) ။ ။ ၁၉၆၂ ခုနှစ်၊ မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ တလညစ ကွန်ဂရက်မှာ သဘာပတိ မိန့်ခွန်းပြောကြားခဲ့တဲ့ ၀ိဓူရသခင်ချစ်မောင်က “တော်လှန်ရေး ကောင်စီလက်ထက် မူမှန်မှန် ညီညွတ်ရေးလုပ်တဲ့အခါမှာ ပုဂ္ဂိုလ်ရေးအတွက်ဆိုရင် ရေအိုးစင်၊ ဖိနပ်ချွတ်မှာပဲ နေရ နေရ လုပ်ပါမယ်” လို့ ပြောခဲ့တဲ့အတွက် အငြင်းပွားခဲ့ကြတယ်။ ခုချိန်မှာ လက်ရှိအစိုးရနဲ့ လက်တွဲပါမယ် လို့ ပြောလာသူတွေ ရှိနေပါတယ်။ တိုင်းပြည်အတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အသံတွေ ကြားနေရပြီ။ အဲဒီလူတွေထဲမှာ ၀ိဓူရကြီးလို လွန်လွန်ကဲကဲ ပြောလာခဲ့မယ်ဆိုရင်တော့ ထောက်ခံရမှာလား၊ ကန့်ကွက်ရမှာ လား၊ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ ကဲ ... ကဲ ... ကဲ ဘာမှ မပြောတော့ပါဘူး။ ရှေ့စကား နောက်စ ကား ကြားကောင်းဖို့တော့ လိုတာပေါ့။ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့တော့ မျှော်လင့်ရတာပဲ (မျှော်သာ ... မျှော် သည်)။

ခံစားချက် (၃) ။ ။ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီး ရှိနေပါသေးတယ်။ တချို့ထောင်ပိုင်တွေဆို ပါးစပ်ဥပဒေတွေထုတ်ပြီး ထင်ရာလုပ်နေကြတာပါ၊ အဆိုးဆုံးကတော့ အကျဉ်းသား တွေ မ၀ရေစာ စားရတဲ့ အာဟာရမပြည့်ဝတဲ့ အစားအစာတွေကို ပါးစပ်ထဲက အတင်းနှိုက်ထုတ်နေသလို အ ကျဉ်းသားတဦးအတွက် သတ်မှတ်ထားတဲ့ မနက်/ည တနေ့စာ သတ်မှတ်ငွေ ၄၃၅ိ/၅၀ါး ထဲက ဖြတ်စားလျှပ် စားလုပ်နေတဲ့ ကိစ္စတွေပါပဲ။

အဲဒီ လူ့အခွင့်အရေးချိုးဖောက်နေမှုများနဲ့ ပတ်သက်လို့ လေးစားလိုက်နာမှု မရှိသေးဘူး။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိနေတုန်းပါပဲ။ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌအဖြစ် သဘောတူခဲ့ခြင်းမှာ နိုင်ငံရေးအရ ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်လို့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြဖို့ လိုနေပါသေး တယ်။ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ကလေးစစ်သား စုဆောင်းမှုနဲ့ အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေပါ တားဆီးပေးဖို့ အာဆီယံနိုင်ငံတွေက တောင်းဆိုသင့် ကြောင်း ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေဟာ လူသားတွေဖြစ်လို့ အသုံးချတဲ့ ဓားစာခံများ မဖြစ်သင့်ပါဘူးလို့လည်း မစ္စတာ ကင်တားနားက ထပ်ပြီးပြောသွားပါတယ်။ မစ္စတာ ကင်တားနားတောင် တော်တော်သိနေပြီဆိုတော့ စိန်အောင်မင်းရဲ့ ငိုချင်းလေးနဲ့ ပြောရရင်တော့ (ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်ဦး) လို့ပဲ ပြောရမှာပါ။

အမေရိကန် သမ္မတ အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတချို့ကို လွှတ်ခဲ့ပြီး အစိုးရ ဘက်က တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်နေပြီ၊ ဒါပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတုန်းပဲလို့ သြစတြေးလျလွှတ်တော်မှာ ၁၆-၁၁-၂၀၁၁ နေ့က ပြောသွားခဲ့တယ်။

အာဆီယံဥက္ကဌဖြစ်ရုံနဲ့ ပြည်သူအများ လိုလားမှုတွေ လုပ်ပေးပါ့မလား၊ အိုဘားမားနဲ့ ကင်တားနားတို့ ပြောနေ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆင်ခြင်ပါ့မလား၊ ဆင်ခြင်ပြုပြင်ရင် ကောင်းမှာပဲဆိုပြီး မျှော်လင့်ချင်ပါ ရဲ့ (မျှော်သာ ... မျှော်သည်)။

ခံစားချက် (၄) ။ ။ ခုချိန်မှာ တင်ရေး မတင်ရေး၊ ၀င်ရေး မ၀င်ရေး ကိစ္စတွေနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံမှာ လက်မ ခံနိုင်တဲ့ကိစ္စတွေ ရှိနေသေးတာကြောင့် အကွဲအပြဲတွေ ဖြစ်နေကြတယ်။ ကွဲတယ် ပြဲတယ်ဆိုတာ မြန်မာ့နိုင်ငံ ရေးမှာ ဟိုအရင်ထဲက ရှိခဲ့တယ်။ ဖဆပလ နှစ်ခြမ်းကွဲတယ်။ ဗကပ နှစ်ခြမ်းကွဲတယ်၊ အလံဖြူ-အလံနီဆိုပြီး ကွန်မြူနစ်သဘောထားတွေ ကွဲကြတယ်။ ခုလည်းပဲ NLD မှာ သဘောထားတွေ ကွဲကြပြန်ပြီ။ ကွဲတယ်ပြဲ တယ်ဆိုတာ ကောင်းတာမဟုတ်ဘူး။ လက်ရှိ အစိုးရမှာလည်း အပျော့အမာဆိုတာ ကွဲနေပြီတဲ့။ မာမာ ပျော့ ပျော့ (ဒေါင်းယောင်ဆောင်နေတဲ့ ကျီးဆိုတာ ပေါ်လွင်နေပြီ) သမ္မတက ရှေ့မှာဘာပြောပြော နောက်က ကြိုး ကိုင်နေတဲ့ သူကတော့ ရှိနေမြဲပဲ။ ဘယ်လိုပဲပြောပြော မျက်နှာပြောင်တိုက်နေတုန်းပဲ။

အခိုင်မာဆုံး သက်သေပြရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ခုတုံးလုပ် အသုံးချနေတဲ့ ကိစ္စတွေက သက်သေခံနေပါတယ်။ လွှတ်ဦးမယ်လို့ အနံ့ပေးပြီး နံမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းပေး လိုက်တဲ့သတင်း အခုရက်ပိုင်းအတွင်းမှာ ဖြစ်လာနေပြီ။ လွှတ်စေချင်တာကို မလွှတ်သေးတာတွေဟာ ဓားစာ ခံလုပ်နေတာပဲမဟုတ်လား။ ဘာတွေ ဘယ်လိုတောင်းဆိုဖို့ အကွက်ဆင်နေတာလဲ။ ပြည်သူအားလုံးကတော့ မျှော်နေကြတာ ပျော်ချင်ကြတာ။ မျှော်သာ ... မျှော်သည်၊ ပေါ်လာပါ့မလား။ ရှက်ကြစမ်းပါဗျာ။ ဒါနဲ့များ အာ ဆီယံဥက္ကဌ လုပ်ဦးမလို့တဲ့။ ပြောနေတာ ကြာပြီနော် ... ဒါပဲ။

စိန်သံလုံး

No comments: