တကယ်တော့ မိခင်ဆုံးပါးသွားတာ ကြေကွဲစရာထက်ပိုတာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ အသုဘကိုမှ လိုက်မပို့နိုင်တဲ့ ဘ၀ပေကိုး။ ဒါပေမယ့် ကျနော့်အနားမှာ ကျနော့်ညီလေးလို ချစ်နေရတဲ့ သီဟသက်ဇင် (ဘို ကလေး) ရှိနေတယ်။ သူ့မိဘနှစ်ပါးနဲ့ သူ့သားလေးဟာ သီဟသက်ဇင် ထောင်ထဲရောက်နေတုန်း နာဂစ်မုန် တိုင်းထဲမှာ ဆုံးပါးခဲ့ရတယ်။ သူ့လောက်တော့ ကျနော့်အဖြစ်က မဆိုးသေးပါဘူး။ ဖြေသိမ့်လို့ရပါတယ်။ ဒီ တော့ ကိုယ့်အမေ ကွယ်လွန်တာကို ကိုယ်ချင်းရယ်မှ မစာမနာ သီဟသက်ဇင်ရှေ့မှာ ၀မ်းနည်းပြနေသင့်ပါသ လား။ ကျနော်တို့ နိုင်ငံရေးအမှုနဲ့ ထောင်ကျခဲ့တဲ့ လူတိုင်းမှာ ဒီလိုဝေဒနာတွေ ဒီလိုဒဏ်ရာတွေ ပြည့်လို့ ...။
ကျနော့်အကိုကြီးကို မမွေးခင် မေမေဟာ ကိုယ်ဝန်ရှိကာစမှာ အိပ်မက်မက်သတဲ့။ ခြင်ထောင်ထဲမှာ မေမေ ထီးဆောင်းနေရတယ်ဆိုတဲ့ အိပ်မက်ပါ။ ဗေဒင်ဆရာတွေက ဘုန်းတန်ခိုးကြီးတဲ့ သားသမီး မွေးမယ်လို့ မိန့် တယ်ဆိုပဲ။ တကယ်တော့ ကျနော့်အကို တက္ကသိုလ်ပထမနှစ်မှာ အဖမ်းခံရလေတော့ မေမေဟာ နေပူကြီးထဲ မှာ ထီးတချောင်းနဲ့ ကိုကိုကြီးရှိရာ အင်းစိန်ထောင်ကို တပတ်တရက် မပျက်မကွက် သွားခဲ့ရရှာပါတော့တယ်။
ဖေဖေ မဆုံးခင်မှာ ကျနော့်ဆီ ထောင်ထဲကို စာတစောင်ရေးပို့ခဲ့ပါတယ်။ သူဟာ မေမေ့နောက်ကို လိုက်တော့ မယ့်အကြောင်း သားဖြစ်သူကို နှုတ်ဆက်တဲ့စာပါ။ ဒီအချိန်မှာ ကျနော့်ကို ထောင်ဝင်စာပိတ်ထားတာမို့ မိသား စုနဲ့ တွေ့ခွင့် လုံးဝမရခဲ့တော့ ဖေဖေ့ကို ကျနော် စကားပြောခွင့်မရခဲ့ဘူးဆိုပါတော့ဗျာ။
(Maung Thura ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
No comments:
Post a Comment